Latest News

Wednesday, November 22, 2017

မောင်တော ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို ပြည်နယ်လွှတ်တော်ထံ တင်ပြဖို့ အဆိုတင်

မောင်တော ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို ပြည်နယ်လွှတ်တော်ထံ တင်ပြဖို့ အဆိုတင်

ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်ဒေသ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ပြည်နယ်လွှတ်တော်ထံ ပွင့်ပွင့်လင်းလင်းတင်ပြပေးဖို့ ရခိုင်ပြည်နယ်အစိုးရကို တိုက်တွန်းကြောင်း အဆိုကို ဒီနေ့ကျင်းပတဲ့ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ တင်သွင်းလိုက်ပါတယ်။

အဆိုကိုတင်သွင်းခဲ့တဲ့ မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက အစိုးရအနေနဲ့ သူတို့ရဲ့လုပ်ဆောင်ချက်တွေကို လွှတ်တော်ကိုတင်ပြတာမရှိတဲ့အတွက် အခုလို အဆိုတင်သွင်းတာလို့ ပြောပါတယ်။

အစိုးရအနေနဲ့ ပြည်သူနဲ့လက်တွဲပြီး ပူးပေါင်းဆောင်ရွက်မယ်လို့ ကြွေးကြော်ထားပေမယ့် လက်ရှိဆောင်ရွက်နေတဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်သူတွေ သိခွင့်မရကြဘူးလို့လည်း ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းကပြောပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စီမံကိန်းတစ်ချို့အတွက် ကုမ္ပဏီတွေကိုလေလံပေးပြီးမှ လွှတ်တော်ကို တင်ပြလာတာမျိုးတွေလည်း ရှိနေတဲ့အတွက် အဲဒီစီမံကိန်းတွေရဲ့ အားနည်းချက်၊ အားသာချက်တွေကို လွှတ်တော်ကနေ ထောက်ပြပြောဆိုနိုင်ခြင်း မရှိတာတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိဆောင်ရွက်နေတဲ့ စီမံကိန်းတွေနဲ့ပတ်သက်ပြီး ပြည်သူလူထုသိခွင့်ရှိမှအားသာချက်၊ အားနည်းချက်တွေကို လွှတ်တော်ကနေတစ်ဆင့် ထောက်ပြနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်အစိုးရအဖွဲ့ဥပဒေ အခန်း(၄)၊ ပုဒ်မ-၄၂(ခ)အရ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်ဒေသတွေ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေကို လွှတ်တော်ထံ အစီရင်ခံစာတင်ဖို့လိုအပ်တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက လွှတ်တော်မှာ ထောက်ပြခဲ့ပါတယ်။

အဆိုနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး ကန့်ကွက်သူမရှိတာကြောင့် ဆက်လက်ဆွေးနွေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

RFA

No comments:

Post a Comment