Latest News

Thursday, November 2, 2017

MMA ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံ အောင်လအန်ဆန်နှင့် တွေ့ဆုံခြင်း

MMA ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံ အောင်လအန်ဆန်နှင့် တွေ့ဆုံခြင်း

ရန်ကုန်မြို့ရှိ သုဝဏ္ဏ အားကစားရုံမှာ နိုဝင်ဘာ ၃ ရက် ညနေ ၆ နာရီတွင် ONE: HERO’S DREAM အမည်ဖြင့် ကျင်းပမယ့် ကမ္ဘာ့ကိုယ်ခံ ပညာပေါင်းစုံ MMA ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ကမ္ဘာ့မစ်ဒယ် ဝိတ်တန်းချန်ပီယံ အောင်လအန်ဆန်က သူ့ထက် ဝိတ်တန်းသာတဲ့ ဟဲဗီးဝိတ်တန်း ကစားသမား ဂါလာနီနဲ့ ယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။

ဂါလာနီဆိုတာ MMA ပြိုင်ပွဲမှာ အမြန်ဆုံး အလဲထိုး အနိုင်ယူသူဆိုပြီး ကျော်ကြား နေသူဖြစ်ပါတယ်။ ဟောင်ကောင်နိုင်ငံ အခြေစိုက် Impakt MMA အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ကင်မရွန်းနိုင်ငံမှာ မွေးဖွားသူ တစ်ဦးဖြစ်ပါတယ်။ ကြီးမားတဲ့ ခွန်အားနဲ့ လျင်မြန်မှု၊ တစ်ပတ်လှည့် ခြေကန်ချက် ပြင်းထန်သူဖြစ်တယ်။ ဟဲဗီးဝိတ်မွေထိုင်း ချန်ပီယံနဲ့ ကစ်ဘောင်ဆင် ကမ္ဘာ့ချန်ပီယံ တစ်ဦးလည်းဖြစ်ပါတယ်။ လျင်မြန်မှုနဲ့  ပြိုင်ဘက်ကို အဆုံးသတ် လေ့ရှိတာကြောင့် MMA ပြိုင်ပွဲမှာ သူ့ကို ကျားသစ်နက်လို့ အမည်ပြောင်ပေးထားပါတယ်။

ကချင် တိုင်းရင်းသား အောင်လအန်ဆန်ကတော့ အသက် ၃၂နှစ်အရွယ်ရှိပြီး ဇွန် ၃ဝ ရက်က ရုရှားနိုင်ငံသား ဗစ်တာလီ ဗစ်ဒက်ခ်ျကို အနိုင်ယူကာ ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံဆု ပူပူနွေးနွေး ရရှိထားသူဖြစ်ပါတယ်။ ဒါကြောင့် ဝိတ်တန်း မတူတဲ့ ဟဲဗီးဝိတ်သမား လူထွားကြီး ဂါလာနီနဲ့ယှဉ်ပြိုင်ဖို့ သို့မဟုတ် ကျားသစ်နက်နဲ့ စပါးကြီးမြွေ တွေ့ကြတဲ့ ပွဲအတွက် မြန်မာနိုင်ငံ ကိုယ်စားပြုယှဉ်ပြိုင်မယ့် အောင်လအန်ဆန်ရဲ့ ပြင်ဆင်ထားရှိမှု အခြေအနေကို အောင်လအန်ဆန်နဲ့တွေ့ဆုံမေးမြန်းပြီး ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

ပထမဆုံးအနေနဲ့ အစ်ကို့ရဲ့ ပြိုင်ပွဲအတွက်ပြင်ဆင် ထားရှိမှုကို အရင်ပြောပြပေးပါ။

ပြင်ဆင်မှုက   အကောင်းဆုံးပြင်ဆင်ထားပါတယ်။ ကျွန်တော့်ပြင်ဆင်မှုအတွက် ကျွန်တော်ယုံကြည်တယ်။ ဒီပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်မယ်။ ကျွန်တော့်ပြိုင်ဘက် က ကျွန်တော့်ထက် ဝိတ်ကြီးတယ်ဆိုပေမယ့် ကျွန်တော် လေ့ကျင့်တဲ့သူက သူ့ထက်ဝိတ် ပိုကြီးတယ်။ ပြီးတော့ ကျွန်တော့်ဝိတ်ကိုလည်း  အရင်ထက်ပိုပြီး  တင်ထားတယ်။ ဒါကြောင့် ဒီပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ။

