Latest News

Monday, October 30, 2017

အန်အယ်လ်ဒီအစိုးရ၏ စီးပွားရေးစီမံခန့်ခွဲမှု ယခင်အစိုးရလောက် မကောင်းဟု စစ်တမ်းထုတ်

အန်အယ်လ်ဒီအစိုးရ၏ စီးပွားရေးစီမံခန့်ခွဲမှု ယခင်အစိုးရလောက် မကောင်းဟု စစ်တမ်းထုတ်

လက်ရှိ အန်အယ်လ်ဒီအစိုးရရဲ့ စီးပွားရေးစီမံခန့်ခွဲတာဟာ ပြီးခဲ့တဲ့ အစိုးရနဲ့ နှိုင်းယှဉ်ရင် မကောင်းဘူးလို့  စီးပွားရေးလုပ်ငန်းရှင်အများစုက ဖြေဆိုခဲ့တယ်လို့  ပြည်တွင်း စစ်တမ်းတခုက ဆိုပါတယ်။

Myanmar Insider စီးပွားရေးဂျာနယ်က သုံးလတကြိမ် ပြုလုပ်တဲ့ စီပွားရေးဆိုင်ရာ ယုံကြည်မှုညွှန်းကိန်းမှာ ဖော်ပြထားတာပါ။

လက်ရှိအစိုးရရဲ့ စီးပွားရေးစီမံခန့်ခွဲတာကို ကောင်းတယ်လို့ ဖြေသူ ၁၂ ရာခိုင်နှုန်းရှိပြီး ၅၈ ရာခိုင်နှုန်းက မကောင်းဘူးလို့ ဖြေပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်က စီးပွားရေးစီမံခန့်ခွဲမှု ကောင်းတယ်လို့ ဖြေဆိုသူ ၄၆ ရာခိုင်နှုန်းရှိပြီး ၁၉ ရာခိုင်နှုန်းက မကောင်းဘူးလို့ ဖြေပါတယ်။ အစိုးရ နှစ်ရပ်လုံးလက်ထက်မှာ ပုံမှန်ပဲလို့ ဖြေဆိုသူ ၂၇ ရာခိုင်နှုန်းစီနဲ့ တူညီတာ စစ်တမ်းမှာ တွေ့ရှိရပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ စီးပွားရေးအခြေအနေ မကောင်းဘူးလို့ ၆၃ ရာခိုင်နှုန်းက ဖြေထားပြီး နောက် ၃ လမှာ ပိုဆိုးမယ်လို့ အများစုက ဖြေထားပါတယ်။

ပြီးခဲ့တဲ့ တနှစ်နဲ့ယှဉ်ရင် ကုမ္ပဏီတွေရဲ့ အခွင့်အလမ်းနဲ့ ခြိမ်းခြောက်မှုတွေဟာ အတူတူပဲ ဖြစ်ပြီး လာမယ့် သုံးလမှာတော့ အလားအလာ ပိုကောင်းမယ်လို့ ယုံကြည်သူကတော့ အများစု ရှိနေပါတယ်။ ဒါပေမယ့် လက်ရှိထက်ပိုပြီး ရင်းနှီးမြှုပ်နှံဖို့ မသေချာဘူးလို့ အများစုက ဆိုပါတယ်။

စစ်တမ်းအရ စီးပွားရေး အလားအလာ အနုတ်ပြနေတယ်လို့လည်း လုပ်ငန်းရှင် အများစုက ဆိုပါတယ်။

လုပ်ငန်းတခုချင်းစီရဲ့ အခြေအနေမှာတော့ အခွန်အပါအဝင် ကုန်ကျစရိတ်တွေက လုပ်ငန်းအတွက် စိုးရိမ်စရာလို့ ဆိုကြပြီး လာမယ့် သုံးလအတွင်း ပြည်ပနဲ့ ပြိုင်ဆိုင်ရတာက လုပ်ငန်းတွေအပေါ် သက်ရောက်မှု ပိုများတယ်လို့ ဆိုပါတယ်။

နိုင်ငံတခုရဲ့ စီးပွားရေးကို ပြုပြင်ပြောင်းလဲရာမှာ မိုက်ခရို စီးပွားရေးကို တည်ငြိမ်အောင် လုပ်တာနဲ့ အခြေခံအဆောက်အဦတွေ ပြုပြင်ပြောင်းလဲရေးလို့ နှစ်ဆင့်ရှိပြီး ဒုတိယအဆင့်က ပိုခက်တယ်လို့ စီးပွားရေး သုတေသီ ဒေါက်တာဇော်ဦးက ပြောပါတယ်။

“ပြီးခဲ့တဲ့ အစိုးရက မိုက်ခရိုစီးပွားရေးကို တည်ငြိမ်အောင် လုပ်နိုင်ခဲ့တယ်။ ဒီအစိုးရ လက်ထက်မှာတော့ ပိုခက်တဲ့အဆင့်ကို ကြုံနေရတယ်။ တခြားနိုင်ငံတွေလည်း ဒီအဆင့်မှာ ခက်တာပါပဲ။ ကျနော်တို့ တိုင်းပြည်ကတော့ ဒီဒဏ်ကို ပိုပြီးခံရပါတယ်” လို့ ပြောပါတယ်။

ဒီစစ်တမ်းကို အလုပ်သမား ဆယ်ဂဏန်းကနေ ထောင်ဂဏန်းအထိရှိတဲ့ လုပ်ငန်းရှင် အယောက် ၅၀ ကျော်ကို မေးမြန်းထားတာဖြစ်ပြီး ဖြေဆိုသူတွေကိုလည်း မှတ်တမ်းတင်ထားတယ်လို့ Myanmar Insider ဂျာနယ်က ဆိုပါတယ်။

DVB

No comments:

Post a Comment