Latest News

Monday, January 8, 2018

မုန်တိုင်ရွာနှင့် အုတ်ကျောင်းပိဋကတ်တိုက်

မုန်တိုင်ရွာနှင့်  အုတ်ကျောင်းပိဋကတ်တိုက်


ဗုဒ္ဓဘာသာကို အများဆုံးကိုးကွယ်ခဲ့သည့် မြန်မာနိုင်ငံအတွင်း ရဟန်းသံဃာများသီတင်းသုံးနေထိုင်ရန်  ဘုန်းတော်ကြီး ကျောင်းများကို အလှူရှင်များက သစ်၊ အုတ်၊ ကျောက် စသည်တို့ဖြင့် ခေတ်အဆက်ဆက် တည်ဆောက်လှူဒါန်းခဲ့ကြ သည်။ ယင်းတို့အနက် အုတ်ဖြင့်တည်ဆောက်ခဲ့သည့် သမိုင်း ဝင် ဘုန်းတော်ကြီးကျောင်းများတွင် မုန်တိုင်အုတ်ကျောင်း သည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။
မုန်တိုင်သည်  မ္တလေးတိုင်းဒေသကြီး  မိတ္ထီလာမြို့နယ် အတွင်းရှိ ကျေးရွာတစ်ခုဖြစ်ပြီး မိတ္ထီလာမြို့မှ အနောက်သို့ ၁ဝ မိုင် ကွာဝေးသည်။ အိမ်ခြေ ၄၈ဝ၊ လူဦးရေ ၃၉ဝဝ ကျော် ရှိသည့် မုန်တိုင်ရွာရှိ အုတ်ကျောင်းကြီးကို မိတ္ထီလာ-ကျောက် ပန်းတောင်း ကားလမ်း၏ လက်ယာဘက်တွင် မြင်တွေ့နိုင် သည်။ မုန်တိုင်အုတ်ကျောင်းတွင် ပိဋကတ်ပေစာထုပ်များကို ထိန်းသိမ်းထားရှိခဲ့သဖြင့် 'မုန်တိုင်အုတ်ကျောင်း  ပိဋကတ် တိုက်'ဟုလည်း ထင်ရှားခဲ့သည်။
သမိုင်းထဲမှ မိတ္ထီလာ
မိတ္ထီလာမြို့သည် မင်းဝံကုန်းတန်း၏အထက် အမြင့်ပေ ၈ဝဝ တွင် တည်ရှိကာ မော်တော်ကားဖြင့်လာလျှင် ရန်ကုန် မြို့မှ  ၃၃၈ မိုင်နှင့် မ္တလေးမြို့မှ ၉၅ မိုင်ကွာဝေးသည်။ မြေပုံ အညွှန်းအရ မိတ္ထီလာသည် မြောက်လတ္တီတွဒ် ၂ဝ ဒီဂရီ ၅၃ မိနစ်နှင့် အရှေ့ လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၅၃ မိနစ်တွင် တည်ရှိ သည်။ မြန်မာ့စွယ်စုံကျမ်းတွင် မိတ္ထီလာသည် ရှေးကသျှိသျှား မြို့ဟု  အမည်တွင်ခဲ့ပြီး  ကန်တော်ကို  အစွဲပြု၍တွင်သော အမည်ဖြစ်သဖြင့် ကန်တော်အမည်ပြောင်းချိန်တွင် မြို့အမည် လည်း ပြောင်းလဲခဲ့ကြောင်း ရေးသားထားသည်။ မိတ္ထီလာ အမည်သည် ပုဂံ အနော်ရထာမင်းလက်ထက်တွင် မထိလာ ဟူသည့်အမည်မှ ပြောင်းလဲလာခဲ့သည်ဟု ဆိုကြသော်လည်း ခိုင်မာသောအထောက်အထားကို မတွေ့ရှိကြသေးပါချေ။
