Latest News

Wednesday, September 5, 2018

ပြောင်းလဲရမယ့် အရာများစွာ

ပြောင်းလဲရမယ့် အရာများစွာ


ကျွန်တော်တို့ကိုယ်စီမှာ ပြောင်းလဲပြုပြင်ယူကြရမယ့်အရာများစွာ ရှိနေတတ်ကြပါတယ်။ ပြောင်းလဲတယ်ဆိုတဲ့နေရာမှာလည်း အမျိုးမျိုးရှိနေတတ်ပါတယ်။ ရုပ်ဝတ္ထုပိုင်းအရ ပြောင်းလဲတာနဲ့ စိတ်ပိုင်းဆိုင်ရာ အမူအကျင့်တွေပြောင်းလဲတာပါ။ ဒီလိုဆိုရင် ကျွန်တော်တို့ဘယ်အရာတွေကို ပြောင်းလဲကြရမှာလဲလို့ မေးစရာရှိလာနေပါပြီ။ မှန်ပါတယ်။ အမှန်ဆို ကျွန်တော်တို့နိုင်ငံရဲ့လူ့အဖွဲ့အစည်းအတွင်းမှာ ပြုပြင်ယူကြရဦးမယ့် အဓိကအချက်များစွာ ရှိနေခဲ့တဲ့အထဲက လူတစ်ဦးချင်းစီရဲ့အကျင့်သီလနဲ့ဆိုင်တဲ့ အချက်လေးတွေကို အဦးဆုံးပြော
ကြရအောင်ပါ။ ဒီအချက်တွေဟာ ဘာသာတရားအဆုံးအမနဲ့လည်း သွေဖည်လို့ ကျွန်တော်တို့တစ်ဦးချင်းအနေနဲ့လည်း မလိုက်နာမကျင့်ကြံနိုင်ကြသေးတာ တွေ့နေမြင်နေကြရပါတယ်။

ခေတ်စနစ်များပြောင်းခဲ့ပေမယ့် အကျင့်များလိုက်ပါမပြောင်းလဲခဲ့ကြ

အမှန်ဆိုရင် အခုခေတ်က လူ့ယဉ်ကျေးခေတ်၊ သိမ်မွေ့တဲ့ပညာခေတ်၊ အသိပညာခေတ် လူတစ်ဦးချင်းစီရဲ့ လွတ်လပ်တဲ့အခွင့်အရေးကို ရယူဆောင်ရွက်နေကြတဲ့ ခေတ်ကာလဖြစ်ပါတယ်။ ဒါပေမယ့်လည်း
ကျွန်တော်တို့နိုင်ငံရဲ့ နေရာအတော်များများနဲ့ လူအတော်များများဟာ ဟိုးကာလကအကျင့်တွေကို မပြင်နိုင်ကြသေးတာကို အရှိကိုအရှိအတိုင်း လက်ခံကြရမှာဖြစ်သလို ဒီလိုအမူအကျင့်လေးတွေကပဲ လူ့ဝန်းကျင်နဲ့အသိုင်းအဝိုင်းကို အနှောင့်အယှက်တစ်ခုလို ဖြစ်နေခဲ့တာ ကြာခဲ့ပါပြီ။ ဥပမာအားဖြင့် မြို့တစ်မြို့ဆိုရင်လည်းပြည်သူအများအပန်းဖြေဖို့ ပန်းခြံလေးတွေ၊ ရေကန်တွေ၊လမ်းလျှောက်စရာနေရာလေးတွေ ဦးစားပေးတည်ဆောက်လာပေးကြတဲ့အခါ အချို့မပြုပြင်ကြသေးတဲ့
လူတွေက ညညဆိုရင် ဒီပန်းခြံနဲ့ လမ်းလျှောက်စရာလမ်းလေးတွေ၊ ရေကန်တွေဘေးမှာ ဝိုင်းဖွဲ့စားသောက်ပြီးမစင်တွေစွန့်ခဲ့တာမျိုး၊ ပုလင်းခွံ၊ အစားအသောက်ဘူးခွံတွေ စွန့်ခဲ့တာမျိုးတွေ လုပ်ကြတာ ကျွန်တော်တို့ဝန်းကျင်မှာ တွေ့နေရဆဲပါ။

