Latest News

Monday, November 6, 2017

အမေရိကန်လွှတ်တော်ရှေ့ ကရင်လူမျိုး ဆန္ဒပြပွဲ

အမေရိကန်လွှတ်တော်ရှေ့ ကရင်လူမျိုး ဆန္ဒပြပွဲ

အမေရိကန်လွှတ်တော်ရှေ့ ကရင်လူမျိုးဆန္ဒပြပွဲ (ခရက်ဒစ်-Ma Sumon Facebook)

မြန်မာနိုင်ငံတွင်းက ကရင်လူမျိုးတွေအပါအ၀င် တိုင်းရင်းသားလူမျိုးစုတွေအရေးနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆက်ပြီး ထောက်ခံကူညီသွားဖို့နဲ့၊ မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားလူမျိုးစုတွေအပေါ် မျိုးတုံးသတ်ဖြတ်ရှင်းလင်းမှုတွေမဖြစ်အောင် အကာအကွယ်ပေးဖို့ ကရင်လူမျိုး ထောင်ဂဏန်းလောက် စုဝေးပြီး အမေရိကန်လွှတ်တော်ရှေ့မှာ စုဝေး ဆန္ဒပြပွဲတရပ်ပြုလုပ်နေပါတယ်။ အမေရိကန်စံတော်ချိန် မနက် ၁၀နာရီမှာ စတဲ့ဒီ ဆန္ဒပြပွဲကို သတင်းယူဖို့ ရောက်ရှိနေတဲ့ မဆုမွန်ကို နန်းလောင်ဝ် က ဆက်သွယ်မေးမြန်းထားပါတယ်။

နန်းလောင်ဝ် ။ ။အခုဆန္ဒပြဖို့လာကြတဲ့ ကရင်တိုင်းရင်းသားတွေက နယ်ပေါင်းစုံ က ရောက်နေပြီဆိုတော့ အဲဒီမြင်ကွင်းကို အရင်ဆုံးပြောပြပေးပါရှင့်။

မဆုမွန်။ ။အခုရောက်နေတဲ့ နေရာကတော့ အမေရိကန်ပြန်ထောင်စု ၀ါရှင်တန်ဒီစီမြို့တော်ရဲ့ အမေရိကန်ကွန်ကရက်လွှတ်တော်ရှေ့တည့်တည့်ပေါ့နော် ဒီ National Mall ဆိုတဲ့နေရာမှာ အားလုံးစုဝေးပြီးတော့ ရောက်နေကြတာပါ။ တော်တော်လေးကို များပါတယ်။ ထောင်နဲ့ ချီပြီးတော့ ကရင်တိုင်းရင်းသားတွေ အကုန်လုံးစုဝေးနေကြတာပါ။ သူတို့က တိုင်းရင်းသားဝတ်စုံတွေ အကုန်လုံး ၀တ်ဆင်ထားတယ်။ နောက်ကရင်အလံတွေပေါ့နော် နောက်အဖွဲ့အစည်းပေါင်းစုံရဲ့ အလံတွေလည်း အများကြီးပါပါတယ်။ နောက်ပြီးတော့ သူတို့ဆန္ဒတွေကို ထုတ်ဖော်ထားတဲ့ စာတန်းတွေကိုလည်းကိုင်ဆောင်ထားကြပါတယ်။ အမေရိကန်ပြည်ထောင်စုတခုတည်းတင်မဟုတ်ပါဘူး။ ကနေဒါနိုင်ငံက ကရင်တိုင်းရင်းသားတွေလည်း လာပြီးတော့မှ စုပေါင်းပြီး အင်အားပြကြတယ်လို့ သိရပါတယ်ရှင့်။

နန်းလောင်ဝ် ။ ။သူတို့ ဒီလိုလာပြီးဆန္ဒပြတာက သူတို့လိုလားချက်တွေက ဘာပါလဲ၊ သူတို့ဘာကိုမျှော်လင့်ကြတာပါလဲ

