Latest News

Wednesday, November 22, 2017

မောင်တောခရိုင်တွင် ၁၀ ရက်အတွင်း WY စိတ်ကြွဆေးပြားများ လေးကြိမ်မြောက် ဖမ်းမိ

မောင်တောခရိုင်တွင် ၁၀ ရက်အတွင်း WY စိတ်ကြွဆေးပြားများ လေးကြိမ်မြောက် ဖမ်းမိ

နိုဝင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းက မောင်တောမြို့နယ်၊ ဇူလရွာနဲ့ မန်ကျည်းကုန်းရွာ စပ်ကြားမှာ ဆာလာအိတ် ၃ လုံးနဲ့ ထုတ်ထားတဲ့ WY ဆေးပြား ငါးသိန်းခွဲကျော် ဖမ်းဆီးရမိတယ်လို့ မောင်တောခရိုင်ရဲတပ်ဖွဲ့က သိရပါတယ်။

မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဉာဏ်ဝင်းဦး ကြီးကြပ်တဲ့ ပူးပေါင်းလုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ မူးယစ်ဆေးဝါးသတင်းအရ သက်သေတွေပါခေါ်ပြီး အဖွဲ့ ၃ ဖွဲ့ခွဲ ပိတ်ဆို့ ရှာဖွေတဲ့အခါ မနက် ၁၁ နာရီလောက်မှာ ဇူလရွာနဲ့ မန်ကျည်းကုန်းရွာစပ် လယ်ကွင်းထဲမှာ ဆာလာအိတ် ၁ ထုတ်နဲ့ အဲ့ဒီနေရာနဲ့ ကပ်လျှက် တောင်ခြေခြုံထဲမှာ ဆာလာအိတ် ၁ ထုတ်၊ စုစုပေါင်း ဆာလာအိတ် ၂ ထုတ်ထဲမှာ ဆေးပြားပေါင်း ၅၅၉၆၅၀ (ငါးသိန်းငါးသောင်း ကိုးထောင် ခြောက်ရာ့ငါးဆယ်) ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ မောင်တောခရိုင်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

“လေးမိုင်ရပ်ကွက်ကနေ တောလမ်းအတိုင်း အဘူကာလောင်နဲ့ နောက် ၂ ယောက်က ဆာလာအိတ်တွေ ထမ်းသွားတာကို လေးမိုင်အုပ်ချုပ်ရေးမှူးကမြင်ပြီး သတင်းလှမ်းပို့တယ်။ ခရိုင်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့က သိဟိုဠ်ခြံဖက်က တဖွဲ့၊ ငွေတောင်ရွာလမ်းကတဖွဲ့၊ မန်ကျည်းကုန်းရွာလမ်းကတဖွဲ့ လမ်းကြောင်းသုံးခုခွဲပြီး ပိတ်ဆို့ရှာဖွေတယ်။ အဲ့ဒီမှာ ဇူလရွာနဲ့ မန်ကျည်းကုန်းရွာကြားမှာ အထုတ်တွေကို တွေ့တာပါ။ ဆေးပြားသယ်လာတဲ့ အဘူကာလောင်အဖွဲ့ကိုတော့ ရှာနေတုန်းပါ။” ဒုရဲမှူးကြီး ဉာဏ်ဝင်းဦးက ဒီဗွီဘီကို ပြောပါတယ်။

အခုဖမ်းဆီးရမိတဲ့ ဆေးပြားတွေဟာ ပန်းရောင် WY စိတ်ကြွဆေးပြားတွေဖြစ်ပြီး အရေအတွက် ၅၅၉၆၅၀၊ ဒေသပေါက်ဈေး၊ ကျပ်သိန်းပေါင်း တသောင်း တထောင် တရာ ကိုးဆယ့် သုံးသိန်း ရှိတယ်လို့ သိရပါတယ်။ အမှုကို မောင်တောမြို့မရဲစခန်းမှာ မယ(ပ)၁၇/၁၇၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၁ နဲ့ ဖွင့်လှစ်အရေးယူထားတယ်လို့ သိရပါတယ်။

မောင်တောခရိုင်ထဲမှာ WY စိတ်ကြွဆေးပြားတွေ ဆက်တိုက်ဖမ်းဆီးမိနေပြီး အခုဖမ်းဆီးရမိတာဟာ ဆယ်ရက်အတွင်း လေးကြိမ်မြောက် ဖမ်းဆီးရမိခဲ့တာပါ။ နိုဝင်ဘာ ၁၃ ရက်နေ့က ဘူးသီးတောင်မြို့ပေါ်မှာ ဆေးပြားအရေအတွက် တသန်းနီးပါး၊ ၁၇ ရက်နေ့က မောင်တောမြို့ပေါ်မှာ နေရာ ၂ ခုက ဆေးပြား တသန်း နီးပါးနဲ့ ဘူးသီးတောင်မြို့နယ်ထဲမှာ တသန်းနီးပါး ဖမ်းဆီးရမိခဲ့ပါသေးတယ်။ ဆေးပြားတပြားစီရဲ့ ဒေသတန်ဖိုးဟာ ၂၀၀၀ ကျပ်ရှိတယ်လို့ သိရှိရပါတယ်။

ဖမ်းဆီးရမိသူ ၂ ဦးကို အရေးယူထားပြီး ဖမ်းဆီးရမိမှု လေးခုနဲ့ ပတ်သက်ပြီး အလိုရှိသူ လေးဦးကိုတော့ ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေဆဲလို့ ရဲတပ်ဖွဲ့က သိရပါတယ်။

ဓာတ်ပုံ – ခရိုင်ရဲ

DVB

No comments:

Post a Comment