Latest News

Saturday, January 13, 2018

မစွမ်းဆောင်နိုင်ရင် ဖယ် ရေးသားသူ _ ကိုထင် Lin Myat


ရေးသားသူ _ ကိုထင် Lin Myat
မစွမ်းဆောင်နိုင်ရင် ဖယ်
ဘဝမှာရှားရှားပါးပါးအထက်အရာရှိကောင်းကောင်းကိုရရှိခဲ့ပြီး အဆိုပါအထက်အရာရှိနှုတ်ထွက်ခွဲခွါသွားတဲ့ အင်မတန်တုန်လှုပ် ကြေကွဲစရာဖြစ်ရပ်ကို ကျနော့အနေနဲ့ ၂၀၀၈ ခုနှစ်၊ စင်္ဂပူနိုင်ငံ KOM (Keppel Fels) မှာကြုံခဲ့ဖူးပါတယ်။ သူဟာဂျပန်ဆီကနေ စလုံးလူငယ်တစ်စုလက်လွဲယူခဲ့တဲ့ အဖွဲ့အစည်းတည်ထောင်စ ၁၉၇၀ ပြည့်လွန်နှစ်တွေကနေ နှုတ်ထွက်သွားတဲ့နေ့အထိ ကုမ္ပဏီအပေါ်အင်မတန်သစ္စာစောင့်သိ ရိုးသားဖြူစင်စွာတာဝန်ထမ်းရွက်ခဲ့သူလည်းဖြစ်ပါတယ်။ BS Standard, API, ABS, ASNT, ANCI, IACS Rules တွေအပြင် အဖွဲ့အစည်းရဲ့ Quality Manual, QA Procedures, QC Regime, Yard Procedure တွေကိုအရည်ကျိုသောက်ထားတဲ့ ကြောက်မက်ဖွယ်ရာ NDT Specialist တစ်ယောက်လည်းဖြစ်ပါသေးတယ်။ သူဟာ ကမ်းလွန်ရေနံတူးစင်နဲ့ အခြားကမ်းလွန်ဆက်စပ် သင်္ဘောများ အသစ်တည်ဆောက် (New Construction)၊ ရှိရင်းစွဲကိုမွမ်းမံအဆင့်မြှင့် (Conversion)၊ အဟောင်းပြုပြင် (Repair) အစရှိတဲ့စီမံကိန်းတွေလာလုပ်တဲ့ ပိုင်ရှင်အဖွဲ့အစည်းတွေနဲ့လည်း ဒေါင်းတင်မောင်းတင်စကားပြော၊ အနိုင်ကျင့်မခံဘဲ အလုပ်လုပ်နိုင်သူပါ။ ပိုင်ရှင်အဖွဲ့အစည်းတွေဟာအချဉ်တွေမဟုတ်ကြပါ၊ ENSCO, GDI, Diamond, DDI, Transocean, Smedvig, Seadrill, Global Santafe, Chevron အစရှိတဲ့အကောင်ကြီးတွေ PVD, Jindel, QGOG, FLoatel, Maersk အစရှိတဲ့ခေတ်ပေါ် ရေနံကုမ္ပဏီတွေကငှားထားတဲ့ Professional တွေနဲ့ရင်ဆိုင်တွေ့တိုင်း အဖွဲ့အစည်းဘက်ကအသားလည်းပဲ့ပါမသွားအောင်၊ အခြေအနေကိုလည်းအကောင်းဆုံးထိန်းချုပ်ပြီးသားဖြစ်အောင်လုပ်နိုင်စွမ်းသူလည်း ဖြစ်ပါတယ်။ ဒါကတော့ သူ့ရဲ့ Skill ပိုင်း။