ဒီပွဲအတွက် စိတ်လှုပ်ရှားမှုလေးကိုလည်း ပြောပြပေးပါဦး။

ဒီပွဲမှာ ကျွန်တော့်ပြိုင်ဘက်က ဟဲဗီးဝိတ်ဆိုတော့ ဟဲဗီးဝိတ်နဲ့ မစ်ဒယ်ဝိတ်က ဘယ်တုန်းကမှ မကစားဖူးဘူး။ ကျွန်တော့်အတွက်လည်း ပထမဆုံးအကြိမ်ဖြစ်လို့ စိတ်လှုပ်ရှားမိပါတယ်။ ဘယ်လိုပဲဖြစ်နေဖြစ်နေ ကျွန်တော် အနိုင်ယူမှာပါ။ ဒီပွဲမှာ ဝိတ်တန်းမတူတဲ့အတွက် ဘယ်နေရာတွေများ ပိုပြီး အားထုတ်ကြိုးစားထားသလဲ။ ဟဲဗီးဝိတ် သမားနဲ့  ကောင်းကောင်း လေ့ကျင့်ထားပါတယ်။ သူရဲ့ အားနည်းချက်၊ အားသာချက်တွေကို လေ့လာပြီး သီးသန့်ကျင့် ထားတာတွေလည်း ရှိပါတယ်။

ပြိုင်ဘက်ကစားသမားရဲ့ အသက်အရွယ်ကြီးမှုက အစ်ကို့အတွက် အားသာချက်ဖြစ်မလား။

ဟုတ်ပါတယ်။ အားသာချက်ဖြစ်ပါတယ်။ ဘာဖြစ် လို့လဲဆိုရင် ကျွန်တော်က သူ့ထက်ပိုပြီး အတွေ့အကြုံ ရှိတယ်။ ကျွန်တော်က ၁ဝချီ ထိုးဖူးတယ်။ သူက အဲဒီ လောက်အထိ  မထိုးဖူးဘူး။  အဲဒီတော့  ဒါတွေက ကျွန်တော့်အတွက် အားသာချက်ပါပဲ။

အရင် ချန်ပီယံခါးပတ် လုပွဲမှာ ဗစ်ဒက်ခ်ျကို လက်သီးထိုးချက်နဲ့ အနိုင်ယူမယ်ပြောပြီး တကယ်လည်း အနိုင် ယူနိုင် ခဲ့တယ်။ ဒီပွဲမှာရော ဘယ်လိုအနိုင်ယူမလဲ။

ကျွန်တော့်အနေနဲ့က သူ့ကို နှစ်ချီအတွင်း အနိုင်ယူမှာပါ။ သူက ဟဲဗီးဝိတ်ဆိုတော့ အားတော်တော်ရှိမယ်။ ပြီးတော့ မွေထိုင်းချန်ပီယံဆိုတော့ မြန်လည်းမြန်တယ်။ ပြိုင်ပွဲအတွင်းမှာ သူရဲ့ ဟာကွက် အခွင့်အရေးပေးတဲ့ အပေါ်မှာ  မူတည်ပြီး ယှဉ်ပြိုင်သွားမှာပါ။  ဒါပေမဲ့ ကျွန်တော် ဒါတွေကို ဂရုမစိုက်ပါဘူး။ ခုနကပြောခဲ့ သလိုပဲ နှစ်ချီအတွင်း အလဲထိုးမှာပါ။ ပြိုင်ဘက်ကစား သမားကိုတော့ ကံကောင်းပါစေလို့ ပြောချင်ပါတယ်။

ကမ္ဘာ့ချန်ပီယံဖြစ်ပြီး နောက်ပိုင်း ယှဉ်ပြိုင်ရမယ့်ပွဲ ဆိုတော့ ချန်ပီယံတစ်ယောက်အနေနဲ့ ဘယ်လောက် အထိ အားစိုက်ရလဲ။