မိတ္ထီလာကန်သည် မိတ္ထီလာမြို့၏ အထင်ရှားဆုံး အမှတ် လက္ခဏာဖြစ်ကာ ''ရေမှာ စစ်ကိုင်း၊ လှိုင်းမှာ ပခန်းငယ်၊ လယ် မှာ တောင်တွင်း၊ စပါးမှာ ရမည်းသင်း၊ အင်းမှာ တောင်သမန်၊ ကန်မှာ မိတ္ထီလာ''ဟု မင်းကြီး သီရိမဟာဇေယျသူက ကဝိ လက္ခဏ ဒီပနီကျမ်းတွင် ဖွဲ့ဆိုခဲ့သည်။
မိတ္ထီလာမြို့နယ်ဖြစ်စဉ် သမိုင်းမှတ်တမ်းတွင်  မိတ္ထီလာသည် ကုန်းဘောင်ခေတ် အလယ်ပိုင်းအထိ  ထင်ရှားခြင်းမရှိဘဲ မိတ္ထီလာရွာဟူသည့်အမည်ကို ၁၇၉၆ ခုနှစ် ဗဒုံမင်းလက်ထက် တွင် ခိုင်လုံစွာတွေ့ရှိရပြီး ဆင်ဖြူရှင်မင်းလက်ထက်(ခရစ်နှစ် ၁၇၆၃-၁၇၇၆ ခုနှစ်)တွင် ထင်ရှားစွာရှိနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းမှတ်တမ်းတွင် ပုဂံဘုရင်အနော်ရထာ မိတ္ထီလာသို့ရောက်ရှိခဲ့သည်ဆိုသည့် အချက်သည်ပင် သမိုင်း အထောက်အထား မတွေ့ရှိရသေးသဖြင့် သံသယဖြစ်ဖွယ်ရှိ ကြောင်း သုတေသနပြုရေးသားထားသည်။
မိတ္ထီလာမြို့တွင် ပရိယတ္တိစာသင်တိုက်များနှင့် သမိုင်းဝင် စေတီများ တည်ရှိရာ အနော်ရထာမင်းကြီးတည်ခဲ့သည်ဟု ယူဆကြသည့် ရှင်ပင်ဂူ၊ ရွှေဂူလှ၊ ရွှေဂူကြီး၊ ရွှေစောလူး၊ ရှင်ပင်ဇယစ် စေတီများအပြင် အလောင်းစည်သူမင်းတည်ခဲ့ သည်ဟု ယုံကြည်ကြသည့် ရွှေမြင်တင်၊ ဖောင်တော်ဦး၊ ဆု တောင်းပြည့် စသည့် စေတီများကို ဖူးမြင်နိုင်ကြသည်။
မိတ္ထီလာနယ်တွင် ဘုရားစေတီပေါင်း ၁ဝ၈၈ ဆူ ရှိသည့် အနက် ယခု သာစည်မြို့နယ်ရှိ ရွှေယင်မျှော်ဘုရား၊ မိတ္ထီလာ ဝမ်းစာပြည့်ဘုရား၊ ကတ္တူကန်ရွာဘုရားနှင့် ကလိန်ခြေရွာ ဘုရားတို့သည် ရှေးအကျဆုံး ဖြစ်ကြပေသည်။
မုန်တိုင်
မိတ္ထီလာမြို့နယ်တွင် ရေအရင်းအမြစ်အများဆုံး စုစည်း သည့် နေရာများအဖြစ် မိတ္ထီလာကန်နှင့် ဆည်ခြောက်ခုရှိရာ ၁၉၆၆ ခုနှစ်က တည်ဆောက်ပြီးစီးခဲ့သည့် မုန်တိုင်ဆည်သည် ရေပြည့်ရေလှောင်ပမာဏ ၂၇ဝ၄၅ ဧကရှိပြီး မိတ္ထီလာကန်သို့ ရေအများဆုံးပို့လွှတ်သည့်ဆည် ဖြစ်သည်။ မုန်တိုင်ဆည်မှ ရေကို ၇ ဒသမ ၆၄ မိုင် ရှည်လျားသည့် ရေသွယ်မြောင်းမှ တစ်ဆင့် မိတ္ထီလာကန်သို့ ပို့လွှတ်လျက်ရှိသည်။
မုန်တိုင်သည် ကုန်းဘောင်ခေတ်တွင်တည်ထောင်ခဲ့သည့်  ကျေးရွာဖြစ်ဟန်ရှိကာ တောထန်းပင်ရိုင်းများပေါက်ရောက် နေသည့်  မုန်တိုင်ပင်ထန်းတောကို  ခုတ်ထွင်ရှင်းလင်းကာ ကျေးရွာတည်ခဲ့သဖြင့်  မုန်တိုင်ရွာဟု  အမည်တွင်ခဲ့ကြောင်း ဆိုခဲ့ကြသည်။
