Latest News

Wednesday, December 13, 2017

ပစ္စည်းအမျိုးအစား ၃၀ ပါ စားကုန်ပစ္စည်းထုပ်များ မောင်တော ကယ်ဆယ်ရေး စခန်းများတွင်ထောက်ပံ့

ပစ္စည်းအမျိုးအစား ၃၀ ပါ စားကုန်ပစ္စည်းထုပ်များ မောင်တော ကယ်ဆယ်ရေး စခန်းများတွင်ထောက်ပံ့

မောင်တော ဒီဇင်ဘာ ၁၃

အိန္ဒိယအစိုးရက ထောက်ပံ့လှူဒါန်းသော ထောက်ပံ့ပစ္စည်းများကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ယနေ့တွင် မောင်တော မြို့ပေါ်ရှိနေရာ ၅ ခုသို့သွားရောက်ထောက်ပံ့ခဲ့သည်။

" အိန္ဒိယအစိုးရက လှူဒါန်းထားတဲ့ ပစ္စည်းအမျိုးအစား ၃၀ ပါအထုပ်တွေကို ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်က နေရပ်စွန့်ခွာပြည်သူတွေနဲ့ ဆင်းရဲတဲ့ပြည်သူတွေကို လာရောက်ထောက်ပံ့ပေးခြင်းဖြစ်ပါတယ်။

ဒီကနေ့မှာတော့မောင်တောမြို့ နေရာ ၅ ခုမှာသွားရောက် လှူဒါန်းပေးခဲ့ပါတယ်။ ထပ်မံပြီးတော့လည်း အခြားနေရာတွေမှာ လှူဒါန်းပေးသွားမှာဖြစ်ပါတယ်"ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်ကပြောသည်။

ယနေ့တွင် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ဟိန္ဒို ကယ်ဆယ်ရေးစခန်းအတွက် ၁၆၆ထုပ်၊ ထွေအုပ်နောက်ဟိန္ဒူ ကယ်ဆယ်ရေးစခန်းအတွက် ၁၃၄ ထုပ်၊ သာသနဗိမာန်ရှိဟိန္ဒူနှင့် ရခိုင်တိုင်းရင်းသားတို့အတွက် ၁၉၅ ထုပ်၊ အလိုတော်ပြည့်ကျောင်းရှိ တိုင်းရင်းသားများအတွက် ၄၂ထုပ်၊ ၄ မိုင်ရှိ အစ္စလာမ်ဘာသာဝင် များအတွက် ၁၄၅ ထုပ်၊ စုစုပေါင်း ၆၄၆ ထုပ်ကိုထောက်ပဲ့ပေးခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပေးသည့်အထုပ်တစ်ထုပ်လျင် ခြင်ထောင်နှစ်လုံး၊ ဆန်၊ နို့မှုန့်၊ သကြားတို့ အပါအဝင်အမျိုးပေါင်း ၃၀ ပါဝင်ကြောင်း၊ သီးသန့်အနေဖြင့် ဆီထုပ်များ၊ဆပ်ပြာခဲတို့လည်း ပါဝင်ကြောင်း၊ ထိုကဲ့သို့ပစ္စည်းအမျိုးအစား ၃၀ ပါအထုပ် ၅၀၀ ကျော်ကိုလည်း ဘူးသီးတောင်မြို့နယ်တွင် သွားရောက် လှူဒါန်းပေးခဲ့ပြီဖြစ်ကြောင်း၊ ကျန်ရှိနေသော နေရာများတွင်လည်း ထပ်မံသွားရောက်လှူဒါန်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မောင်၊ဇေယျာ/ဓာတ်ပုံနေဝင်းထွန်း(ပြန်/ဆက်)

No comments:

Post a Comment