အရင်ကထက်ပိုပြီး အားစိုက်ရပါတယ်။ ချန်ပီယံ တစ်ယောက်ဆိုတဲ့ ဂုဏ်ကို ထိန်းနိုင်ဖို့ဆိုတာက မလွယ်ပါဘူး။ ကိုယ့်ကို အမြဲစိန်ခေါ်မယ့်သူတွေ ရှိနေမှာပါ။ ဒါကြောင့် ကိုယ့်ဘက်က အဆင်သင့်ဖြစ်နိုင်ဖို့ အစဉ် မပျက် ကြိုးစားနေမှာပါ။ ဒီပွဲက စိန်ခေါ်ပွဲတစ်ပွဲသာဖြစ်တယ်ဆိုတော့ ကမ္ဘာ့ ချန်ပီယံ စိန်ခေါ်ပွဲက ဘယ်တော့ဖြစ်မလဲ။ လောလောဆယ်မှာတော့   ဘယ်သူဘယ်ဝါဆိုတာ ကျွန်တော်မသိသေးဘူး။  ဒါပေမဲ့  ကျွန်တော့်အနေနဲ့ ကမ္ဘာ့ ချန်ပီယံ ဘွဲ့ကို ထိန်းသိမ်းသွားမှာပါ။ ရရှိထားတဲ့ ချန်ပီယံဘွဲ့ကိုလည်း  အမြဲတမ်းထိန်းသိမ်းထားနိုင်ဖို့ ကြိုးစားနေမှာပါ။

ဒါဆိုရင် ၂ဝ၁၈ ခုနှစ်အတွင်းမှာ ဘယ်နှပွဲလောက် ယှဉ်ပြိုင်ပြီး ချန်ပီယံစိန်ခေါ်ပွဲက ဘယ်မှာလုပ်မလဲ။

၂ဝ၁၈ ခုနှစ်အတွင်းမှာ ကျွန်တော် သုံးပွဲလောက် ယှဉ်ပြိုင်မယ်။ ချန်ပီယံစိန်ခေါ်ပွဲက ဘယ်မှာလုပ်မလဲ ဆိုတာ မသိသေးဘူး။ မြန်မာနိုင်ငံမှာ လက်ခံကျင်းပရင် ပိုကောင်းတယ်။ ကျွန်တော့်အတွက် ပရိသတ်က တကယ် ကို အားဖြစ် စေတာကြောင့်ပါ။

နောက်တစ်ခုက ဒီမတိုင်မီ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အချိန်က ကချင်ပြည်နယ် အတွက်  ဘာတွေများတင်ပြခဲ့သေးသလဲ။

ကချင်ပြည်နယ်အတွက် တင်ပြခဲ့တာတွေရှိပါတယ်။   တိုင်ပင်ဆွေးနွေးတဲ့ သဘောပါ။   ပြီးတော့ ကျွန်တော့်ကို ဘာမဆို လွယ်လွယ်နဲ့ မရဘူး။ အရမ်း ကြိုးစားရမယ်။ တစ်ခုခုလိုချင်ရင် အမြဲတမ်းကြိုးစား နေရမယ်ဆိုပြီး ဆုံးမ စကားပြောခဲ့ပါတယ်။

ဒီပွဲပြီးရင်ရော ကချင်ပြည်နယ် ပြန်ဖို့ရှိသေးလား။

ဒီပွဲပြီးရင် ကျွန်တော့်သူငယ်ချင်း တစ်ယောက် ဖိလစ်ပိုင်နိုင်ငံမှာ ယှဉ်ပြိုင်မယ့်ပွဲရှိလို့  ပြန်ရမယ်။ ကချင် ပြည်နယ်ကို သွားဖို့ အစီအစဉ်ရှိပါတယ်။

မြန်မာပရိသတ်တွေ ကလည်း အားပေးမှုမြင့်တက် လာတဲ့အပေါ် ပရိသတ်တွေအတွက် ဘာများပြောချင် ပါသလဲ။

မြန်မာပရိသတ်တွေ  ကျွန်တော့်ကို  အားပေးလို့ ကျွန်တော် ဒီအဆင့်၊ ဒီအခြေအနေအထိ ရောက်လာတာ ပါ။ ကျွန်တော် ဒီကျေးဇူးတွေကို ဘယ်တော့မှမမေ့ပါဘူး။ ဒါကြောင့် ဒီကျေးဇူးတွေပြန်ဆပ်ဖို့ ကျွန်တော့်မှာ အစီ အစဉ်ရှိပါတယ်။  အခုပွဲမှာလည်း ပရိသတ်တွေအတွက် နိုင်ပွဲရယူပေးမှာပါ။ ကမ္ဘာမှာ မြန်မာဆိုတာ ဘာလဲ သိအောင် အစွမ်းပြမယ်။ အားလုံးဂုဏ်ယူနိုင်အောင် ကြိုးစားသွားမယ်လို့ ပရိသတ်တွေကို ကတိပေးပါတယ်။

တီတီ(မြဝတီ)

No comments:

Post a Comment