Latest News

Tuesday, December 5, 2017

ဘဏ်မှငွေထုတ်၍ ပြန်လာသူထံမှ ပိုက်ဆံထုတ်လုယက်သူအား အချိန်ပိုင်းအတွင်း ဖမ်းဆီးရမိ

ဘဏ်မှငွေထုတ်၍ ပြန်လာသူထံမှ ပိုက်ဆံထုတ်လုယက်သူအား
အချိန်ပိုင်းအတွင်း ဖမ်းဆီးရမိ

နေပြည်တော်  ဒီဇင်ဘာ   ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသိရိမြို့နယ်တွင် ကမ္ဘောဇဘဏ်မှ ငွေထုတ်၍ပြန်လာသော အမျိုးသမီးထံမှ ပိုက်ဆံထုတ်လုယူထွက်ပြေးသူအား အချိန်ပိုင်းအတွင်း ဖမ်းဆီးရမိကြောင်း သိရသည်။
 ဖြစ်စဉ်မှာ ဒီဇင်ဘာ ၄ ရက် နေ့လည် ၁၂ နာရီခွဲအချိန်က ဒက္ခိဏသီရိမြို့နယ်၊ သံလွင်အိမ်ရာ(၁)၊ ရွှေသစ္စာလမ်း၊ ဒက္ခိဏသီရိရပ်ကွက်နေထိုင်သူ မခင်ရတနာစိုး (၂၄)နှစ်သည် လယ်ဝေးမြို့ ကမ္ဘောဇဘဏ်မှ ငွေ (၂၃ဝဝဝဝ) နှစ်သိန်းသုံးသောင်းကျပ် သွားထုတ်ယူပြီး UKT စာတမ်းပါ ပလပ်စတစ်အိတ်အတွင်း ငွေထည့်၍ ၄င်း၏ဆိုင်ကယ် ၄၁/ယ----AGUO 125နက်ဖြူရောင်ဆိုင်ကယ်၏ဝဲဘက်တွင် ပိုက်ဆံထုတ်အားချိတ်၍ ဘဏ်မှပြန်လာခဲ့ရာ ဒက္ခိဏသီရိဈေးအနီး မိုးသောက်ပန်းလမ်းမှ သီရိမာလာလမ်းအရောက် သူရိယလမ်းသို့ ချိုးကွေ့ရန် ဆိုင်ကယ်အားအရှိန်လျော့၍ ချိုးကွေ့စဉ် နောက်မှဆိုင်ကယ်ဖြင့် မောင်းနှင်လိုက်လာသူ အမျိုးသား တစ်ဦးမှUKTစာတမ်းပါ ပိုက်ဆံထည့်ထားသောအိတ်အား ဆွဲဖြတ်လုယူသွားပြီး ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေး သွားရာ အနားရှိပတ်ဝန်းကျင်မှလူများအား အော်ဟစ်အကူအညီတောင်းကာ ၄င်းသူနောက် လိုက်လံဖမ်းဆီးရာTZTM နောက်ကျောလမ်းအရောက်တွင် ထိုသူမှာ ဆိုင်ကယ်တိမ်းမှောက်လဲသွားခဲ့ပြီး UKTစာတမ်းပါ အိတ်အား လွင့်ပြစ်၍ အတွင်းမှပိုက်ဆံများယူကာ ထွက်ပြေးသွားခဲ့သဖြင့် ရဲစခန်းသို့ ဖုန်းဆက်အကူအညီတောင်းရာ ဒက္ခိဏသီရိ မြို့မရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ် ချစ်မင်းဦး၊ နယ်ထိန်းတပ်ဖွဲ့ဝင်များ ချက်ချင်းရောက်ရှိလာကာ ပိုက်ဆံအိတ်လုယူ ထွက်ပြေးသွားသူလမ်းအတိုင်း လိုက်လံရှာဖွေရာ အဆိုပါလုယက်သူ သူရလွင်(ခ)ချဲလင်း (၂၄)နှစ်၊ ဆေးသုတ်လုပ်သား၊ သဲကောလေးကျေးရွာ၊ သဲကောကြီးအုပ်စု၊ လယ်ဝေးမြို့နယ်နေသူအား လက်ရဖမ်းဆီးရမိခဲ့သည်။
 ဖြစ်စဉ်နှင့်ပတ်သက်၍ ပိုက်ဆံအိတ်လုယူထွက်ပြေးသူ သူရလွင်(ခ)ချဲလင်း (၂၄)နှစ်အား ဒက္ခိဏသီရိမြို့မ ရဲစခန်းမှ အမှုဖွင့်လှစ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 မင်းမင်းလတ်(မန်းတက္ကသိုလ်)မြန်မာ့အလင်

No comments:

Post a Comment