ဖန်တီးမှု အနုပညာများစွာ ရှိသည့်အနက် ရုပ်ရှင်သည် ကျွန်တော်နှစ်သက် စွဲလမ်းရ သည့် အရာတစ်ခုဖြစ်၏။ ကလေးဘဝ၊ လူငယ်ဘဝ ၊ ကျောင်းသား ဘဝ တစ်လျှောက် လုံးတွင် ကျွန်တော်နှင့် အမြဲမကွဲမကွာ ရှိနေသည်က ရုပ်ရှင်ကြည့်ခြင်းအလေ့အထ။
မိဘတွေက ဝန်ထမ်းများဖြစ်သည်မို့ ပြောင်းသည့်နေရာလိုက်ပါရင်း ထိုဒေသများ ရှိ ရုပ်ရှင်ရုံများသည် ကျွန်တော် ကြိမ်ဖန် များစွာရောက် ရှိတတ်သော ဒုတိယအိမ်များ သဖွယ် ဖြစ်ခဲ့ပါသည်။ ကျွန်တော်တို့ ရုပ်ရှင်ဘယ်လောက်ကြိုက်သလဲ၊ ရုပ်ရှင် ဘယ် လောက်ကြည့်သလဲဟု မေးလျှင် ယခုတိုင် သက်ရှိထင်ရှားရှိနေသေးသည့် ကျွန်တော်တို့အဖေ ပြုံးမိလိမ့်မည်။
ကားလဲတိုင်းကြည့်သည်၊ ကားကလည်း အပတ်စဉ်နီးပါး လဲသည်။ စာမေးပွဲများ ဖြေသည့် ကာလများ (ထိုစဉ်က ပထမအစမ်း၊ ဒုတိယအစမ်း၊ အတန်းတင်စာမေးပွဲ ဟူ၍ သုံးကြိမ် ခွဲခြားဖြေဆိုရသည့်ကာလ)တွင် စာကျက်ရန်မလိုသည့် သင်္ချာဖြေမည့် နေ့များဆိုပါက ထိုနေ့မတိုင်မီ ညများကို အဖေက ရုပ်ရှင်ပေးကြည့်သည်အထိ ကျွန်တော် တို့ ရုပ်ရှင်ဝါသနာက ကြီးလှသည်။
ကျွန်တော်တင်ပဲလားဆိုတော့ မဟုတ်ပါ။ ယခုအသက် ၄ဝ ကျော်၊ ၅ဝကျော်တန်း ရောက်နေသည့် လူလတ်တန်း၊ အသက် ၆ဝ တန်း ရောက်နေသည့် လူကြီးတန်း အများစုသည်လည်း ဤနည်းနှင်နှင် ရုပ်ရှင်ကို နှစ်ခြိုက်ကြသူများ။
ထို့ကြောင့်လည်း ရုပ်ရှင်အပါအဝင် စာပေ၊ ဂီတ၊ သဘင် စသည့် အနုပညာ များ သည် လူ့အဖွဲ့အစည်းတိုင်းကို လွှမ်းမိုးမှု၊ သြဇာ သက်ရောက်မှု ကြီးမားသော ပညာ ရပ်များအဖြစ် အသိအမှတ်ပြုနေကြရခြင်းဖြစ်မည်ဟု ထင်မြင် မိပါသည်။
▄ ယနေ့မြန်မာ့ရုပ်ရှင် ▄
ကျွန်တော်တို့ လူလတ်တန်းအရွယ်ရောက်ချိန်မှာတော့ ရုပ်ရှင်ကားများ ထွက် ရှိမှု နည်းသွားတာ မှတ်မှတ်ထင်ထင် သတိထားမိပါသည်။ အဓိကပြဿနာဖြစ်သည့် ဖလင်ရှားပါးလာမှုနှင့်အတူ ရုပ်ရှင် ရိုက်ကူး ထုတ်လုပ်မှုများ နည်းပါးလာခဲ့သည်။ သို့သော် ရုပ်ရှင်ထက် စရိတ် သက်သာ သည့် ဗီဒီယိုကားထုတ်လုပ်မှုများဖြင့် ယင်းပြဿနာကို ဖြေရှင်းနိုင် ခဲ့သည်ဟု ဆိုရပါမည်။
တချို့ကလည်း တင်းကျပ်လွန်းသော ဆင်ဆာစနစ်ကြောင့်ဟု မြင်ကြသည်။ ဤ အချက်သည် တစ်ချက်အပါအဝင် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အဓိကအချက် တော့မဟုတ်ဟု ကျွန်တော် ထင်သည်။