မုန်တိုင်ဆည်တည်ဆောက်ထားသည့် မုန်တိုင်ရွာ၏ နေရာ လေးခုတွင် ကုန်းဘောင်ခေတ်လက်ရာ ရှေးဟောင်းစေတီ ၇၆ ဆူသည် တစ်စုတစ်စည်း တည်ရှိနေကြသည်။ ယင်းစေတီတော် များကို အုပ်စုလေးစုဖွဲ့လျက် ထိန်းသိမ်းစောင့်ရှောက်ထားရာ စေတီများသည် မုန်တိုင်ရွာ၏ အရှေ့ဘက်၊ တောင်ဘက်နှင့် ရွာလယ်တို့တွင် တည်ရှိနေကြသည်။ ယင်းတို့အနက် သိမ် ဘုရား၊ (ပြုံးတော်မူ) မျက်နှာကြီးဘုရား၊  ဂြိုဟ်ပြေနံပြေ မိဖုရားကြီးဘုရား၊ ရှမ်းမိဖုရား ဘုရားများ၊ မြန်မာမိဖုရား ဘုရား၊ မိဖုရားလေး ဘုရား၊ ခရေဘုရား၊ လောကမာရဇိန်ဘုရား၊ ပြာသာဒ်ကြီးဘုရား၊ အုတ်ကျောင်းတော်ကြီး၊ မောင်းဘုရား၊ ပိဋကတ်တိုက်ဘုရား၊ မဟာဗောဓိရွှေညောင်တော်၊ ကိုးတောင် ပြည့်ဘုရား၊ စူဠာမဏိဘုရား၊ သိမ်တော်ဘုရား၊ တဝဂူဘုရား စသည်ဖြင့် ထင်ရှားသော စေတီဘုရားများ ပါရှိသည်။ ယင်း စေတီများအနက် စေတီတော်အချို့တွင် ယခုတိုင် ဝါတွင်း သုံးလပတ်လုံး အလှည့်ကျ ဆွမ်းကပ်လေ့ရှိသည်။ မုန်တိုင် ကျေးရွာရှိ သမိုင်းဝင်စေတီများအနက် အုတ်ကျောင်းတော် ကြီး၊ အုတ်ဇရပ်နှင့် နံရံဆေးရေးပန်းချီများ ယခုတိုင်ကျန်ရှိနေ သည့် ရွေဘုံသာစေတီခေါ် ဇာတ်ဘုရားတို့သည် အထင်ရှား ဆုံးဖြစ်ကြပေသည်။
မုန်တိုင်အုတ်ကျောင်း
မုန်တိုင်ကျေးရွာရှိ အဆောက်အအုံများအနက် လက်ရာ ခန့်ညားထယ်ဝါသည့်  ရှေးဟောင်းအုတ်ကျောင်းကြီးတစ်ခုကို မြင်တွေ့နိုင်ကြသည်။ မုန်တိုင်ကျေးရွာ၏ မြောက်ဘက် မိတ္ထီလာ-ကျောက်ပန်းတောင်း မော်တော်ကားလမ်း၏ မြောက် ဘက်ခြမ်းတွင် တည်ရှိသည့် ယင်းကျောင်းကြီးသည် အလျား ၁၁၆ ပေ၊ အနံ ၈၃ ပေနှင့် အမြင့်ပေ ၈ဝ ရှိသည်။ အုတ်ကျောင်း ကြီးသည် အထပ်သုံးထပ်ပါရှိကာ မြေညီထပ်လေးဘက်တွင် မုခ်ပေါက် ၅ဝ ရှိသည်။ ပထမထပ်တွင် မျက်နှာတစ်ဖက်လျှင် မုခ်ပေါက် သုံးပေါက်စီ ဖောက်ထားသဖြင့် မုခ်ပေါက် ၁၂ ခု ရှိသည်။ အပေါ်ဆုံးထပ်တွင်  ကျောင်းတော်ကြီး၏ထိပ်သို့ တက်နိုင်သည့်  မတ်စောက် ကျဉ်းမြောင်းသော အုတ်လှေကား တစ်ခုရှိရာ  အကျယ် နှစ်ပေခွဲနှင့် အမြင့်မှာ ငါးပေခွဲခန့်သာ ရှိသည်။  ယင်းလှေကားမှ  တက်ရောက်သွားလျှင်  အုတ် ကျောင်းကြီး၏အရှေ့ဘက် အမိုးစွန်းရှိသည့်နေရာသို့ ရောက်ရှိ သည်။