အောက်ခြေ NDT Inspector ဘဝကနေ လှေကားထစ်တစ်ထစ်ချင်းစီနင်းတက်လာခဲ့ပြီး အင်မတန်ခေါင်းခြောက်ရတဲ့ မန်နေဂျာထိုင်ခုံမှာ ဆယ်နှစ်ကျော်ထိုင်သွားနိုင်တဲ့သူ့အရည်အချင်းကို အဖွဲ့အစည်းထဲကဝန်ထမ်းအမြောက်အများ၊ Class ပေးတဲ့ ABS, DNV, BV, GL, CCS, RINA အစရှိတဲ့အဖွဲ့အစည်းများက Specialist များ၊ Surveyor များ၊ ပိုင်ရှင်အဖွဲ့အစည်းက Professional များကတညီတညွှတ်ထဲအသိမှတ်ပြုကြရပါတယ်။ ရုံးကိုမနက် ၀၆၄၀ နာရီလောက်ဆိုပုံမှန်ရောက်၊ Straitime ဖတ်၊ သူ့ဆီဝင်တဲ့ ရာချီသောအီးမေးလ်တွေစစ်၊ မနက် ၀၇၃၀ နာရီဌာန Assembly ကိုတက်၊ တစ်နေကုန်စီမံခန့်ခွဲ အစရှိတဲ့ အလုပ်တွေကို စက်တစ်လုံးလည်သလိုလုပ်ကိုင်တတ်ပါတယ်။ စနေ၊ တနင်္ဂနွေ၊ ပိတ်ရက်တွေမှာလည်း ဌာနကို တစ်နာရီ၊ နှစ်နာရီလောက်လာကြည့်၊ လိုတာပြောပေးလုပ်ပေးဆိုတာမျိုးနဲ့လည်း ဌာနနဲ့ဝန်ထမ်းတွေအပေါ်ထားတဲ့ သံယောဇဉ်ကို ပြသခဲ့ပါသေးတယ်။ သင်္ဘောတစ်စီးသာလွှဲရသေးတဲ့ကျနော့ကို ဌာနထဲက လုပ်သက်လေးငါးခြောက်နှစ်စီနီယာတွေကိုကျော်၊ “ဒီစိန်ခေါ်မှုကိုမင်းယူရဲရင် ငါပေးမယ်၊ မင်းစိန်ခေါ်ရဲသလား” ဆိုပြီး Oversea Assignment ကိုပေးအပ်ခဲ့သူလည်းဖြစ်ပါတယ်။ အလုပ်လုပ်တဲ့နေရာမှာ ဘာနိုင်ငံရေးမှမပါ၊ ဘာဘက်လိုက်မှုမှမရှိ၊ ဘာကွယ်ရာအတင်းတုပ်ခြင်းလည်းမလုပ်၊ ရော့ပတ္တမြား ရော့နဂါးလုပ်ပြီး ပြတ်ပြတ်သားသား အယူအပေးရှင်းတဲ့ ကျနော့ဘဝတစ်သက်တာ အနှစ်သက်ဆုံးအထက်အရာရှိ၊ မန်နေဂျာလည်း ဖြစ်ပါသေးတယ်။ ဒါကတော့ သူ့ Performance ပိုင်း။

ဒီလောက်ရေးပြရင် ဒီပုဂ္ဂိုလ်ဘာဆိုတာ စာဖတ်သူမိတ်ဆွေတွေ ကောင်းကောင်းသဘောပေါက်လောက်ပြီထင်ပါရဲ့။ ကုမ္ပဏီအကျိုးရှိအောင်လုပ်ပေးခဲ့တော့ သူတို့ကိုပြန်ကြည့်တဲ့အနေနဲ့ ပုံမှန်လစာတွေအပြင်၊ နှစ်တိုး၊ ဆုကြေး၊ အထူးဆုကြေး၊ ကားဖိုး၊ အိမ်ဖိုး၊ ရှယ်ယာ စသဖြင့်အဖွဲ့အစည်းကပြန်ပေးခဲ့ပါတယ်။ ဒီအတိုင်းတောင် ကျနော်အလုပ်လုပ်နေစဉ်တုန်းက အဖွဲ့အစည်းဟာ နှစ်စဉ်ဆုကြေး ၈လစာ၊ ၉လစာ၊ ၁၀ လစာ၊ အဲသလိုမျိုးတွေပေးတတ်တာပါ။ ဘယ်လိုဘဲပေးပေး ခုန်တတ်တဲ့သတ္တဝါဟာခုန်မှာပါ။ သူများနဲ့မတူတဲ့ သူတို့လိုကျွန်ယုံတော် မန်နေဂျာတစ်အုပ်ကတော့ ဂျပန်တွေလိုဘဲ အဖွဲ့အစည်းအတွက်သေသည်အထိလုပ်ကိုင်ပေးဖို့ သစ္စာထားသူတွေဖြစ်ကြပါတယ်။ ဒါကတော့ သူ့ Loyalty ပိုင်း။

