Latest News

Tuesday, December 19, 2017

မန်ယူကို ယှဉ်ပြိုင်မည့် အစဉ်အဆက်နည်းပြဖြစ်လာရေး ဂွါဒီယိုလာအား မန်စီးတီးအသင်း စာချုပ်သစ်ချုပ်ဆိုမည်

မန်ယူကို ယှဉ်ပြိုင်မည့် အစဉ်အဆက်နည်းပြဖြစ်လာရေး
ဂွါဒီယိုလာအား မန်စီးတီးအသင်း စာချုပ်သစ်ချုပ်ဆိုမည်


မန်စီးတီးအသင်းဟာ မန်ယူအသင်းရဲ့အမြဲတမ်းပြိုင်ဘက် အဖြစ်ဆက်ရှိနေစေရေးကို ရည်ရွယ်ကာ အစဉ်အဆက် နည်းပြဖြစ်လာစေရေးအတွက် လက်ရှိနည်းပြ ဂွါဒီယိုလာကို နွေရာသီကာလအတွင်း စာချုပ်သစ်တစ်ရပ်ထပ်တိုးချုပ်ဆိုသွားဖို့ ရှိနေပါတယ်။

မန်ယူအသင်းဟာ ဂန္ထဝင်နည်းပြတစ်ဦးဖြစ်တဲ့ ဆာအဲလက်ဖာဂူဆန် လက်ထက်မှာ ပရီမီယာလိဂ်ဖလားကို ၁၃ နှစ်လုံးအထိ ရယူဆွတ်ခူးနိုင်ခဲ့ကာ ပရီမီယာ လိဂ်ပြိုင်ပွဲကို လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် မန်စီးတီးအသင်းကလည်း အရင်က ပရီမီယာလိဂ်ပြိုင်ပွဲကို လွှမ်းမိုးထားနိုင်ခဲ့တဲ့ မန်ယူအသင်းရဲ့နေရာကို အစားထိုးရယူနိုင်ဖို့အတွက် ဆန္ဒရှိနေခဲ့ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ စပါးအသင်းကို ပွဲစဉ် ၁၈ မှာ လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ရလိုက်တဲ့အတွက် သူတို့ရဲ့ ပရီမီယာလိဂ်ပွဲစဉ် ၁၆ ပွဲဆက်တိုက်နိုင်ပွဲရရှိမှု စံချိန်ကိုလည်း ရရှိထားခဲ့ပါတယ်။ လက်ရှိပွဲစဉ် ၁၈ အပြီး အမှတ်ပေးဇယားကို ပြန်ကြည့်မယ်ဆိုရင်လည်း ဒုတိယနေရာက ရပ်တည်နေတဲ့ မန်ယူအသင်းကို ၁၁ မှတ်အထိ မန်စီးတီးအသင်းက ဖြတ်ထားနိုင်ခဲ့တာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။

လက်ရှိမှာ  မန်စီးတီးအသင်းဟာ  အသင်းရဲ့   နိုင်ပွဲဆက်စံချိန်ကို ထိန်းထားနိုင်အောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြ ဂွါဒီယိုလာကို စာချုပ်သက်တမ်း တိုးဖို့ စီစဉ်နေတာဖြစ်ပြီး ဂွါဒီယိုလာရဲ့ စာချုပ်သက်တမ်းဟာ ၂ဝ၁၉ ခုနှစ်မှာ ကုန်ဆုံးမှာလည်းဖြစ်ပါတယ်။  ဂွါဒီယိုလာဟာ ဘာစီလိုနာအသင်း၊ ဘိုင်ယန်မြူးနစ် အသင်းတို့ကို တာဝန်ယူကိုင်တွယ်ခဲ့ပြီး ၂ဝ၁၆ ခုနှစ် နွေရာသီကာလမှာတော့ မန်စီးတီး အသင်းနည်းပြဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့မန်စီးတီးအသင်းနဲ့ ပထမရာသီမှာ ပရီမီယာလိဂ် ပြိုင်ပွဲရဲ့ အဆင့်(၃)နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး အက်ဖ်အေဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် အဆင့်ကနေထွက်ခဲ့ရသလို ချန်ပီယံလိဂ်မှာရော အီးအက်ဖ်အယ်လ်ပြိုင်ပွဲမှာပါ ၁၆ သင်းအဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။

အဲဒီရလဒ်တွေကိုကြည့်ပြီး အသင်းဥက္ကဋ္ဌ အယ်လ်မူဘာရက်ခ်က ဂွါဒီယိုလာဟာ စိတ်ပျက်စရာကောင်းတယ်လို့ဆိုခဲ့ပေမယ့် အသင်းကတော့ အကျိုးအမြတ်တစ်စုံတစ်ရာ ရရှိလိမ့်မယ်လို့ ယုံကြည်ထားခဲ့ပါတယ်။ အဲဒီယုံကြည်ချက်ဟာလည်း တကယ်ဖြစ်လာခဲ့ ပါပြီ။ ဘာကြောင့်လဲဆိုရင် ပရီမီယာလိဂ်မှာ အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နေသလို အင်္ဂါနေ့မှာ  အီးအက်ဖ်အယ်လ်ဖလား ကွာတားဖိုင်နယ်ကစားရမှာဖြစ်ပြီး   လာမယ့် ဖေဖော်ဝါရီလအတွင်းမှာတော့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပြိုင်ပွဲအဖြစ် ဆွစ်ဇာလန် ကလပ် ဘေဆယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ဒါပေမယ့် ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာတို့မှာ ကိုင်တွယ်ခဲ့စဉ်က ချန်ပီယံလိဂ် ဆုဖလားကို ရယူခဲ့တဲ့နည်းပြတစ်ဦးအနေနဲ့ မန်စီးတီးအသင်းအတွက်ရော ချန်ပီယံလိဂ် ဆုဖလားရယူပေးနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။ မန်စီးတီးအသင်း အတွက်ကတော့ ချန်ပီယံလိဂ်သမိုင်းမှာ အကောင်းဆုံးရလဒ်ထွက်ပေါ်ခဲ့တာဆိုလို့ ၂ဝ၁၆ ခုနှစ်အတွင်း ဆီမီးဖိုင်နယ်ရောက်ခဲ့တာဟာ အမြင့်ဆုံးဖြစ်နေတာမို့ ဂွါဒီယိုလာနဲ့အတူ ချန်ပီယံလိဂ်ဖလား ရယူဆွတ်ခူးနိုင်ဖို့ မန်စီးတီးအသင်းက မျှော်လင့်ထားတာပါ။

ငွေကြယ်

No comments:

Post a Comment