အဘယ်ကြောင့်ဆိုသော် ဆင်ဆာစနစ်မှာ အင်္ဂလိပ်တို့ အုပ်ချုပ်စဉ် ၁၉၄၅ - ၁၉၄၆ ခုနှစ် များကပင် ရုပ်ရှင်စစ်ဆေးရေးဆင်ဆာ အဖွဲ့ကို စတင် ဖွဲ့စည်း ခဲ့ရာမှ အစပြု၍ ၁၉၅၄ ခုနှစ် ပါလီမန်ဒီမိုကရေစီအစိုးရ လက် ထက်တွင် Burma Board of Censors ၊ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အစိုးရ လက်ထက်တွင် ရုပ်ရှင်ဥပဒေ၊ ၁၉၉၆ ခုနှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည် ဆောက်ရေးအဖွဲ့ လက်ထက်တွင် ရုပ်ရှင်ဥပဒေ စသဖြင့် ခေတ် အဆက်ဆက်တွင် ရှိခဲ့သည့် စနစ်ဖြစ်ပါသည်။ ထိုသို့ ဆင်ဆာစနစ် ရှိ ခဲ့သော် လည်း ၁၉၈ဝ ဝန်းကျင် ကာလများက တစ်နှစ်တစ်နှစ် ဇာတ် ကားပေါင်း ရာကျော် ထုတ်လုပ်ပြသနိုင်ခဲ့ပြီး ထိုစဉ်က မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုဟုခေါ်သော အကယ်ဒမီ ပေးပွဲများသည် ပြည်သူ တစ်ရပ်လုံး၏ စိတ်နှလုံးကို အထူးဖမ်းစားနိုင်ခဲ့ကြပါသည်။
▄ ရုပ်ရှင်လောကဖွံ့ဖြိုးဖို့ဆိုလျှင် ▄
ရုပ်ရှင်လောကသားများက မြန်မာ့ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်စေချင်၏။ နိုင်ငံ တော် အစိုးရကလည်း ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်စေချင်ပါ၏။ ပြည်သူများက လည်း ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ပြီး အဆင့်အတန်း မီရိုက်ကူးထားသည့် မြန်မာ ရုပ်ရှင်ကားစစ်စစ်များကို အားပေးလိုကြ၏။ အားလုံး၏ မျှော်လင့်ချက်များက တူညီ နေကြပါသည်။
ထို့ကြောင့်လည်း ကြုံတွေ့နေရသည့် အခက်အခဲများကို အဖြေရှာကြဖို့ တာဝန် ရှိသူများက တွေ့ဆုံညှိနှိုင်းမှုတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ ၊ ဖိုရမ်တွေ ကျင်းပကြသလို တစ်ဖက်တွင်လည်း ရုပ်ရှင်လောက အရှည် တည်တံ့ဖွံ့ဖြိုးရေးအတွက် မရှိမဖြစ် လိုအပ်သည့် ရုပ်ရှင်ဥပဒေ ထွက်ပေါ် လာရေးကို ကြိုးပမ်းနေကြခြင်းဖြစ်ပါသည်။
▄ ဥပဒေသည်သာ အခရာ ▄