အုတ်ကျောင်းအပေါ်ထပ်တွင် အလျား ၁၈ ပေ၊ အနံ ငါးပေ ခွဲခန့် ကျယ်ဝန်းသည့် အခန်းတစ်ခုကို မြင်တွေ့နိုင်ကြသည်။ ရှေးအခါက ယင်းအခန်းသည် ရဟန်းများ သီတင်းသုံးနေထိုင်ခဲ့ သည့်နေရာဟု ယူဆနိုင်ဖွယ်ရှိပြီး ယခုအခါတွင် လင်းနို့များခို အောင်းနေသည့်နေရာ ဖြစ်နေပေသည်။ ကျောင်းကြီး၏ပထမ ထပ် အရှေ့ဘက်တွင် ဘုရားကျောင်းဆောင်တစ်ဆောင် ထည့် သွင်းပြုလုပ်ထားသည်။
မုန်တိုင်းအုတ်ကျောင်းကြီးကို ခရစ်နှစ် ၁၇၄၉ ခုနှစ် အင်းဝ မဟာဓမ္မရာဇာဓိပတိမင်းလက်ထက် (ခရစ်နှစ် ၁၇၃၃-၁၇၅၂)တွင် အလှူရှင် ဦးပန်းရနှင့် ဇနီးဒေါ်စိန်တာတို့က တည်ဆောက် ခဲ့ကြောင်း ယာယီသတ်မှတ်ထားသည်။ မုန်တိုင်အုတ်ကျောင်း တည်ဆောက်ခဲ့သည့်ခုနှစ် မြန်မာသက္ကရာဇ် ၁၁၁၁ ခုနှစ်ကို ''ဥသြအော်ဟစ်၊ အုတ်ကျောင်းသက္ကရာဇ်''ဟု အစဉ်အဆက် မှတ်သားခဲ့သော်လည်း အုတ်ကျောင်းပန္နက်နှင့် ဥမင်လိုဏ် တည်ထားပုံသည် ပုဂံခေတ်တွင် စတင်တည်ဆောက်ခဲ့ဟန်ရှိ ကြောင်း ဆရာဦးထွဏ်းလွင်က သုံးသပ်ခဲ့သည်။ အုတ်ကျောင်း ပန္နက်သည် ပုဂံပိဋကတ်တိုက် ပန္နက်ပုံစံနှင့် အနီးစပ်ဆုံး တူညီ နေသည်ဟုလည်း ဆိုပေသည်။
အုတ်ကျောင်းတိုက်တွင် ပိဋကတ်ပေစာထုပ်ပေါင်း ၁၆၅ ထုပ် ရှိခဲ့ပြီး ယင်းပေစာများကို အရှင်သြဘာသက ၁၈၉၇ ခုနှစ်တွင် အုတ်ကျောင်းဆရာတော်ကြီးထံ လှူဒါန်းခဲ့သည်။ သက်တော် ၆၉ နှစ်၊ ဝါတော် ၄၉ ဝါရှိသည့် အုတ်ကျောင်း မူလ ဆရာတော်ကြီး၏ သြဝါဒပေးစာတမ်းတွင် ''ပိဋကတ်တော် များကို မည်သည့်နေရာမှ မရွှေ့ရ၊ အဆက်ဆက် ဤစာတမ်းကို ဖတ်၍ ထိန်းသိမ်းပါ၊ မုန်တိုင်သူကြီး၊ တိုင်ခေါင်း၊ ရွာခေါင်းတို့က အစဉ်အဆက် စောင့်ရှောက်ကြပါ''ဟု ရေးသားထားကြောင်း သိရှိရပေသည်။
