Latest News

Wednesday, August 29, 2018

ရန်ကုန်ဘူတာကြီးမှ မြန်မာ့အနုပညာလက်ရာများ ဆက်လက်ထိန်းသိမ်းစေချင်

ရန်ကုန်ဘူတာကြီးမှ မြန်မာ့အနုပညာလက်ရာများ ဆက်လက်ထိန်းသိမ်းစေချင်

ရန်ကုန်မြို့၏  မြို့ပြအမွေအနှစ်စာရင်းဝင်  ပထမရန်ကုန်ဘူတာ ကြီးကို ၁၈၇၇ ခုနှစ်က စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

သို့သော် ယနေ့တွေ့မြင်နေရသော   မြန်မာမှုလက်ရာ ပြာသာဒ်များဖြင့် ပြန်လည်ပြုပြင်တည်ဆောက်ခြင်းကို မြန်မာမှု ပညာရှင် ဆရာကြီး ဦးလှသွင်က ဒီဇိုင်းထုတ်ရေးဆွဲခဲ့ပြီး  မြန်မာ အင်ဂျင်နီယာ ဆရာကြီး ဦးတင်က ပြန်လည်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်ဟု  သိရသည်။  တည်ဆောက်ချိန်လေးနှစ်ကျော်         ကြာမြင့်ခဲ့သည်ဟု ဆိုသည်။ ၁၉၅၄ ခုနှစ် ဇွန် ၅ ရက်တွင်ဖွင့်လှစ်ခဲ့ သည်ဟု သိရသည်။ ယနေ့ဆိုပါက စတင်တည်ဆောက်ခဲ့သည့် ခုနှစ်မှ တွက်ချင့်သော်နှစ်ပေါင်း ၁၄ဝ ကျော်ခဲ့ပြီဟု ဆိုရမည် ဖြစ်သည်။

နိုင်ငံတကာအဆင့်မီဘူတာကြီးဖြစ်ရေး
ရန်ကုန်ဘူတာကြီးဧရိယာအတွင်း  ဘက်စုံစီမံကိန်းကြီး စတင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများက ယနေ့စီစဉ်နေပြီ ဖြစ်သည်။ ရန်ကုန်မြို့ကြီး ခေတ်မီဖွံ့ဖြိုးလှပစေရေးတွင် နိုင်ငံ တကာအဆင့်မီ ဘူတာကြီးဖြစ်စေရေးမှာလည်း စီမံကိန်းတွင် ပါဝင်သည်။
အကျယ်အဝန်း ၆၃  ဒသမ ၅ ဧက မြေတွင် မြန်မာ၊ တရုတ်၊ စင်ကာပူ စသည့်နိုင်ငံကုမ္ပဏီများက လာရောက်ရင်းနှီးမြှုပ်နှံ ဆောက်လုပ်သွားကြမည်ဖြစ်သည်။ ဟိုတယ်များ၊ အထပ်မြင့် အိမ်ရာများ၊ ဈေးဝယ်စင်တာကြီးများအပြင်   သစ်လွင်လှပ ခေတ်မီသော ဘူတာကြီးလည်း ပါဝင်မည်ဟုသိရသည်။
တည်ဆောက်ပြီးပါက  မြန်မာမှုလက်ရာနှင့်  ခေတ်မီဆန်း သစ်သောလက်ရာနှစ်ခုကို   တူယှဉ်ကာအမြင်ဆန်းပြားစွာ တွေ့မြင်ရမည်ဟု မျှော်မှန်းမိသည်။

အဓိကပြောလိုသည်မှာ နောက်ပေါ်ထွက်လာမည့် လှပမှု၊ ဆန်းသစ်မှု၊ ခေတ်မီမှုများသည် မည်မျှပင်သာလွန်နေပါစေ၊ မြန်မာမှုလက်ရာအမွေအနှစ်များဖြင့် တည်ရှိနေသော ဘူတာ ကြီးကို မည်သည့်အချိန်ကြည့်ကြည့်''ရိုးသွားသည်''၊ ''အကြည့် မခံ'' ဟု  မဖြစ်ရလေအောင်  တာဝန်ရှိသူများက  ထိန်းသိမ်း စောင့်ရှောက်ရန် အထူးလိုအပ်လာတော့မည်ဖြစ်ပေသည်။
ပြီးခဲ့သော  အပတ်က  ဘူတာကြီးရှေ့ အောင်ဆန်းကွင်း ကားဂိတ်တွင်  ပါဆယ်ပစ္စည်းမရောက်သေးသည့်အတွက်         အချိန်အတော်ကြာကြာ ထိုင်စောင့်ခဲ့ရသည်။ မိမိမျက်စိရှေ့ဝယ် ရန်ကုန်ဘူတာကြီး၏ အဆောက်အအုံကြီးကို ခံ့ညားထည်ဝါစွာ တွေ့မြင်နေရသည်။