တည်ဆဲရုပ်ရှင်ဥပဒေနှင့် ဆက်စပ်ဥပဒေဖြစ်သည့် ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေတို့မှာ ၁၉၉၆ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ဥပဒေများဖြစ်ပါသည်။ ရုပ်ရှင်လောက သားများ ထောက်ပြဝေဖန်နေသော တင်းကျပ်သည့် ဆင်ဆာမူဝါဒများသည် ထို ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များတွင် ပါဝင်နေပါသည်။ ထိုစဉ်က အခြေအနေ များအရ ပြဋ္ဌာန်းခဲ့သော အချက် များမှာ လက်ရှိ ခေတ်စနစ်နှင့် မကိုက်ညီတော့ပါ။ ခေတ်ကာလနှင့်လျော် ညီသည့် ရုပ်ရှင်ဥပဒေအသစ် ပြဋ္ဌာန်းပြီး ယင်းဥပဒေများကို အပြီးတိုင် ဖျက်သိမ်းခြင်းသည်သာ အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။
ပြဋ္ဌာန်း မည့် ဥပဒေသစ်သည် ရုပ်ရှင်လောကသားများ၏ အကျိုး၊ ရုပ်ရှင်ကြည့် ပရိသတ်ဖြစ်သော ပြည်သူပြည်သားတို့၏ အကျိုး၊ ရုပ်ရှင်လောက အကျိုးတို့ကို ဦးတည်ပြီး ခေတ်မီမီကမ္ဘာကြည့် ကြည့်မြင်နိုင် ရန် လိုအပ်လှပါသည်။ ခိုင်မာသော အဖွဲ့အစည်းတစ်ခုအဖြစ် ရေရှည် ရပ်တည်ဖွံ့ဖြိုးရေးအတွက် ရေသောက်မြစ်ပမာ အဓိက အခရာကျသော အချက်သည် ဥပဒေပြဋ္ဌာန်းနိုင်ရေးသာ ဖြစ်ပါသည်။
▄ ဥပဒေမထွက်နိုင်ခင်ကြား ဘယ်အရာများ လုပ်နိုင်သည် ▄
လက်ရှိ တည်ဆဲဥပဒေနှင့် ဥပဒေအသစ်မထွက်ပေါ်မီ ကြားကာလ လုပ်နိုင်တာ ဘာမှမရှိတော့ဟူ၍ လက်မှိုင်ချနေရန် မဟုတ်ပါ။ နည်းပညာ တိုးတက်မှုကြောင့် အခြားဖျော်ဖြေမှုများကြားဝယ် ရုပ်ရှင်ကြည့်ပရိသတ် လျော့ပါးသွားမည်လားဟူ၍ စိုးရိမ်နေရန်လည်း မလိုပါ။
ရုပ်ရှင်ကို ရုပ်ရှင်လိုကြည့်ချင်သည့် လူသားများစွာသည် ကမ္ဘာတစ်ဝန်း ထုနှင့် ထည်နှင့် ရှိနေပါသေးသည်။ အနုပညာရသမြောက်စွာ ဖန်တီး ထားသည့် ဇာတ်ကား များကို စောင့်မျှော်နေကြပါသည်။ ရုပ်ရှင်ရုံများတွင် ဇာတ်ကားကောင်းများတင်ပါက တိုးမပေါက်အောင် ရုံပြည့်ရုံလျှံ အားပေးတတ်သည့် မြန်မာပြည်သူများ၏ ရုပ်ရှင် အာသီသက ပြင်းပြနေပါသေးသည်။
ဒီအခြေအနေကိုသိပြီး အခက်အခဲများကြားက ရုန်းကန်ကြိုးစားနေသည်ကို လည်း ယခုကာလအတွင်းမှာပင် တွေ့မြင်နေရပါသည်။ ရုပ်ရှင်များ တိုးချဲ့ ရိုက်ကူးလာ ကြသည်။ ယခင်လိုFilm စနစ်မဟုတ်ဘဲDigital Cinema Packageမို့ အရည် အသွေးကလည်း ပိုမိုကောင်းမွန်လှပါသည်။ ကြိုးပမ်း မှုရလဒ်က ၂ဝ၁၂ ခုနှစ်က တစ်နှစ်လုံး ၁၇ ကားခန့်သာ ထုတ်လုပ်နိုင်ခဲ့ရာမှ ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်တွင် ရုပ်ရှင် ကားပေါင်း ၁၅၉ ကားအထိ ရိုက်ကူးထုတ်လုပ်လာနိုင်ခဲ့ပါသည်။