မုန်တိုင်အုတ်ကျောင်းတွင် ၂ဝ၁၁ ခုနှစ်အထိ ဘီးပါသော စာတိုက်သေတ္တာကြီး နှစ်လုံးနှင့်  ဘီးမပါသော  စာတိုက် သေတ္တာ နှစ်လုံး ရှိခဲ့ပြီး ယခုအခါတွင် ဘီးမပါသော စာတိုက် သေတ္တာနှစ်လုံးကိုသာ မြင်တွေ့ကြရသည်။ ပိဋကတ်ပေစာထုပ် များကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသော်လည်း အကြောင်း အမျိုးမျိုးကြောင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့ရာ ကျန်ရှိသည့် ပေ စာထုပ်များကို မုန်တိုင်အုတ်ကျောင်းပေါ်ရှိ စာတိုက်သေတ္တာ ကြီးနှစ်လုံးတွင် သိမ်းဆည်း၍ ထိန်းသိမ်းစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မုန်တိုင်အုတ်ကျောင်းဆရာတော် ဦးကုမာရက ရှင်းပြခဲ့သည်။
အုတ်ကျောင်းအတွင်းသို့ ဝင်သည့်အပေါက်များကို သံပန်း တံခါးများဖြင့် ပိတ်ထားသော်လည်း ဝင်ရောက်လေ့လာလိုသူ များသည် အုတ်ကျောင်းဆရာတော်ထံ လျှောက်ထားကာ ဝင်ရောက်ကြည့်ရှုနိုင်ကြသည်။
ခရစ်နှစ် ၁၇၄၉ ခုနှစ်တွင် တည်ဆောက်ခဲ့သည်ဟု ယူဆ ကြသည့် မုန်တိုင်အုတ်ကျောင်းပုံစံသည် အင်းဝမြို့ဟောင်းရှိ နန်းမတော်မယ်နုအုတ်ကျောင်းနှင့် ဆင်တူကာ ကျောင်း အောက်ခြေတွင် လိုဏ်များပါရှိပြီး ကျောင်း၏မြောက်ဘက် တွင် သရက်ကင်း အုတ်လှေကားနှစ်စင်း တပ်ဆင်ထားသည်။ သို့သော် မုန်တိုင်အုတ်ကျောင်းသည် အလျား ၁၉၂ ပေ၊ အနံ ၁၁၂ ပေ၊ အမြင့် ၉၄ ပေရှိကာ ခရစ်နှစ် ၁၈၂၈ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည့် မယ်နုအုတ်ကျောင်းအောက် သေး ငယ်သည်။
မုန်တိုင်အုတ်ကျောင်းတွင် သီတင်းသုံးရန် သာသနာပိုင် ဆရာတော်ထံ ခွင့်ပန်လျက် မ္တလေးမြို့ တောင်ခွန်တိုက်အုပ် ဆရာတော် ဦးÓဏအား ပင့်ဆောင်ခဲ့သည်။ ကိုးမြို့ဝန်ကြီး ဦးဘုံ ဦးစီးလျက် ဆရာတော်ဦးÓဏကို မုန်တိုင်အုတ်ကျောင်း သို့ ပင့်ဆောင်ခဲ့ကြောင်း အစဉ်အဆက် ပြောဆိုခဲ့ကြသည်။ ဆရာတော်ဦးÓဏ ပျံလွန်တော်မူပြီးနောက် မုန်တိုင်အုတ် ကျောင်းတွင် ဆရာတော် ၁၃ ပါးက ဆက်ခံသီတင်းသုံးခဲ့ကြ သည်။
မုန်တိုင်အုတ်ကျောင်းနှင့်စပ်လျဉ်း၍ ကမ္ဗည်းမှတ်တမ်း ကျောက်စာ မရှိသော်လည်း ရှေးဟောင်း ကျောင်းတော်ကြီး တစ်ခုအဖြစ် အစဉ်အဆက် ထိန်းသိမ်းခဲ့ကြသည်။ မုန်တိုင် ကိုးမြို့ဝန် ဦးဘုံ ကွယ်လွန်ပြီးနောက် သားဖြစ်သူ ဦးလူတုတ်က မြို့ဝန်အဖြစ် ဆက်ခံခဲ့သည်။ ဘာသာတရားကို လေးစား ကြည်ညိုသူ ဦးလူတုတ်သည် မုန်တိုင်ရွာ၏အရှေ့ဘက်တွင် အနောက်အရပ်သို့ မျက်နှာမူနေသည့် မုခ်ပေါက်နှစ်ပေါက်ပါရှိ သော အုတ်ဇရပ်တစ်ဆောင်ကို ဆောက်လုပ်လှူဒါန်းခဲ့သည်။ အုတ်ဇရပ်၏ မုခ်ပေါက်တွင် ငါးကြင်းရုပ်ကို ထွင်းထုထားသည် မှာ ထူးခြားချက်ဖြစ်သည်။ အုတ်ဇရပ်အတွင်း၌ နံရံဆေးရေး ပန်းချီများကို တွေ့ရှိနိုင်သည်။
မုန်တိုင်ရွာမှ နံရံဆေးရေးပန်းချီများ
ဝန်မင်းဦးလူတုတ်  ဆောက်လုပ်သည့်  ဇရပ်၏အင်္ဂတေ ပန်းတမော့လက်ရာများသည် အထူးကောင်းမွန်ကာ နတ်၊ သိကြား၊ ဗြဟ္မာ၊ မနုသီဟ၊ ဆင်၊ မြင်းနှင့် နဂါး ရုပ်ထုများကို လက်ရာမြောက်စွာ  ထုလုပ်ထားသည်။  အလျား ပေ ၈ဝ၊ အနံပေ ၃ဝ၊ အမြင့် ပေ ၈ဝ ရှိသည့် ဦးလူတုတ်ဇရပ်ကြီးသည် ပြာသာဒ် သုံးဆောင်ပါရှိသည့် ကုန်းဘောင်ခေတ်လက်ရာဖြစ် ပြီး အုတ်ဇရပ်တွင် ရဟန်းခံ၊ ရှင်ပြုပွဲများနှင့် သာသနာရေး ဆိုင်ရာ အခမ်းအနားများကို ကျင်းပခဲ့သည်။
မုန်တိုင်ရွာအရှေ့ဘက်ရှိ စေတီစု၌ ရွေဘုံသာခေါ် ဇာတ် ဘုရားအမည်ရှိ စေတီတော်ရှိသည်။ စေတီတော်၏ လိုဏ် အလယ်တွင် ဗောဓိမဏ္ဍိုင်ရှိပြီး မဏ္ဍိုင်လေးဘက်ပတ်လည် တွင် မုခ်ပေါက်ဝများသို့ မျက်နှာမူထားသည့် ထိုင်တော်မူ ဗုဒ္ဓ ရုပ်ပွားတော် လေးဆူရှိသည်။ ရုပ်ပွားတော်များ၏ ကျောဘက် နံရံတွင် ကုန်းဘောင်ခေတ်လက်ရာ ဆင်စွယ်ဝန်းယှက်ထား သည့် ညောင်ရွက်ကနုတ်ပန်း ဆေးရေးပန်းချီများရှိသည်။
လိုဏ်ပတ်လည်တွင်လည်း ပန်းချီကွက်များရှိရာ အပေါ် ဆုံးတန်းတွင် နှစ်ကျိပ်ရှစ်ဆူဘုရားများကိုလည်းကောင်း၊ ယင်း အောက်တွင် ဗုဒ္ဓဝင်လာ ဇာတ်ကွက်များကိုလည်းကောင်း၊ ယင်းအောက်၌  ဇာတ်ကြီးဆယ်ဘွဲ့လာ  ဇာတ်ကွက်များကို လည်းကောင်း  ရေးဆွဲထားသည်။  ဗုဒ္ဓဝင်ဇာတ်ကွက်များ၏ အောက် နံရံပေါ်တွင် နေမိဇာတ် သရုပ်ဖော်ပုံများကို ရေးဆွဲ ထားကာ မင်စာများပါ ရေးသားထားကြောင်း မြင်တွေ့နိုင်ကြ သည်။
စေတီတော်လိုဏ်အတွင်း မြောက်ဘက်မုခ်နံရံတွင် ဘုရား လောင်း နိမိတ်ကြီးလေးပါးမြင်ပုံ၊ တောမထွက်မီ ယသော် ဓရာ၏အခန်းသို့ ဝင်ကြည့်ပုံ၊ မဟာဇနက္ကမင်းသား သင်္ဘော ပျက်ပုံများကိုရေးဆွဲထားသည်။ ယသော်ဓရာပုံတွင် အမျိုး သမီးလေးဦး တူရိယာများ တီးမှုတ်နေပုံကို မြင်တွေ့နိုင်ကြ သည်။ တစ်ဦးက စောင်းကိုတီးခတ်၍ တစ်ဦးက ညှင်းကိုမှုတ် ကာ တစ်ဦးက စည်းလိုက်နေပုံကို ရှားပါးသောရုပ်ပုံများအဖြစ် မြင်နိုင်ကြပေသည်။
