Latest News

Tuesday, April 24, 2018

ပေါ့ဆမိတဲ့ တဒင်္ဂ

ပေါ့ဆမိတဲ့ တဒင်္ဂ

ဒုက္ခရောက်တယ်၊ အခက်တွေ့တယ်ဆိုတဲ့ လူတွေကိုလေ့လာလိုက်ရင် ပေါ့ဆလွန်းတာတွေကို များသောအားဖြင့်တွေ့ရပါတယ်။ အနည်းငယ်သော ရာခိုင်နှုန်းကသာလျှင် စီစဉ်ထားရဲ့သားနဲ့ ကမောက်ကမဖြစ်လို့ ဒုက္ခတွေ့ရတာပါ။ ဒါကလည်း ဖြစ်တောင့်ဖြစ်ခဲပါ။ ဖြစ်ခဲပေမဲ့လည်း လူတိုင်းကြုံဖူးတာပါပဲ။ လောကမှာ ကိုယ်ဖန်တီးတိုင်းမဖြစ်တာတွေလည်း အများကြီးရှိတာကိုး။ သို့သော်လည်း မပေါ့ဆတဲ့အတွက်တော့ ခုသာခံသာဖြစ်တတ်ပါတယ်။ ပေါ့ဆသူတွေကတော့ အရှုံးကြီးနဲ့ အရှုံးသေးပဲကွာတယ် အမြဲအရှုံးကိုရင်ဆိုင်ကြရပါတယ်။

အစားမတော် တစ်လုတ်၊ အသွားမတော် တစ်လှမ်းဆိုတာတွေက သတိထားစရာ ပညာရှိစကားတွေပါ။ ရဟန်းတော်များအတွက်ဆိုရင် ဆွမ်းခံထွက်တာတောင်မှ ဘုရားရှင်က မသွားလာအပ်သောအိမ်များလို့ ပညတ်တော်မူခဲ့တာကိုး။ အထူးသဖြင့် အမျိုးသမီးတွေရှိတဲ့အိမ်တွေပါ။ ဒါကတော့ ၀ိနည်းအကြောင်းဆိုတော့ ဒီနေရာမှာ အကျယ်မပြောတော့ပါဘူး။ အခုပြောမှာကတော့ ယေဘုယျမှားတတ်သော ပေါ့တတ်သော လူတွေရဲ့အကျင့်တွေနဲ့ အကျိုးတွေပါပဲ။ တကယ်တော့ လူ့ဘ၀က သတိကြီးကြီးထားနိုင်ပါမှ တော်ကာကျတာပါ။ အစားအသောက်၊ အနေအထိုင်၊ အပြောအဆို၊ အချိန်အခါ၊ နေရာဒေသ စတဲ့ သတိထားစရာအချက်တွေ အများကြီးနဲ့ ၀န်းရံနေတာ လူ့ဘ၀၊ လူ့လောကပါပဲ။

မာယာများလွန်းတဲ့ လောကသဘာဝတွေက လူတွေကို အမှားဘက်ကိုသွေးဆောင်နေတတ်တယ်။ စိတ်အလိုမလိုက်မိအောင် သတိထားဖို့လိုသလို၊ ကာလံဒေသံ ချင့်ချိန်တတ်မှုလည်းအရေးကြီးပါတယ်။ အမြဲနိုးကြားနေခြင်း၊ ကိုယ့်ကိုယ်ကိုစောင့်ရှောက်တတ်ခြင်းတွေက ကိုယ့်ကိုကယ်တာပါ။ သတိတစ်ချက်လွတ်မယ်၊ တစ်ချက်ပေါ့ဆသွားမယ်ဆိုရင် ဘ၀ပျက်သွားနိုင်ပါတယ်။ ရှေးပညာရှိတွေရဲ့ ဆုံးမစကားတွေမှာလည်း အိမ်ထောင်ပြုခြင်း၊ ဘုရားတည်ခြင်း၊ ဆေးမင်ရည်ထိုးခြင်း ဆိုတဲ့ နောင်ပြန်ပြင်လို့ခက်ခဲတာတွေကို သတိပေးထားတာပါပဲ။ မပြုခင်က ကြိုတင်တွေးတတ်ဖို့၊ ပြင်ဆင်တတ်ဖို့၊ သတိထားဖို့ ဆုံးမထားတာပါ။ အလျင်စလိုလုပ်တတ်တဲ့ အကျင့်တွေက ဒီနေရာတွေမှာ မှားတတ်တာပေါ့။

