Latest News

Sunday, October 1, 2017

YBS ၂၅ နှင့် ၃ဝ တွင် ဘတ်စ်ကားသစ် ၄၁စီး ဖြင့် ထပ်တိုးပြေးဆွဲမည်

YBS ၂၅ နှင့် ၃ဝ တွင် ဘတ်စ်ကားသစ် ၄၁စီး ဖြင့် ထပ်တိုးပြေးဆွဲမည်

YBS ၂၅ နှင့် YBS ၃ဝ ယာဉ်လိုင်းတွင် ဘတ်စ်ကားသစ်စီးရေ ၄၁ စီး ဖြင့် အောက်တိုဘာလ ၂ ရက်နေ့တွင် ထပ်တိုးပြေးဆွဲသွားမည်ဖြစ်ကြောင်း ဗန္ဓုလသယ်ယူပို့ဆောင်ရေးအများပိုင် ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမျိုးမြင့်က မဇ္ဈိမသို့ အတည်ပြုပြောသည်။

ဒဂုံတက္ကသိုလ်မှ ဗိုလ်တစ်ထောင်ထိပြေးဆွဲ နေသော YBS ၂၅ တွင် ဘတ်စ်ကားသစ်အစီးရေ ၂ဝ၊ ဒဂုံတက္ကသိုလ်မှ သခင်မြပန်းခြံထိ ပြေးဆွဲနေသော YBS ၃ဝ ယာဉ်လိုင်းတွင် ဘတ်စ်ကားသစ်အစီးရေ ၂၁ စီးတို့ဖြင့် အောက်တိုဘာလ ၂ ရက်တွင်  ထပ်တိုးပြေးဆွဲသွားမည်ဖြစ်သည်။

“ မနေ့က အင်းတကော်စက်ရုံကနေပြီးတော့ ပါရမီကားဝန်းထဲကို ကားသစ် ၄၁ စီး မနေ့ကရောက်တယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ဝန်ကြီးချုပ်က Yutong ကားတွေသွင်းတာက G to G သွင်းလိုက်တော့ တစ်ခါတည်းတန်း ရောက်တာ။  Yutong စက်ရုံနဲ့ မြန်မာ့စီးပွားရေး ဦးပိုင်နဲ့ ပေါင်းပြီးတော့ အင်းတကော်မှာ တပ်ဆင်ရေး စက်ရုံထောင်ထားပြီးတော့ ဒီမှာတပ်ဆင်တာ။ ဗန္ဓုလအတွက်ကို ဘတ်စ်ကားအသစ် ၂၁၄ စီးအတွက် တပ်ဆင်ဖို့ကို သင်္ဘောလေးခေါက်နဲ့ ရောက်ပြီးပြီ။ အဲ့ဒီရောက်တဲ့အထဲကနေပြီးတော့မှ အခု ၄၁ စီးက ပထမအသုတ်အနေနဲ့ လွှဲပေးတာ။ ဒီကားတွေကို မနက်ဖြန်က စပြီး ပြေးဆွဲပေးမယ်”ဟု ဦးမျိုးမြင့်က ပြော သည်။

အင်းတကော်စက်ရုံတွင် ဗန္ဓုလသယ်ယူပို့ဆောင်ရေးအများပိုင်ကုမ္ပဏီအတွက်  ၂၁၄ စီး တပ်ဆင်ပေးနေပြီး စက်တင်ဘာလ ၃ဝ ရက်နေ့တွင်  ၄၁ စီးရရှိခဲ့ကာ  နိုဝင်ဘာလတွင် ၁၂၃ စီး ၊ ဒီဇင်ဘာလတွင် အစီး ၅ဝ အသီးသီး ထပ်မံရောက်ရှိမည်ဖြစ်သည်။

ထပ်တိုးပြေးဆွဲမည့် ဘတ်စ်ကားသစ် ၄၁ စီးအား ယနေ့ အောက်တိုဘာလ ၁ ရက် နေ့တွင် ကားအတွင်း/အပြင် စာတန်းများတပ်ဆင်ခြင်း၊ YBS စတင်ကာများ ကပ်ခြင်း၊ အသံစနစ်များ၊ မီးစနစ် များ စစ်ဆေးခြင်းများ၊ ယာဉ်မောင်းများအား နေရာချပေးခြင်းများနှင့် လိုအပ်သည့် ပြင်ဆင်မှုများပြုလုပ်နေကြောင်း သိရသည်။

လက်ရှိတွင် ဗန္ဓုလသယ်ယူပို့ဆောင်ရေးအများပိုင်ကုမ္ပဏီမှ  YBS ၁၂၊ YBS ၁၄၊ YBS ၂၅၊ YBS ၃ဝ နှင့် YBS ၃၈ ယာဉ်လိုင်း ၅ လိုင်းတို့တွင် ဘတ်စ်ကား ၁၉၃ စီးဖြင့် ပြေးဆွဲနေသည်။

Mizzima

No comments:

Post a Comment