စည်ပင်ဥပဒေနှင့်ကင်းကွာ ပြဋ္ဌာန်းချက်များမလိုက်နာကြ

နောက် လူတိုင်းကိုယ်စီသိကြတဲ့ အနီးစပ်ဆုံးအကြောင်းအရာ တစ်ခုနှစ်ခုလောက်ကို ဆွေးနွေးရရင် အမှိုက်စွန့်တဲ့စနစ်လေးနဲ့ တိရစ္ဆာန်မွေးမြူကြတဲ့ကိစ္စလေးကိုပဲ နမူနာထားပြီး အကျဉ်းချုပ်ပြောရအောင်ပါ။ ပထမတစ်ခု၊ကျွန်တော်တို့ကိုယ်စီ နေ့စဉ်နေ့တိုင်း အိမ်တွေတိုင်းမှာ အမှိုက်တွေထွက်ကြတဲ့အခါ အမှန်ဆိုရင် ကိုယ်စီကိုယ်ငအစိုအခြောက်ခွဲ၊ အိတ်တွေကိုယ်စီနဲ့ ထုပ်ပိုးပြီး သတ်မှတ်တဲ့အမှိုက်ကန်မှာစွန့်၊ ဒါမှမဟုတ် အမှိုက်ကားလာရင် သွားထည့်ကြရမှာ။ ဒါပေမယ့် ကျွန်တော်တို့ကိုယ်စီက ဒီလိုမလုပ်ကြဘဲ အမှိုက်မှန်သမျှ အစိုအခြောက်
အမာ အကုန်ရောထည့်ပြီး ကားနဲ့ကြုံရင်ထည့်၊ မကြုံရင် ကြုံတဲ့နေရာမှာ ပစ်ထားခဲ့ကြတော့တာပါပဲ။ နောက်အိမ်မွေးတိရစ္ဆာန်လေးတွေကို ကိုယ့်အိမ်မှာမွေးမယ်ဆိုရင်လည်း အမှန်ဆို ရပ်ကွက်က ဆိုင်ရာတာဝန်ရှိသူတွေထံမှတ်ပုံတင်ရတယ်၊ သူ့ထံက ကူးစက်တတ်တဲ့ရောဂါ
ရှိ-မရှိ အစစ်ဆေးခံရတယ်၊ နောက်အမှတ်အသားပတ်လည်လုပ်ပြီး ခြံလေးနဲ့ စနစ်တကျမွေးကြရတာ။ဒါပေမယ့် အခုတော့ ဒီလိုမဟုတ်ကြပါဘူး။ အခုလထဲမှာဆိုရင်ပဲ ရန်ကုန်မြို့မှာ ခွေးကိုက်ခံရတာ လူပေါင်းအတော်များသလို အဲ့ဒီအထဲက ငါးဦးခန့်ဟာ ခွေးရူးရောဂါ ခံစားနေကြရတယ်လို့ဆိုသလို ယခင်သီတင်းပတ်ကပဲ လမ်းဘေးကခွေးလေခွေးလွင့်ငါးကောင် ကိုက်လို့လေးနှစ်အရွယ်သမီးငယ်တစ်ဦး သေဆုံးသွားရတာလည်း ကြားမိရပါသေးတယ်။ ဒါတွေဟာ အမှန်တော့ဒီတိရစ္ဆာန်တွေအပေါ် စနစ်တကျမမွေးမြူဘဲ ကြုံသလိုကျွေးမွေးခဲ့ကြတဲ့ အကျိုးဆက်တွေသာဖြစ်ပါတယ်။အမှန်ဆို ဒီကိစ္စတွေဟာ ပြည်သူတွေလိုက်နာဖို့အတွက်စည်ပင်ဥပဒေနဲ့ ရပ်ကျေးဥပဒေတွေမှာ အပြည့်အစုံပါပြဋ္ဌာန်းထားပြီးသားတွေပါ။ လိုက်နာကြပြီး စနစ်တကျ
နေထိုင်ကြဖို့ပဲ လိုနေတာပါ။