ကျွဲကူးရေပါဆိုသလို ခေတ်စနစ်အခြေအနေအရ လျော့နည်းခဲ့ရသော ရုပ်ရှင်ရုံ များကို တိုးချဲ့တည်ဆောက်နေကြပြီး ဆယ်ဂဏန်းအရေအတွက်မှ ရာဂဏန်းအရေ အတွက်သို့ တိုးလာသည်။ ဆောင်ရွက်ဆဲ စီမံကိန်း များလည်းရှိနေပါသည်။ မြန်မာ့ ရုပ်ရှင်သည် ပြန်လည် ဦးမော့စပြု လာပြီဖြစ် ပါသည်။
▄ ဘာကြောင့် ပြန်လည်ဦးမော့လာ ▄
အဖြေကရှင်းပါသည်။ တာဝန်ရှိသူများ၏ တာဝန်သိစိတ်ဖြင့် ကြိုးပမ်း အားထုတ်မှု များကြောင့်ပင် ဖြစ်ပါသည်။ ကြိုးပမ်းအားထုတ်မှုများတွင် ၂ဝ၁၆ ခုနှစ် သြဂုတ်လ၌ ကျင်းပခဲ့သော ရုပ်ရှင်လောက ဖွံ့ဖြိုး တိုးတက်မှု ဖိုရမ်၏ အသီးအပွင့်များလည်း အပါ အဝင်ဟု ဆိုချင်ပါသည်။
အဆိုပါဖိုရမ်တွင် အစိုးရအဖွဲ့၊ လွှတ်တော်များမှ တာဝန်ရှိ သူများ၊ ရုပ်ရှင်လောက သားများ၊ အတတ်ပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြ သည်။ ကြုံတွေ့နေရသည့် အခက်အခဲများ ပြဿနာများ၏ ဇာစ်မြစ်များကို ဖော်ထုတ်ခဲ့ကြပါသည်။
စည်းမျဉ်းစည်းကမ်းတွေ အားနည်းနေတာ ထောက်ပြကြသည်။ ပြည့် စုံကောင်း မွန်သော ရုပ်ရှင်ဥပဒေ မထွက်နိုင်သေး၊ အသုံး မပြုနိုင်သေးတာ မြင်လာကြသည်။ တည်ဆဲရုပ်ရှင်နှင့် ဆက်စပ်ဥပဒေများ ခေတ်နှင့် ဆီလျော်မှုမရှိတော့ခြင်းကြောင့် ပယ်ဖျက်ရမည်ကို နားလည်လာကြသည်၊ ရုပ်ရှင်ရုံလိုအပ်ချက်တွေ တွေ့လာကြ သည်။
ရုပ်ရှင်လောကသားများအတွက် မရှိမဖြစ်သော စတူဒီယိုများ၏ အခန်း ကဏ္ဍကို ဖော်ထုတ်လာကြသည်။ ရုံတင်ပြသမှုစနစ်၏ အားသာချက်၊ အားနည်း ချက်များကို လည်း အဖြေရှာကြသည်။
အဆိုပါ အကြောင်းချင်းရာများတွင် ကာလအကန့်အသတ်နှင့် လုပ်နိုင်သည်များ ရှိသလို ရေရှည်လုပ်ငန်းစဉ်အဖြစ် ဆောင်ရွက် သွားရမည်များလည်း ပါသည်။ ယင်းတို့ကို ကုစားနိုင်သည်နှင့်အမျှ ဆုတ်ယုတ်မှုများ ကျဆင်းလာပြီး တိုးတက်မှုများ မြင့်မားလာမည့်သဘော။
ယင်းအခက်အခဲများကို ရုပ်ရှင်လောကသားများအပါအဝင် သက်ဆိုင် သူအဖွဲ့ အစည်းများက ကိုယ်နိုင်ရာ ကိုယ့်အစွမ်းနှင့် ကြိုးပမ်း အကောင်အထည်ဖော်ခဲ့မှု များကြောင့်လည်း ၂ဝ၁၇ ခုနှစ်၏ မြန်မာရုပ်ရှင်အခြေအနေသည် သိသိသာသာ ထင်ထင်ရှားရှား တိုးတက်မှုပုံရိပ်များ ဖြစ်ပေါ်လာခဲ့ခြင်းမဟုတ်ပါလော။