မြန်မာတို့၏ ယဉ်ကျေးမှုလက်ရာ
မြန်မာဒီဇိုင်းပညာရှင်နှင့် မြန်မာအင်ဂျင်နီယာနှစ်ဦးတို့ ပူးပေါင်းတည်ဆောက်ခဲ့သော ရန်ကုန်ဘူတာကြီးမှာ ယနေ့တိုင် တောင့်တင်းခိုင်မာစွာ၊ ခံ့ထည်စွာ၊ ကျက်သရေရှိစွာဖြင့် တည် ရှိနေတုန်းပင်ဖြစ်သည်။ အဆောင်မုခ်ဦးများကို အင်္ဂတေပန်း (ပန်းတော့ပညာ)ဖြင့် အနုစိတ်ပြုလုပ်ထားသည်မှာ မြန်မာတို့၏ ယဉ်ကျေးမှုအနုလက်ရာအဆင့်အတန်းမြင့်မားမှုကို ထင်လင်း စေခဲ့သော ပြယုဂ်ဖြစ်သည်။

ဘုံခုနစ်ဆင့်ရှိပြီး  ရွှေရေးဆေးဖြင့်  ခြယ်မှုန်းထားမှုမှာ နေခြည်တွင် ရွှေရည်ဝင်းလျက် တစ်ခေတ်တစ်ခါက မြန်မာတို့၏ ထီးနန်းစုလစ်မွမ်းချွန်များကို ပြန်ပြောင်းမြင်ယောင်စေခဲ့သည်။
ဘူတာကြီးရှေ့မှ ဖြတ်သွားဖြတ်လာ နိုင်ငံခြားသားများကို ဖမ်းစားနိုင်ခဲ့ပြီး မြန်မာတို့၏ယဉ်ကျေးမှုအဆင့်ကို အသိအမှတ် ပြုစေခဲ့သည်မှာ အမှန်ပင်ဖြစ်ပေသည်။
မြန်မာတို့၏ ယဉ်ကျေးမှုအနုလက်ရာကို ဖော်òန်းသော ရန်ကုန်ဘူတာကြီးတည်ဆောက်ပြီးနောက် ၁၉၈၉ ခုနှစ်တွင် ဘူတာကြီးရှေ့ မျက်နှာစာ ပန်းခြံငယ်အတွင်း၌ လုလင်ပျိုတစ်ဦး က လုံမငယ်တစ်ဦးကို ဖလားဖြင့် ရေလောင်းနေဟန်လူတစ်ရပ် မက မြင့်သောကြေးရုပ်တုကို သွန်းလုပ်တည်ထားခဲ့သည်။ မြန်မာ တို့၏ ၁၂ လရာသီပွဲတော်မှ  တန်ခူးလသင်္ကြန်၏  ပုံရိပ်တစ်ခု ဖြစ်သည်။
အနုပညာလက်ရာက အဆင့်မြင့်သည်နှင့်အမျှ ကြည့်နေသူ အား ညှို့ယူအားက ကောင်းခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ထိုင် နေရာမှထကာ တစ်ဖက်လမ်းကိုကျော်၍ ရုပ်တုရှိရာသို့ ရောက် ခဲ့ရသည်။

သွန်းလုပ်သူ၏ ပညာဉာဏ်စိတ်ကူး
တစ်ခါတစ်ရံ ကားပေါ်မှသာ ဖြတ်သွားဖြတ်လာသွားခဲ့ခြင်း ဖြစ်၍ အနုစိတ်မမြင်မိသော်လည်း ယနေ့အနားရောက်သည့်အခါ မြင်တွေ့ရသော လက်ရာကား သွန်းလုပ်သူဆရာ၏ ပညာÓဏ်၊ စိတ်ကူးစိတ်သန်းကို အသေးစိတ်မြင်တွေ့ခဲ့ရသည်။ ရုပ်တု၏အချိုးအစားနှင့် ဟန်မှာ ကြည့်ရင်းကြည့်ရင်းကပင် အသက်ဝင် လာသယောင်၊ လှုပ်ရှားလာသယောင် စိတ်မှာထင်လာမိခဲ့သည်။
လုံမငယ်၏ ကိုယ်ဟန်နွဲ့ နွဲ့ဖြင့်  ရေလောင်းခံနေပုံမှာ မြင် တွေ့ရသူ ပုရိသတို့၏ နှလုံးသားကို ဆွဲကိုင်လှုပ်နိုင်သောအသွင်ကို အထင်းသား ပေါ်လွင်စေခဲ့သည်။ ရင်ကိုချီ၊ ခါးကိုနွဲ့၊ တင်ကိုပစ်၍ ရေစိုအဝတ်တို့က ကိုယ်တွင်ကပ်လျက် တစ်သားတည်းဖြစ်နေပုံ ကို သွန်းထုထားသည်မှာ လက်ရာကောင်းတစ်ခုဖြစ်ခဲ့သည်။
တစ်ဖန် ဖလားဖြင့်ရေလောင်းနေသော  လုလင်ပျို၏လက်ကိုမြှောက်၍ ခြေထောက်တစ်ဖက်ကို နောက်ကိုဆုတ်ကာ အားယူရေလောင်းနေဟန်မှာလည်း သွန်းထုသူပန်းပုဆရာ၏အယူအဆနှင့် ပညာကို ဖော်òန်းနေပေသည်။
ထို့ထက် လုလင်ငယ်၊ လုံမငယ်နှစ်ဦး၏ရေစိုနေသော အင်္ကျီ၊ လုံချည်၊ အတွန့်အလိပ်တို့က အနုစိတ်ဆန်လွန်းလှသည်။ ကြည့်ရင်းကြည့်ရင်းမှပင် ကြေးသွန်းပညာရှင်ကို သိချင်လာခဲ့ သည်။
ရုပ်တုအောက်ခြေ    ကျောက်ဆောင်တစ်နေရာတွင် မှတ်တမ်းတင်ကြေးပြားတစ်ချပ်ကို တွေ့ရသည်။ ဆေးများက ပျက်သည့်နေရာပျက်နေသည်။ မပီဝိုးတဝါးစာလုံးများကို အားယူ၍ အကြိမ်ကြိမ်အခါခါဖတ်ရှုရသည်။ အချို့စာလုံးများကို ဆက်စပ်ဖတ်ယူရသည်။ ''ကြေးသွန်းပညာရှင် ပန်းပုဆရာကြီး ဦးဟန်တင်၊ စတင်ထုလုပ်သည့်နေ့စွဲ ၁-၉-၈၉ ၊ ရုပ်တုပြီးသည့်နေ့ ၄-၃-၉ဝ ဟု ရေးထိုးထားမှုကို အားစိုက်ကြည့်၍ မြင်တွေ့ခဲ့ရ သော်လည်း ကြေးပိဿာချိန်ဖော်ပြထားမှုမှာ လုံးဝဖတ်ရှု၍ မရခဲ့ပေ။
ရုပ်တုအောက်ကျောက်ဆောင်အခြေတွင် ရေများတည်ရှိ နေစေရန်အတွက် အုတ်ပေါင်အမြင့်ဖြင့် ကာရံထားပြီး အုတ်ပေါင် အပေါ်ပတ်လည်တွင် သံဆန်ခါများကို တပ်ဆင်ကာရံထားသည်။ ကန်အတွင်း ရေပန်းများအတွက် ပိုက်လုံးများကို ချိတ်ဆက် ထားသည်။