နောက်တစ်ချက်ကတော့ လမ်းဘေးနားမှာ နေထိုင်ကြတဲ့သူတွေအနေနဲ့ မိမိတို့အိမ်ရှေ့ပရဝဏ်ကို ကျော်လွန်ပြီး အဖီတွေဆွဲ၊ ရေမြောင်းကိုကျော်ခွပြီး ဆိုင်တွေ ဖွင့်လှစ်နေကြတာမျိုးပါ။ သူတို့တစ်တွေအနေနဲ့ ကိုယ်ကျိုး စီးပွားကိုသာကြည့်ပြီး အများပြည်သူတွေ သွားရေး လာရေးနဲ့ မြို့ရပ်ကွက်စည်ပင်သာယာရေးကို ထည့်မစဉ်းစားကြသလိုမျိုးတွေလည်း တွေ့နေကြရတာပါပဲ။

လူတစ်ဦးစောင့်ထိန်းလိုက်နာကြရမည့် ခိုးမှု၊ သတ်မှုအချက်များ

ဒါ့အပြင် လူတစ်ဦးချင်းကိုယ်စီ စောင့်ထိန်းလိုက်နာရမယ့် အကျင့်သီလနဲ့သက်ဆိုင်တဲ့ အခြေခံကိစ္စလေးတွေကိုလည်း ပြုပြင်ကြဖို့လိုနေတာ တွေ့နေရပါတယ်။ဒါတွေက ဘာတွေလဲဆိုတော့ ပထမ ခိုးယူတဲ့အလေ့အထတစ်ခုက စပြောကြရရင် ကျွန်တော်တို့အားလုံး
အသိပါပဲ။ ကျွန်တော်တို့ ပစ္စည်းလေးတစ်ခုကို အိမ်အပြင်မှာ မပြောနဲ့ ကိုယ့်ခြံဝင်းအတွင်းထဲမှာတောင် ညအချိန် လွတ်လွတ်လပ်လပ် စိတ်ချလက်ချ မထားရဲကြတဲ့ အခြေအနေပါ။ အနီးစပ်ဆုံးဥပမာနဲ့ပြောရရင် လမ်းဘေးမှာလှူဒါန်းထားတဲ့ သောက်ရေအိုးစင်ထဲက သောက်ရေ
ခွက်လေးတွေကိုတောင် ကြိုးနဲ့ချည်ထားရသလို လမ်းဘေးမှာ အမှိုက်ထည့်ဖို့ချထားပေးတဲ့ အမှိုက်ပုံးကိုတောင် သစ်သားအိမ်ထဲထည့်ပြီး အပေါက်ဖောက်လို့အပြင်က သော့နဲ့ခတ်ထားရတဲ့အထိ စိတ်မချရတဲ့အခြေအနေ ဖြစ်နေပါသေးတယ်။ နောက် ကိုယ်ပိုင်တဲ့စက်ဘီး
လေး၊ ဆိုင်ကယ်လေးတွေ နွားတွေ၊ ကျွဲတွေနဲ့ အဝတ်အစားတွေဆိုလည်း အလားတူပါပဲ။ အဒိန္နဒါနာဆိုတဲ့ခိုးယူခြင်းအမှုကို ဘာသာတရားအဆုံးအမကို မေ့လို့ကျွန်တော်တို့နိုင်ငံမှာ အတော်ပြုမူနေတတ်ကြတာဟာမပြင်နိုင်ကြတော့တဲ့ အကျင့်ဆိုးကြီးကို ဖြစ်လို့နေတာပါ။

နောက်တစ်ခုက သူများအသက်သတ်တဲ့ကိစ္စပါ။ ဒါကိုကျွန်တော်တို့ ဆက်ပြီးဆွေးနွေးပြောကြရမယ်ဆိုရင်ဒီပါဏာတိပါတာကံကိုလည်း ကျွန်တော်တို့ဘာသာတရားက မကျူးလွန်ဖို့ တားမြစ်ထားပါတယ်။