ပိဋကတ်တိုက်များ
မိတ္ထီလာမြို့နယ်အတွင်း၌ မုန်တိုင်အုတ်ကျောင်း ပိဋကတ် တိုက်ကျောင်းအပြင် အခြားပိဋကတ်တိုက်များ ရှိသည့်အနက် ရွှေမြင်မိဘုရားဝင်းအတွင်းရှိ ပိဋကတ်တိုက်သည် အကြီးဆုံး ဖြစ်ပြီး ပိဋကတ်ကျောက်စာ ၅၉၇ ချပ်ကို ထိန်းသိမ်းထားရှိ သည်။ ကမ်းနီတိုင် ပန်းဒွေးကျောင်းပိဋကတ်တိုက်(၁၉ဝ၈ ခုနှစ်)၊ ကတ္တူကန်ရွာ ပိဋကတ်စေတီ(၁၉ဝ၉ ခုနှစ်)နှင့် ဂဠုန် ရွာ ပိဋကတ်တိုက်(၁၉၃၇ ခုနှစ်) တို့သည်လည်း ထင်ရှားသော ပိဋကတ်တိုက်များ ဖြစ်ကြသည်။
ဗုဒ္ဒဘာသာဆိုင်ရာ ပိဋကတ်တော်များကို ထိန်းသိမ်းထား ရှိသည့် ပိဋကတ်ကျောင်းများကို မြန်မာနိုင်ငံ အနှံ့အပြားတွင် မြင်တွေ့နိုင်ကြသည်။ ကျောက်စာ၊ ပေစာ၊ ပုရပိုက် စသည်တို့ ဖြင့် မှတ်တမ်းတင်ထားသည့် ပိဋကတ်တော်များကို ထိန်းသိမ်း ထားရှိသော ပိဋကတ်တိုက်ကျောင်းများအနက် အနုလက်ရာ မြောက်စွာ တည်ဆောက်ထားသည့် မုန်တိုင်အုတ်ကျောင်း တော်ကြီးသည် လေ့လာလိုသူများ သွားရောက်ကြည့်ရှုသင့် သည့် ရှေးဟောင်းအဆောက်အအုံတစ်ခုဖြစ်သည်။
မုန်တိုင်ကျေးရွာတွင် ရှေးဟောင်းစေတီများ စုစည်းတည်ရှိ နေသဖြင့် ဒေသခံများက မုန်တိုင်ကျေးရွာကို ထီလာ ပုဂံ ယဉ်ကျေးမှုနယ်မြေဟု တင်စားပြောဆိုကြသည်။ ထို့ကြောင့် မိတ္ထီလာသို့ ရောက်ရှိလာကြသူများသည်  မုန်တိုင်အုတ် ကျောင်း ပိဋကတ်တိုက်သို့ သွားရောက်နိုင်ကြပြီး မုန်တိုင်ရွာရှိ ရှေးဟောင်း ဘုရားစေတီများကိုလည်း ဖူးမြင်နိုင်ကြမည်ဖြစ် ပေသည်။   ။
မောင်သာ(ရှေးဟောင်းသုတေသန)မြန်​မာ့အလင်း
ကိုးကား
(၁) မြန်မာ့စွယ်စုံကျမ်း အတွဲ(၉)
(၂) မိတ္ထီလာမြို့နယ် ဖြစ်စဉ်သမိုင်းမှတ်တမ်း
      (ဦးထွဏ်းလွင်၊မိတ္ထီလာ)
(၃) နှစ်ပေါင်း ၂၆ဝ ကျော်က မုန်တိုင်အုတ်ကျောင်းတော်ကြီး
      (တင်လှိုင်၊ မိတ္ထီလာ)
(၄) မုန်တိုင်အုတ်ကျောင်းဆရာတော် ဦးကုမာရ၏
       မိန့်ကြားချက်များ

No comments:

Post a Comment