Latest News

Monday, January 29, 2018

တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် အငှားယာဉ်မောင်း ဦးနေဝင်းတို့အား တစ်နှစ်ပြည့် ဂုဏ်ပြုအောက်မေ့ဖွယ် အခမ်းအနား ကျင်းပ

တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် အငှားယာဉ်မောင်း ဦးနေဝင်းတို့အား တစ်နှစ်ပြည့် ဂုဏ်ပြုအောက်မေ့ဖွယ် အခမ်းအနား ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၂၉

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ဥပဒေအကြံပေးဖြစ်သူ တရားလွှတ်တော်ရှေ့နေ  ဦးကိုနီနှင့် အငှားယာဉ်မောင်း ဦးနေဝင်းတို့အား တစ်နှစ်ပြည့် ဂုဏ်ပြုအောက်မေ့ဖွယ် အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်အလံအား အလေးပြုပြီး ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုကြသည်။

ထို့နောက် ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲ  အသီးသီးတွင်  ကျဆုံးခဲ့သော  ရဟန်း၊  ရှင်၊  လူ၊ ကျောင်းသား၊ ပြည်သူ၊ ရဲဘော်အပေါင်းတို့အား အလေး ပြုကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် အငှားယာဉ်မောင်း ဦးနေဝင်းတို့အား ဂုဏ်ပြုအမှတ်ရခြင်းအနေဖြင့် ရှစ်စက္ကန့် ငြိမ်သက်ကြသည်။

ယင်းနောက်  အခမ်းအနား ကျင်းပရေးကော်မတီ ကိုယ်စား (ကျင်းပရေးကော်မတီဝင်) ဦးထွန်းကြည်က အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း တင်ပြပြီး  တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် အငှား ယာဉ်မောင်း  ဦးနေဝင်းတို့၏  ကိုယ်ရေးအကျဉ်းအား ဖတ်ကြားသည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြ သော ဘာသာကြီးလေးခုမှ ဘာသာရေး ခေါင်းဆောင် များက ဂုဏ်ပြုအမှတ်တရစကားများ ချီးမြှင့်ကြသည်။

ထို့နောက်      နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားသို့ ပေးအပ်သော သဝဏ်လွှာကို ပွဲကျင်းပရေးကော်မတီဝင် ဒေါ်ဥမ္မာအေး က ဖတ်ကြားသည်။

ယင်းနောက်   မြန်မာနိုင်ငံဆိုင်ရာ  အမေရိကန် သံအမတ်ကြီး စကော့မာရှယ် အပါအဝင် အခမ်းအနားသို့ တက်ရောက်လာကြသော နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ် များက ဂုဏ်ပြုအမှတ်တရစကားများ ပြောကြားကြသည်။

အဆိုပါအခမ်းအနားကို အမှန်တရားနှင့် တရား မျှတမှုဖြစ်ထွန်းပေါ်ပေါက်ရေး၊ မတူကွဲပြားမှုများအား လက်ခံအသိအမှတ်ပြု လေးစားရေး၊ နိုင်ငံသားကို အခြေခံ သည့် တိုင်းချစ်၊ ပြည်ချစ်၊ နိုင်ငံချစ် စိတ်ဓာတ်များ ဖွံ့ဖြိုး တိုးတက်ရေး၊ အကြမ်းဖက်မှုဆန့်ကျင်ရေးနှင့် အကြမ်းဖက် ဝါဒကို တိုက်ဖျက်ရေး၊ ဘာသာပေါင်းစုံ သွေးစည်းချစ်ကြည် ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် နိုင်ငံရေး အကျဉ်းသားဟောင်း များနှင့်အတူ အမှန်တရားနှင့် တရားမျှတမှုကို လိုလား သော  နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များက ပူးပေါင်း ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့  ဘာသာပေါင်းစုံမှ ဘာသာရေး ခေါင်းဆောင်များ၊ ရန်ကုန်မြို့ရှိ သံရုံးများမှ သံအမတ်ကြီး များနှင့် သံတမန်များ၊ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊  ပြည်သူများ တက်ရောက်ကြသည်။    
သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး(​ကြေးမှုံ)

No comments:

Post a Comment