မဆုမွန်။ ။ဟုတ်ကဲ့ ခုနလေးတင်မှ ကျမက ဒီအဖွဲ့ကိုဦးဆောင်တဲ့ အမေရိကန် ကရင်အမျိုးသားအစည်းအရုံးကခေါင်းဆောင်တဲ့သူနဲ့ စကားပြောကြည့်တဲ့အခါမှာတော့ ပြည်တွင်းစစ်က ၁၀ စုနှစ်နဲ့ချီပြီးတော့ မြန်မာပြည်မှာကြာနေပြီ အခုအချိန်အထိလည်း ကရင်အပါအ၀င် တိုင်းရင်းသား လူနည်းစုတွေက အခုအချိန်အထိ လူ့အခွင့်အရေးချိုးဖော်မှုတွေခံနေရတယ်။ တပ်မတော်ဘက်ကနေပြီးတော့ တိုင်းရင်းသားတွေကို ရှင်းလင်းမှုတွေပေါ့နော် လူမျိုးတုံးအောင်ရှင်းလင်းမှုတွေလုပ်နေတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေလုပ်နေတယ်။ ဒါတွေနဲ့ ပတ်သက်ပြီ အရပ်သားအစိုးရတက်လာတဲ့အချိန်အထိ သူတို့မှာ ခံစားနေရတုန်းပဲပေါ့နော်။ ဒါကို အမေရိကန်ပြည်ထောင်စုအပါအ၀င် အမေရိကန်လွှတ်တော်က တာဝန်ရှိတဲ့သူတွေရော နိုင်ငံတကာရော၊ တကမ္ဘာလုံးကပါ သိအောင်လို့ဆိုပြီး အခုလို ထောင်နဲ့ သောင်းနဲ့ ချီပြီး စုဝေးပြီးလာဆန္ဒပြတယ်လို့ ပြောပါတယ်ရှင့်။

နန်းလောင်ဝ် ။ ။ဟုတ်ကဲ့ ဒီနေ့လာပြီဆန္ဒပြတဲ့အထဲမှာ ဘယ်သူတွေက ဦးဆောင်မိန့်ခွန်းပြောတာရှိပါသလဲ။ အမေရိကန်လွှတ်တော်အမတ်တွေရော လာပြီးတော့ စကားပြောတာ ရှိပါသလား။

မဆုမွန်။ ။အဓိက ဒီ စုဝေးပွဲကိုတော့ ကရင်တိုင်းရင်းသားတွေ ၊ ကရင်ခေါင်းဆောင်တွေ ကရင်အဖွဲ့အစည်းအသီးသီးက လူတွေက ကရင်ဘာသာစကားနဲ့ သူတို့ပြောပါတယ်။ ဒါပေမယ့် ခုနက အစည်းအဝေးကို ဦးဆောင်ပြီးတော့ လှုပ်ရှားတဲ့ စတက်ဖာနီဆိုတဲ့ အမျိုးသမီးပေါ့ အမေရိကန်အမျိုးသမီးကတော့ ပြောပါတယ်။ ဒီအစည်းအဝေးပြီးတာနဲ့ ဒီကခေါင်းဆောင်တွေက လွှတ်တော်ထဲကို ၀င်ပြီးတော့မှ တိုင်းရင်းသားအရေး အထူးသဖြင့် အာရှရေးရာနဲ့ ပတ်သက်တဲ့ ကော်မတီတွေ၊ လွှတ်တော်ပိုင်းက တာဝန်ရှိတဲ့လူတွေကို သွားပြီးတော့မှ ဒီအဖွဲ့အစည်းတွေအသီးသီး၊ နောက်ကရင်တမျိုးသားလုံးရဲ့ တောင်းဆိုတဲ့ ဆန္ဒပြတဲ့အချက်တွေအကုန်လုံးကို အမေရိကန် လွှတ်တော်ကိုလည်း တင်ပြမယ်၊ အမေရိကန်ရဲ့ အစိုးရကိုလည်း တင်ပြမယ်။ နောက်ပြီးတော့ အိမ်ဖြူတော်ကိုလည်း သွားပြီးတော့မှ သူတို့ရဲ့ဆန္ဒတွေ၊ ထုတ်ဖော်ချက်တွေအကုန်လုံးကို ပြောမယ်လို့ သိရပါတယ်ရှင့်။

နန်းလောင်ဝ် ။ ။ဟုတ်ကဲ့ လာပြီးတော့ တက်ရောက်တဲ့အထဲမှာ ကရင်လူမျိုးတွေကြီးပဲလား၊ တခြားအမေရိကန်ပြည်ထောင်စု မှာရောက်နေတဲ့ တခြားတိုင်းရင်းသားလူမျိုးတွေရော လာတာမျိုးရှိလား။

မဆုမွန်။ ။ဟုတ်ကဲ့ရှင့် ၊ အများစုကတော့ ကရင်တိုင်းရင်းသားတွေလာကြပါတယ်၊ တခြားမျိုးနွယ်စုတွေလည်းပါတယ်လို့ သိရပါတယ်။ ဒါပေမယ့် အများစုကတော့ ကရင်တိုင်းရင်းသားတွေ အများစုလာပြီးတော့ ဆန္ဒပြကြတာပါ။ ပြည်နယ်အသီးသီးပေါ့နော် ပြည်နယ်အားလုံးလောက်ကလာပြီးဆန္ဒပြတယ်လို့ သိရပါတယ်။ တော်တော်များများဝေးတဲ့ ပြည်နယ်တွေကလည်း လာပြီးတော့ ဆန္ဒပြကြပါတယ်။ နောက်ပြီးတော့ ဒီမှာ နည်းနည်းထူးခြားတာကတော့ သက်ကြီးအဖိုးအဖွားတွေရော ၊ အမျိုးသမီး၊ ကလေးတွေရော အကုန် လာပြီးပြကြတယ်၊ သူတို့အားလုံးက ပြည်တွင်းစစ်ဒဏ်ကို ခံခဲ့ရတဲ့ အဓိက ဒုက္ခသည်တွေလို့ပြောပါတယ်ရှင့်။