ဒါပေမယ့် တစ်ခါသားမှာ သူ့အောက်ငယ်သားအချို့ မှားယွင်းလုပ်ဆောင်မှုကိုအကြောင်းပြုပြီး အမေရီကန်ရေနံကုမ္ပဏီတစ်ခုနဲ့ ပြဿနာအကြီးကြီးတက်ပါတော့တယ်။ သူနဲ့ ကုမ္ပဏီရှေ့နေ၊ စီမံခန့်ခွဲရေးအဖွဲ့ဟာ စင်္ဂပူနဲ့အမေရီကန် လွန်းထိုးသွားပြီး ပြဿနာတွေကိုဖြေရှင်းခဲ့ကြရပါတယ်။ ပြင်းထန်လှတဲ့ဖိအားတွေအောက်မှာ နှစ်ပေါင်းများစွာ ရိုးသားပြီးသစ္စာရှိခဲ့တဲ့ သူ့ရဲ့စွမ်းဆောင်မှုအားလုံးဟာ အရာမထင်ခဲ့ပါဘူး။ ကုမ္ပဏီကမထုတ်ချင်တဲ့အတွက် သူ့အနေနဲ့ထွက်စာတင်ခဲ့ရပါတယ်။ အဲသလိုထွက်စာတင်တဲ့အချိန်မှာ သူပင်စင်သွားဖို့ တစ်နှစ်သာသာဘဲလိုတော့တဲ့အချိန်ဖြစ်ပါတယ်။ ဘယ်လောက်တောင် ရင်ကျိုးစရာကောင်းတဲ့အခင်းအကျင်းလည်းဆိုတာ ခန့်မှန်းကြည့်ရင်သိရမှာဖြစ်ပါတယ်။ သိန်းနဲ့ချီတဲ့ ပင်စင်ဆုကြေးတွေ၊ တစ်လုံးတစ်ခဲထဲချီးမြှင့်ငွေတွေ၊ လက်ရှိခံစားခွင့်တွေ အကုန်ရောစုန်မြောတာပါဘဲ။ ပိုဆိုးတာ ဆယ်စုနှစ်နဲ့ချီပြီး သူတည်ဆောက်ခဲ့ရတဲ့ သူ့ပုံရိပ်ပါဘဲ။ ဘယ်သူတွေကဘာဘဲပြောပြော ကျနော်ကတော့လေးစားမြဲ လေးစားဆဲပါဘဲ၊ တာဝန်ယူဝံ့တဲ့သူ့စိတ်ဓာတ်ဟာ ကျနော့နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာအထိရောက်ရှိပြီး ဦးညွှတ်မိပါတယ်။ အခုအထိလည်း သူ့ကိုတွေ့တိုင်း "ဘော့စ်" လို့ဘဲကျနော်ခေါ်ပါတယ်။ သူရဲ့လတ်တလောအခြေအနေကြောင့် သူ့အပေါ်ထားတဲ့ကျနော့လေးစားမှုဟာ အရောင်မပြောင်းခဲ့ပါ။ သူလိုလူစား ခေါင်းဆောင်ကောင်းကိုဆုံးရှုံးရခြင်းဟာ အဖွဲ့အစည်းအတွက်နစ်နာပါတယ်။ အဖွဲ့အစည်းအနေနဲ့လည်း အဖွဲ့အစည်းပုံရိပ် ရေရည်တည်တံ့ရေးအတွက် သူ့ကိုစတေးရတယ်လို့ဘဲမြင်ပါတယ်။ ဘယ်သူတွေဘယ်လိုမြင်နေမြင်နေ သူနှုတ်ထွက်စာတင်ထားဆဲကာလ ပုံမှန်ဌာနအစည်းအဝေးတစ်ခုမှသူပြောချခဲ့တဲ့စကားဟာ သံဝေဂလည်းရဖို့ကောင်းသလို သင်ခန်းစာယူဖို့လည်းကောင်းပါတယ်။ “ငါတို့အားလုံးဟာ အလုပ်လုပ်နေကြတာ၊ အဲသလိုလုပ်ကြတဲ့နေရာမှာ အလုပ်အောင်မြင်ဖို့က ငါတို့လိုရင်းဘဲ၊ ဒီအတွက် မစွမ်းဆောင်နိုင်တဲ့အခါ မင်းတို့ရင်လည်းထွက်ရနိုင်တယ်၊ ငါရင်လည်း ထွက်ရနိုင်တယ်၊ အဆုံးအစွန်အားဖြင့် အဖွဲ့အစည်းရဲ့ အမှုဆောင်အရာရှိချုပ် CEO ရင်လည်းထွက်ရနိုင်တယ်၊ ဒါဟာ လုပ်ငန်းတွေရဲ့သဘာဝဘဲ၊ ထွက်ရတာဘာမှမဆန်းဘူး၊ ထွက်တဲ့နေရာကို ထွက်သွားသူထက်စွမ်းဆောင်ရည်ပိုကောင်းတဲ့ အရည်အချင်းသမားတွေနေရာဝင်ယူနိုင်ဖို့သာအရေးကြီးတယ်” ပါတဲ့။ သူအလုပ်ထွက်ရတာ၊ အဖွဲ့အစည်းကသူ့ကိုစတေးတာ တစ်ခွန်းမှမပြောခဲ့သလို ဘယ်သူ့ကိုမှလည်းအပြစ်မတင်ခဲ့ပါဘူး။ ဒါကတော့သူ့ရဲ့ Integrity အပိုင်း။