▄ ရှေ့ဆက်ဆောင်ရွက် မျှော်လင့်ချက် ▄
၂ဝ၁၈ တွင်လည်း မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲများကို ဆင်ဆာစနစ်၊ ရုပ်ရှင်ဥပဒေ၊ မြန်မာ့ရုပ်ရှင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေး၊ ရိုက်ကူးရေးနည်းပညာ၊ ရုပ်ရှင်ရုံများအရေး စသည့် အကြောင်းအရာ ငါးခုဖြင့် တစ်ခုချင်းစီ ဆွေးနွေးသွားကြမည်ဟု သိရပါ သည်။
ပထမဆုံး အလုပ်ရုံဆွေးနွေးပွဲကို ယခုနှစ် ဖေဖော်ဝါရီ ၃ ရက်က ကျင်းပခဲ့ရာ ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော် တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ရုပ်ရှင်အစည်းအရုံး နာယက ကြီး များနှင့် ရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ၊ အမှုဆောင်များ၊ ရုပ်ရှင်လောကသားများ တက်ရောက်ခဲ့ကြ သည်။ ပြည်ပပညာရှင်များပါ ဖိတ်ခေါ်၍ စာတမ်းများလည်း ဖတ်ကြားလေရာ အကျိုး ရှိသည့် ဆွေးနွေးပွဲ တစ်ခုဖြစ်ခဲ့ကြောင်း ကိုယ်တိုင်တက်ရောက်ခဲ့ရသလို သတင်းများ အရလည်း ကြားသိရပါသည်။
ရှိသည်ကို လက်ခံ သို့သော် လျှော့ချရန်လိုသေးသည့် ဆင်ဆာ
ယခု တည်ဆဲရုပ်ရှင်ဥပဒေအရ ဖြစ်တည်လာသည့် ဆင်ဆာစနစ်သည် တင်းကျပ် လွန်းသည်မှာ အမှန်ပင်ဖြစ်ပါသည်။ သို့သော် တာဝန်ရှိသည့် ပြန်ကြားရေးဝန်ကြီး ဌာန၊ ရုပ်ရှင်ဆင်ဆာအဖွဲ့၊ ရုပ်ရှင်လောကသားများကို ကိုယ်စားပြုသည့် ရုပ်ရှင် အစည်းအရုံးတို့က ဒီအခက်အခဲကို နည်းမှန် လမ်းမှန်နှင့် မည်သို့ကျော်လွှားနိုင်မည် ကို ညှိနှိုင်းဆွေးနွေး စုပေါင်း အဖြေရှာသွားရမည် ဖြစ်ပါသည်။
ထို့ကြောင့်လည်း ဆင်ဆာနှင့်ပတ်သက်သည့် ကိစ္စကို အကြောင်း အရာတစ်ခု အဖြစ် သတ်မှတ်ကာ စုပေါင်းဆွေးနွေး အဖြေရှာကြခြင်းဖြစ် ပါသည်။ တည်ဆဲဥပဒေ၊ သူ့အမြင်၊ ကိုယ့်အမြင်၊ အိမ်နီးချင်းနိုင်ငံများ၏ ဆောင်ရွက်မှု၊ နိုင်ငံတကာတွင် အများစု ကျင့်သုံးနေကြသည့် ရုပ်ရှင်ဆင်ဆာစနစ် စသည်တို့ကို ဆွေးနွေးကြ၏။
ယခုဆွေးနွေး မှုက စကားရည်လုပွဲမဟုတ်၊ အချေအတင် အငြင်းပွားဖို့မဟုတ်၊ ဆုံမှတ်တစ်ခုသို့ မတူညီသောရှုထောင့်များမှ အတူတကွသွားနိုင်ရေး ရည်မှန်းဆောင် ရွက်သည့်ပွဲ။