သူများနိုင်ငံတွေမှာ  တိရစ္ဆာန်တွေရဲ့ အသက်ကို ကာကွယ်ရေးအတွက် ဥပဒေတွေပြဋ္ဌာန်းထားသလိုကာကွယ်စောင့်ရှောက်တဲ့အဖွဲ့တွေ   ရှိတာဖြစ်တဲ့အတွက် မြို့ထဲမှာလည်း ကျေးငှက်သာရကာတွေ ပေါများလို့ ရိုင်းလှတဲ့ရှဥ့်လေးတွေတောင် လူနဲ့ယဉ်ပါးနေတာတွေ့ခဲ့ရဖူးပါတယ်။ နောက် ဒေါင်းတွေလည်း တွေ့ခဲ့ရသလို မြို့လယ်ကောင်မှာတောင် မျောက်အုပ်တွေ ဟိုဟိုဒီဒီ သွားလာနေကြတာ တွေ့ခဲ့ရပါတယ်။

ဒါပေမယ့်လည်း ကျွန်တော်တို့နိုင်ငံရဲ့ ပစ္စက္ခ အခြေအနေကို ကြည့်လိုက်ရင် ငှက်ကလေးတွေနဲ့ အခြားတိရစ္ဆာန်အတော်များများဟာ လူတွေနဲ့ တသီးတခြားလိုဖြစ်နေပါပြီ။ ဒီလိုဖြစ်အောင်လည်း ကျွန်တော်တို့နိုင်ငံထဲက လူအတော်များများဟာ ငှက်လေးတွေကစလို့
အခြားတောနေသတ္တဝါလေးတွေ တွေ့လိုက်တယ်ဆိုရင်ပဲ ပစ်လိုက် နှက်လိုက် လုပ်နေကြတာဖြစ်တဲ့အတွက် သူတို့လည်း ကျွန်တော်တို့နဲ့ အနီးဆုံးနေရာမှာရှိမနေခဲ့တော့ဘဲ လူတွေနဲ့ဝေးတဲ့နေရာတွေဆီမှာပဲ ကျေးငှက်သာရကာတွေကို တွေ့ကြရတော့ပါတယ်။ သူတို့ကိုတွေ့ချင်ရင် တိရစ္ဆာန်ရုံကိုပဲ သွားကြည့်နေကြရတဲ့အဖြစ်ကို ရောက်မှန်းမသိ ရောက်နေပါတော့တယ်။

မူးယစ်ဆေးဝါးသုံးစွဲမှုများ ရပ်တန့်ထိန်းချုပ်ကြစေချင်

နောက်ဆုံး ကျွန်တော်တို့မပြင်နိုင်ကြသေးတဲ့ အဆိုး ရွားဆုံးသံမှိုလို စွဲနေတဲ့အချက်တစ်ချက်ကတော့ သူရာမေရိယဆိုတဲ့  မူးယစ်သေရည်စာတွေကို  လူအများသောက်သုံး  သုံးစွဲနေကြတဲ့ကိစ္စပါ။ ဒီကနေ့ ကျွန်တော်တို့နိုင်ငံမှာ ဈေးအပေါဆုံးပစ္စည်းကိုပြပါဆိုရင် အရက်၊
ဘီယာ၊ ဆေးလိပ်နဲ့ နောက် ကွမ်းယာကို လက်ညှိုးထိုးပြရမှာပဲဖြစ်ပါတယ်။

မိမိအိမ်က ကလေးငယ်တစ်ဦးကို ငွေကျပ် ၁ဝဝ ပေးလိုက်ရင် ဒီကလေးအတွက် အာဟာရရှိတဲ့ မုန့်ဝယ်စားဖို့ ခက်ခဲပေမယ့်  လူကြီးတစ်ယောက်အတွက်ကတော့ဒီငွေ ၁ဝဝ နဲ့ ချက်အရက် (OP) နှစ်ပက်လောက်အပြင်ဆေးပြင်းလိပ်တစ်လိပ်၊ ကွမ်းစားဆေးများများထည့်
ထားတဲ့ ကွမ်းတစ်ယာလောက်တော့ ဝယ်လို့ရနေပါတယ်။ ဒါကို လူတစ်ယောက်အနေနဲ့ သုံးစွဲလိုက်ရင်ပဲအနည်းဆုံး မူးယစ်တဲ့အရသာကို သူရရှိစေပါတယ်။ဒီအချက်ကိုလည်း အစကနေ ပြန်လည်ပြုပြင်ယူကြဖို့အစိုးရသစ်ကာလအစပိုင်းမှာ ကွမ်းစားသုံးမှုလျှော့ချရေးနှင့် စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးမှုပပျောက်ရေးဆိုပြီး ဆောင်ရွက်နေခဲ့တာကိုလည်း သတိချပ်ပြီး ကြည့်မြင်ကြည့်ရင် မြင်နိုင်ကြမှာပါ။