အခုဗမာပြည်ကြီးမှာ တိုင်းနဲ့ပြည်နယ်အစိုးရဝန်ကြီးတွေ၊ ဝန်ချုပ်တွေကို လဲပစ်တဲ့သတင်းပေါ်အကြောင်းပြုပြီး အထူးအဆန်းတွေ ဖြစ်နေကြပါတယ်။ တကယ်တော့ ဘာအကြောင်းတွေဘဲရှိနေနေ တိုင်းပြည်အတွက်သော်လည်းကောင်း အစိုးရအတွက်သော်လည်းကောင်းအလုပ်မဖြစ်သူတွေကို ဖယ်ရှားအစားထိုးရမယ့်ကိစ္စဟာ နိုင်ငံ့အစိုးရနဲ့ ထိပ်ပိုင်းပုဂ္ဂိုလ်များရဲ့ အင်မတန်အရေးကြီးတဲ့တာဝန်သာဖြစ်ပါတယ်။ တကယ်တမ်းက စုတ်ပြတ်နေတဲ့မီးကျိုးမောင်းပျက် အုပ်ချုပ်ရေးစံနစ်ကို ဒီချုပ်အစိုးရလက်ခံရလိုက်ပါပြီဆိုကတည်းက အခုလိုပြတ်ပြတ်သားသားလုပ်ကိုင်မှုတွေကို အထက်ကနေအောက်ခြေအထိ အရှိန်အဟုန်နဲ့လုပ်ပစ်ရမှာဖြစ်ပါတယ်။ ဒါဟာ Restructuring နဲ့ ပြန်လည်ထူထောင်ရေးအတွက် အသက်လိုဘဲအရေးကြီး၊ အပူတပြင်းလိုအပ်တဲ့ကျင့်စဉ်တစ်ခုပါ။ လူကိုလူလိုမြင်တဲ့လူထုခေါင်းဆောင်မို့သာ သုံးစားမရတဲ့စောက်ပေါတွေတစ်လှေကြီးကို သစ္စာတွေ မေတ္တာတွေလုပ်ပြီး ဆွဲခေါ်ယူနေတာပါ။ ကျနော့အမြင်ကိုပြတ်ပြတ်သားသားပြောရရင် တိုင်းပြည်တောင်နာပါသေးတယ်။ တစ်နေ့နေ့တစ်ချိန်ချိန် ခေါင်းဆောင်ကိုယ်တိုင်စွမ်းဆောင်နိုင်ရည်လျော့ပါးလာတဲ့အခါ ခေါင်းဆောင်ကိုယ်တိုင်က “ကျွန်မနားပါတော့မယ်” လို့ထုတ်ပြောလာမယ့်စကားအတွက်လည်း တစ်နိုင်ငံလုံး စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားကြဖို့လိုပါတယ်။

တိုင်းပြည်တကယ်တိုးတက်စေချင်ရင် ခပ်မာမာတည်ဆောက်ရမယ့်အစဉ်အလာကတော့ ရှင်းရှင်းလေးပါ။ အဲဒါကတော့ “မစွမ်းဆောင်နိုင်ရင် ဖယ်” ဆိုတာပါဘဲ။ အရှက်ကင်းသူတွေ၊ တာဝန်မယူနိုင်သူတွေသာလျင် ကုတ်ကတ်တွယ်နေတတ်တယ် ဆိုတာကို ကျနော်မပြောလည်း ဗမာတစ်ပြည်လုံး ၁၉၆၂ ကနေ ကနေ့အထိ မျက်ဝါးထင်ထင်တွေ့နေကြဆဲ မဟုတ်လား။ ဘယ်သူတွေဆိုတာတော့ အဆန်းလုပ်ပြီးပြောမနေတော့ပါ ။ ။
ရှင်းတဲ့
လင်းမြတ်

No comments:

Post a Comment