အိမ်ထောင်ပြုတယ်ဆိုတာ နှစ်ယောက်ထဲပေါင်းတာမဟုတ်ဘူး။ ဟိုဘက်အသိုင်းအ၀ိုင်း၊ ဒီဘက်အသိုင်းအ၀ိုင်း နှစ်ခုပေါင်းတာ။ ဒါ့အပြင် စရိုက်မတူတဲ့ လူသားနှစ်ယောက်ပေါင်းတာ၊ ဓလေ့မတူတဲ့ အသိုင်းအ၀ိုင်း နှစ်ခုပေါင်းတယ်ဆိုတာ သတိထားတွေးရမှာမျိုးပါ။ အစကတော့ ဟုတ်သလိုလိုဆိုပေမဲ့ မတူတာဟာ မတူတာပါပဲ။ အမြဲညှိမယူနိုင်တာကလည်း အမှန်တရားတစ်ခုပဲ။ ဒါကြောင့်လည်း အိမ်ထောင်ရေးဆိုတာတွေမှာ သဘောထားကွဲလွဲတာတို့ စောစောစီးစီး ပြန်ပြိုကွဲတာတို့ အများကြီးကြားနေရတာပါ။ ဒါဘာကြောင့်လဲဆိုတော့ အစကတည်းက ဟိုဘက်ဒီဘက် သေသေချာချာ မလေ့လာပဲ ပေါ့ဆခဲ့ကြတာပါ။ စိတ်အလိုလိုက်ပြီး ယစ်မူးနေတုန်းကတော့ အတူတူကျော်ဖြတ်မယ်တို့ ဘာတို့ပေါ့လေ ပြောကြတာပဲ။ နောက်ကျတော့လည်း အကွဲအပြဲတွေပဲ ဖြစ်ကုန်ပြန်တာပါ။

ဘာလုပ်လုပ် လေ့လာသင့်တာလေ့လာပါ။ စဉ်းစားသင့်တာစဉ်းစားပါ။ ချင့်ချိန်သင့်တာ ချင့်ချိန်ပါ။ နောက်ဆုတ်သင့်ရင် နောက်ဆုတ်ပါ။ ဖြစ်လောက်ပါတယ်တို့၊ နောက်ကျအဆင်ပြေသွားမှာပါတို့ဆိုတာ ဖြေရှင်းနည်း သီအိုရီတွေမဟုတ်ဘူးလေ။ ထီးထိုးနေတာမဟုတ်တဲ့အတွက် ဆုံးရှုံးရင် ဘ၀နဲ့ချီတယ်နော်။ ဆင်ကန်းတောတိုးဇာတ်မျိုးကရင်တော့ ဆူးစူးမယ်၊ ချောက်ရှိရင် ချောက်ထဲကျမယ်၊ အသက်ဆုံးရှုံးမယ် ဒါတွေနဲ့ပဲ ဇာတ်သိမ်းဖို့သေချာသလောက်ပါ။ အလုပ်လုပ်ရင် အမြတ်ကြီးပဲတွက်လို့မရသလိုပေါ့။ အပျက်တို့၊ ပြင်ဆင်စရိတ်တို့၊ အပျောက်အရှတို့၊ အရှုံးတို့ဆိုတာတွေကို မဖြစ်မနေထည့်တွက်ရမယ်။ လူမှုဆက်ဆံရေးမှာလည်း ဒီအတိုင်းပဲ အမြဲဆက်ဆံရမယ်ထင်ထားတဲ့လူက စောစောဖောက်ပြန်သွားပြီး၊ ခဏလောက်ပါပဲလို့ သဘောထားတဲ့လူကလည်း ထာဝရလက်တွဲသွားရတဲ့ မိတ်ဆွေစစ်ဖြစ်သွားတတ်တာပါ။

ဒါကြောင့် လူမှုဆက်ဆံရေးမှာလည်း သတိအရမ်းအရေးကြီးပါတယ်။ ပေါ့ဆလိုက်လို့မရပါဘူး။ စည်းကမ်းတို့၊ စရိုက်တို့ဆိုတာ သိအောင်ကိုလုပ်ရမဲ့အရာပါ။ ကြုံသလိုပေါင်း၊ ကြုံသလိုရှင်းလို့မရဘူး။ တစ်ခြားကိစ္စရှုပ်တာက ရှင်းလို့ရချင်ရမယ်။ လူတစ်ယောက်ကို ပတ်သက်ရတာ အရမ်းတာဝန်ကြီးပါတယ်။ ယုံလို့မရဘူးလို့ ၀ါးလုံးရှည်နဲ့သိမ်းမရမ်းချင်ပေမဲ့လည်း ယုံလို့မရတာကလည်း များနေတာပဲလေ။ အပျော့၊ အချွဲ၊ အချိုဆိုတာ လူတိုင်းသည်းခြေကြိုက်ပဲ။ အငိုက်မိသွားတတ်တာများပါတယ်။ တစ်ချက်သတိလွတ်သွားတာနဲ့ ယုံသွားမိတတ်ပါတယ်။ လိမ်တယ်ဆိုတဲ့လူက ကိုယ်လိုလူပဲလေ။ နလပိန်းတုံး မဟုတ်ဘူး။ ကိုယ်မြင်တတ်သလို သူလည်းမြင်တတ်တယ်။ ဒါကြောင့် ဟာကွက်မရှိအောင် ပြင်ဆင်ထားတတ်တယ်။ ယုံကြည်မှုကိုရတဲ့နေ့ကျမှ ရက်ရက်စက်စက် သရုပ်မှန်ပြသွားတတ်တာ။