အရက်၊ ဆေးလိပ်၊ ကွမ်းယာဆိုင်တွေဟာ ဒီကနေ့ကျွန်တော်တို့နိုင်ငံမှာ ဘယ်နေရာမဆို လက်ညှိုးထိုးမလွဲသလို ဘီယာဆိုင်တွေဆိုရင်လည်း မှိုလိုပေါက်နေတာအမှန်ပါပဲ။ အဆိုးဆုံးနဲ့ စိတ်အပူပန်ရဆုံးကိစ္စတွေကတော့ လူငယ်လေးတွေအတွက်ပဲ ဖြစ်ပါတယ်။ သူတို့ရဲ့
အချိန်အတော်များများကို ပေါများလွန်းတဲ့ လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ ကုန်ဆုံးသွားနေကြသလိုပဲ။ ဆိုင်တွေတိုင်းမှာ မနက်ည လူအုပ်ထူထူတွေတွေ့နေရစမြဲဖြစ်သလို တစ်လုံး နှစ်လုံး သုံးလုံးဆိုတာတွေကလည်း သူတို့ကို လွှမ်းမိုးထားဆဲပဲလို့ ထင်ရပါတယ်။   

ကျွန်တော်တို့ရဲ့ တစ်နေ့တစ်နေ့ ဒီအရက်၊ ဘီယာ၊ ဆေးလိပ်၊ ကွမ်းယာတွေအတွက် သုံးစွဲငွေကိုကြည့်လိုက်တဲ့အခါ အနည်းဆုံး ကျပ် ၅ဝဝ ကနေ ကျပ် ၅ဝဝဝ လောက်အထိကို ရှိနေကြတာပါ။ ကျွန်တော်တို့ ဒါတွေကို သုံးဆောင်ကြဖို့အတွက် တစ်နေ့တစ်နေ့ သုံးစွဲလိုက်
ကြတဲ့ ငွေကြေးဟာ တစ်လစာပေါင်းလိုက်ရင် သူတို့အိမ်က ကလေးငယ်တစ်ဦးရဲ့ လစဉ်ပညာသင်စရိတ်၊ အိမ်ရှင်မအတွက် မီးဖိုချောင်စရိတ်ကို ကာမိလောက်အောင်ရှိနေတာကို ဘယ်သူမှ ထည့်တွက်မိခဲ့ကြဟန်မတူပါဘူး။

လူ့အဖွဲ့အစည်းကောင်းစေဖို့ဝိုင်းဝန်းထိန်းကျောင်းစို့

အချုပ်အားဖြင့် ဆိုလိုရင်းကတော့ အပေါ်ကအချက်တွေဟာ ယနေ့ ကျွန်တော်တို့နိုင်ငံရဲ့ လူ့အဖွဲ့အစည်းတွေထဲမှာ အမှန်အတိုင်းတွေ့နေကြရတဲ့ ကိစ္စတွေပါ။ဒီအချက်တွေ မမှန်ပါဘူးလို့ ဘယ်သူမှမငြင်းနိုင်သလိုပြင်ဆင်ကြဖို့၊ ပြောင်းလဲကြဖို့ပဲ လိုနေတာပါ။ ဒီအတွက်
ဒီနေ့ခေတ်အခါ အချိန်ကာလနဲ့လိုက်လျောညီထွေဖြစ်အောင် ကျွန်တော်တို့တစ်တွေအနေနဲ့လည်း ကိုယ်စီကိုယ်စီ ပြောင်းလဲချိန်တန်ပြီဆိုတဲ့အကြောင်း စိတ်ကောင်းစေတနာဖြင့် တိုက်တွန်းရေးသားတင်ပြလိုက်ရပါတယ်။   

သန်းဖြိုးနိုင် (ကညင်ကျိုး)

No comments:

Post a Comment