တန်ဖိုးရှိပစ္စည်း တန်ဖိုးမသိစွန့်ပစ်ခံရ
သို့သော် ကန်ပတ်ဝန်းကျင်ဥယျာဉ်အတွင်း ရှည်လျားသော မြက်များနှင့်အတူ ကန်ကိုကာရံထားသော သံဆန်ခါများ၏ ယိုယွင်းပျက်စီးလာမှု၊ ကန်အတွင်းဆက်သွယ်ထားသော ရေပိုက် များ သံချေးတက်လာမှုတို့က အလွန်တရာတန်ဖိုးရှိသော ပစ္စည်း တစ်ခုကို တန်ဖိုးမသိဘဲ အမှိုက်ပုံတွင် အလွယ်တကူစွန့်ပစ်ထား ခံရသော အခြေအနေတစ်ရပ်အဖြစ် မြင်တွေ့ခဲ့ရသည်မှာ လွန်စွာ နှမြောမိခဲ့သည်။
ဆိုကောင်းဆိုပါမည်...၊ မကြာမီစီမံကိန်းကြီးအကောင် အထည်ဖော်တော့မည်ဖြစ်သည့်အတွက် ယခုကဲ့သို့ထားရှိခြင်း သာဖြစ်ကြောင်း ဆိုလျှင်ဆိုပါဦးမည်။  သို့သော်   ယခုကဲ့သို့ အနုပညာတန်ဖိုးကြီးသော မြန်မာ့ရိုးရာယဉ်ကျေးမှုကို ဖော်òန်း သော လက်ရာအမွေအနှစ်တစ်ခုကိုဖြင့်  ပြီးလွယ်၊ စီးလွယ်၊ လက်လွှတ်စပယ်မထားသင့်ပါဟု အကြံပြုပါရစေ။ သွန်းထုခဲ့ သော ဆရာကြီး ဦးဟန်တင်မှာလည်း ကွယ်လွန်ခဲ့ပြီဖြစ်သည်။ နောင်ဒါမျိုးလက်ရာများ ထွက်ပေါ်လာနိုင်ရန်မှာလည်း လွန်စွာ ခဲယဉ်းသွားပြီ ဖြစ်ပါသည်။

သို့အတွက် မြန်မာတို့အတွက် ဂုဏ်ယူစရာမြန်မာ့ယဉ်ကျေးမှု ကို ဖော်ညွှန်းသော ထိုကြေးသွန်းရုပ်တုကို တာဝန်ရှိသူတို့အနေ ဖြင့် တတ်စွမ်းသမျှ ထိန်းသိမ်းစောင့်ရှောက်သင့်ပါကြောင်း ယနေ့ရန်ကုန်မြို့မှ မြင်ကွင်းတစ်ရပ်အဖြစ် ဖော်ထုတ်တင်ပြလိုက် ရပါသည်။

တင်ဝင်းလေး(ကြည့်မြင်တိုင်)၊ ဓာတ်ပုံ-ဘော်ဂါသွေး

No comments:

Post a Comment