ရုပ်ရှင်လောက သားများ၏ ဆန္ဒနှင့်သဘောထားကို အပြုသဘောဖြင့် တင်ပြနိုင် ခဲ့သလို အစိုးရဘက်က တာဝန်ရှိသည့် ပြန်ကြားရေးဝန်ကြီး ကိုယ်တိုင်ကလည်း လုပ်နိုင်သည်များကို ရင်းနှီးပွင့်လင်းစွာ ဤသို့ ပြောကြားခဲ့ပါသည်။
''ဖြစ်သင့်ဖြစ်ထိုက်တဲ့ အနေအထားတွေရဖို့ ဥပဒေပြဋ္ဌာန်းဆောင်ရွက်တဲ့ နည်း သာလျှင် အကောင်းဆုံးဖြစ်ပါတယ်၊ ကြားကာလအတွင်းမှာ ဆင်ဆာနဲ့ပတ်သက် ပြီး အခုထက်ပိုပြီး သက်သာဖို့၊ အဆင်ပြေဖို့၊ ပြဿနာနည်းဖို့ကို ဘယ်လိုဆောင်ရွက် မလဲ၊ အခုရှိတဲ့အနေအထားထက် ပိုလွတ်လပ်ခွင့်ရအောင် ဘယ်လိုလုပ်နိုင်မလဲ၊ ကျွန်တော်တို့လည်း အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်လို့ရပါလိမ့်မယ်''” ထိုနည်းတူ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းကလည်း ''ကျွန်တော်တို့ ရုပ်ရှင် အစည်းအရုံး ဘာလုပ်ပေးရပါမလဲ၊ ကျွန်တော်တို့လောကသားများက ဘာတာဝန်ခံ ရပါမလဲ၊ ဘာလုပ်ပေးရမလဲ၊ ကျွန်တော်တို့လုပ်ပါမယ်''ဟု တာဝန်ယူမှု၊ တာဝန်ခံမှု စိတ်ဖြင့် ပြောကြားခဲ့ပါသည်။
▄ မြန်မာ့ မြန်မာ့ ရုပ်ရှင် ▄
ယခုလို အပြန်အလှန် ညှိနှိုင်းဆွေးနွေးအဖြေရှာခြင်းသည် ဒီမိုကရေစီ သဘော အရ ပေါ်ပေါက်လာသည့် ယဉ်ကျေးမှု အလေ့ အထတစ်ခုကို အကောင်အထည်ဖော် ဆောင်နေမှုတစ်ခုဟု ခံစားရပြီး ကြည်နူးကျေနပ် မိပါသည်။
ဝိရောဓိများကို သက်ဆိုင်ရာ အဖွဲ့အစည်းအချင်းချင်းအကြား Cooperation (ပူးပေါင်းဆောင်ရွက်မှု)၊Coordination(ညှိနှိုင်းဆောင်ရွက်မှု)၊ Compromise ( ညှိနှိုင်းသဘောတူမှု) တို့ဖြင့် ရရှိလာသော ရလဒ်များက ခိုင်မာ သလို ဆက်လက် တိုးတက်ရှင်သန်ဖြစ်ထွန်းစေရန်အတွက်လည်း အခြေခံကောင်းများဖြစ်သည်ဟု ယုံကြည်မိပါသည်။
သို့ဆိုလျှင် ရုပ်ရှင်လောက၏ အနာဂတ်အလင်းတန်းရောင်နီအစကို ကျွန်တော်တို့ မြင်တွေ့နေရပါပြီ။ ယခုလို သက်ဆိုင်သူStakeholdersများ အားလုံး အပေးအယူ ညီမျှစွာဖြင့် ဆက်လက် ညှိနှိုင်း လုပ်ဆောင် သွားမည်ဆိုပါက ၁၉၂ဝ ပြည့်နှစ်တွင် စတင်ခဲ့သည့် မြန်မာ့ရုပ်ရှင်၏ ရာပြည့်ဖြစ်သော ၂ဝ၂ဝ ပြည့်နှစ်တွင် ရုပ်ရှင်လောက သားတို့ မျှော်မှန်းသည့် မြန်မာ့ရုပ်ရှင်ရွှေခေတ်ကို ပြန်လည်ပိုင်ဆိုင်ခွင့်ရပေလိမ့် မည်ဟု မျှော်လင့်မိပါကြောင်း . . . . . ။
ဝေယံမောင် (ပြန်ကြားရေး)
No comments:
Post a Comment