ယုံမိလို့ ပုံမိသူတွေ တစ်ပုံတစ်ပင်ထဲမှာ ကိုယ်တွေတောင် ပါခဲ့ဖူးမှာပါပဲ။ ကိုယ့်ကိုယ်ကို နပ်လှပြီထင်တဲ့ လူစားမျိုးတွေတောင် ခံလိုက်ကြရဖူးတာပဲ။ ကြိုတင်သတိထားခြင်း၊ ပါးနပ်စွာဆက်ဆံတတ်ခြင်း၊ ပါးနပ်စွာ ငြင်းတတ်ခြင်းတွေလိုအပ်ပါတယ်။ ပညာရှိတွေရဲ့ ဆုံးမစကားတစ်ခုကို ပြောပြချင်ပါတယ်။ ငြင်းတတ်ပါစေ၊ ငြင်းပါတဲ့။ တစ်ဘက်လူရဲ့ တောင်းဆိုမှုတိုင်းကို လိုက်လျောဖို့မလိုပါဘူး။ ဥပမာ အိမ်အလည်ခေါ်ခြင်း၊ ထမင်းဖိတ်ကျွေးခြင်းစတာတွေပေါ့။ ချည်ပြီးတုပ်ပြီး ခံလိုက်ရတတ်တယ်။ အမြဲမဆိုလိုသော်လည်း ခံလိုက်ရတဲ့လူတိုင်းဟာ အဲဒီလိုအားနာလို့ လိုက်လျောလိုက်တာကနေ ဘ၀ပျက်တာချည်းပါပဲ။ သတိဆိုတာ ပိုသည်မရှိဘူးလေ။ အချိန်အခါကိုကြည့်၊ အခြေအနေကိုကြည့်။ ကိုယ့်ဘက်မှာ ကာဗာယူလို့ရတဲ့အနေအထားနဲ့ တွေ့၊ ပြော၊ ဆက်ဆံ။ အဲဒီလို ပါးနပ်စွာ ကြိုတင်ပြင်ဆင်မှုနဲ့ လူမှုဆက်ဆံရေးကို သတိထားကိုင်တွယ်ရပါတယ်။

မှာချင်တာကတော့ လူယုတ်မာမှာ ချိုမပါဘူးဆိုတာပါပဲ။ နည်းနည်းပေါ့ဆသွားရင် ခံရဖို့အလားအလာရှိနေပြီပေါ့။ တစ်ဘက်လူက လူသူတော်ကောင်းဖြစ်ပါမှ သက်သာမှာ။ အားမနာသင့်တာ အားမနာပါနဲ့။ မိတ်ဆွေစစ်ဆိုရင် ကိုယ်မလိုက်လျောနိုင်လည်း နားလည်ပေးမှာပါ။ အတုဆိုရင် သူ့ခွင်မ၀င်လို့ စိတ်ဆိုးပါလိမ့်မယ်။ ကိုယ့်သဘာဝကို ကိုယ့်သဘာဝအတိုင်း နားလည်လက်ခံပေးသူကတော့ မိတ်ဆွေကောင်းဖြစ်လာနိုင်ပါတယ်။

လူတိုင်းကို သံသယမထားစေချင်ပေမဲ့၊ သံသယမ၀င်မိတဲ့လူကပဲ လိမ်တတ်၊ ရက်စက်တတ်တယ်ဆိုတာကို သတိမူကြပြီး အန္တရာယ်ကင်း၊ အမှားကင်းသောဘ၀တွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

အားလုံးအေးချမ်းကြပါစေ။
အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော်
၂၄-၄-၂၀၁၈ (ည ၈း၁၃ နာရီ) တွင် ရေးပြီးသည်။

No comments:

Post a Comment