နန်းလောင်ဝ် ။ ။အခုသူတို့က လူမျိုးတုံးသတ်ဖြတ်မှုကနေ အကာအကွယ်ပေးတောင်းဆိုကြတယ်ဆိုတော့ လက်ရှိမြန်မာပြည်မှာ ဖြစ်နေတဲ့ အခြေအနေက ဒီသဘောသက်ရောက်တယ်လို့ မြင်တဲ့သဘောဟုတ်ပါသလားရှင့်။

မဆုမွန်။ ။ဟုတ်ပါတယ်ရှင့်။ ခုနကတုန်းက ဦးဆောင်သူတယောက်ရဲ့အပြောအရဆိုရင် သူတို့အားလုံးက အမေရိကန်ပြည်ထောင်စုမှာ ရောက်နေကြတယ်ဆိုပေမယ့် နယ်စပ်အသီးသီးမှာ ရှိနေတဲ့ ဒုက္ခသည်တွေက အခုအချိန်အထိ ဒုက္ခရောက်တုန်းပဲ နောက် ကရင်ဒုက္ခသည်အပါအ၀င် တိုင်းရင်းသားဒေသမှာရှိတဲ့ ဒုက္ခသည်တွေကို လူသားချင်းစာနာမှု အကူအညီတွေ ရပ်ပစ်လိုက်တာတွေရှိတယ်။ သူတို့အတွက် အဓိက အခြေခံစားနပ်ရိက္ခာနဲ့ နေဖို့ထိုင်ဖို့အတွက်တောင်တော်တော်လေး ဒုက္ခရောက်နေရတာ သိတဲ့အတွက် သူတို့ဟာ အမေရိကန်ပြည်ထောင်စုနဲ့ တခြားနိုင်ငံတွေကိုရောက်နေပေမယ့်ဒုက္ခသည်တွေအရေးကို လစ်လှူမရှုနိုင်တဲ့အတွက် သူတို့က စုပေါင်းအင်အားပြတဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုကိုရော နိုင်ငံတကာကိုရော ကမ္ဘာကိုရောသိအောင်လာပြီးတော့ ထောင်နဲ့သောင်းနဲ့ချီပြီး စုဝေးဆန္ဒပြကြတယ်လို့ ပြောပါတယ်ရှင့်။ အခုအချိန်အထိလည်း အခမ်းအနားက လုပ်နေတုန်းပါပဲ။

နန်းလောင်ဝ်။ ။သူတို့ ရှေ့ဆက်လုပ်ဖို့ရော ဒီလိုဆန္ဒပြပွဲတွေ ဆက်လုပ်ဖို့ရော ရှိပါသေးသလား။

မဆုမွန်။ ။အခုလောလောဆည်အထိကတော့ သူတို့ဘက်က ဒါက ဒီနှစ်အတွက်ကတော့ တတိုင်းပြည်လုံးမှာရှိတဲ့ ကရင်တိုင်းရင်းသားတွေ သူတို့စုဝေးပြီး ဆန္ဒပြတယ်။ ဒါကတော့ လူအင်အားနဲ့ စုပြီးတော့ ဆန္ဒပြတာဖြစ်ပါတယ်။ ဒါပေမယ့်ဒီလွှတ်တော်ပိုင်းတို့ သက်ဆိုင်တဲ့ တာဝန်ရှိတဲ့သူအပိုင်းတို့ကတော့ နောက်ပြီး မြန်မာအစိုးရနဲ့ တိုက်ရိုက်ဆက်သွယ်ပြီးလုပ်ရမယ့်အဆင့်ဆင့်ကိုလည်း သူတို့ဆက်ပြီးတော့ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်ရှင့်။

နန်းလောင်ဝ်။ ။ဟုတ်ကဲ့ မဆုမွန်ရေ ကျေးဇူးတင်ပါတယ်။

မဆုမွန်။ ။ဟုတ်ကဲ့ပါရှင်။

ဒီ ဆန္ဒပြပွဲကို သတင်းယူဖို့ ရောက်ရှိနေတဲ့ မဆုမွန်ကို နန်းလောင်ဝ် ဆက်သွယ်မေးမြန်းထားတာပါ။

မဆုမွန်(ဗွီအိုအေ)

No comments:

Post a Comment