Latest News

Monday, October 2, 2017

အမြန်ဆုံးအလဲထိုးစံချိန်ရှင်နှင့် အောင်လ ထိုးသတ်မည်

အမြန်ဆုံးအလဲထိုးစံချိန်ရှင်နှင့် အောင်လ ထိုးသတ်မည်

ရန်ကုန်၊ အောက်တိုဘာ ၂

မြန်မာ့စပါးအုံးဟု တင်စားခေါ်ဝေါ်ခြင်းခံထားရသည့် ကချင်တိုင်းရင်းသား ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား အောင်လအန်ဆန်းသည် One Championship ပြိုင်ပွဲသမိုင်းတစ်လျှောက် အမြန်ဆုံးအလဲထိုးစံချိန်ရှင်နှင့် နိုဝင်ဘာလ ၃ ရက်နေ့တွင် ရန်ကုန်မြို့၊ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းတွင် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

အောင်လအန်ဆန်းနှင့် ယှဉ်ပြိုင်ထိုးသတ်မည့် ကင်မရွန်းလူမျိုးAlain Ngalani သည် လက်ရှိတွင် ဟောင်ကောင်နိုင်ငံကိုယ်စားပြုအနေနှင့် MMA ပြိုင်ပွဲများတွင် ယှဉ်ပြိုင်နေသူဖြစ်ပြီး ၄င်းသည် စက်တင်ဘာလ ၁၆ ရက်နေ့က One Chanmpionship ပြိုင်ပွဲအဖြစ် ဂျပန်နိုင်ငံသား Hideki Sekine နှင့် ယှဉ်ပြိုင်ခဲ့စဉ် ပထမအချီ ၁၁ စက္ကန့်အတွင်း အနိုင်ရရှိခဲ့သည့်အတွက် ပြိုင်ပွဲသမိုင်းတစ်လျှောက် အမြန်ဆုံးအလဲထိုးစံချိန်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

 အသက် ၄၂ နှစ်ရှိပြီဖြစ်သည့် Alain Ngalani သည် အရပ်အမြင့် ၅ ပေ ၁၁ လက်မ၊ ကိုယ်အလေးချိန် ၂၂၀ ကျော်ရှိကာ One Championship ဟဲဗီးဝိတ်တန်းတွင် ယှဉ်ပြိုင်နေသည့် ကစားသမားဖြစ်ပြီး  MMA (ကိုယ်ခံပညာပေါင်းစုံတိုက်ခိုက်ရေး) ပြိုင်ပွဲ ခုနစ်ပွဲယှဉ်ပြိုင်ခဲ့ပြီး လေးပွဲနိုင်၊ သုံးပွဲရှုံး ရလဒ်ရရှိထားသည်။

မြန်မာပြည်ဖွား၊ ကချင်လူမျိုး၊ အမေရိကန်နိုင်ငံသား ဖြစ်သည့် MMA တိုက်ခိုက်ရေးသမား အောင်လအန်ဆန်းသည် ပြီးခဲ့သည့် ဇွန်လက ရန်ကုန်မြို့တွင် ရုရှားနိုင်ငံသား ဗီတာလီ ဗစ်ဒက်ရှ်ကို အမှတ်ဖြင့် အနိုင်ရခဲ့ပြီး One Championship ပြိုင်ပွဲ၏ လက်ရှိ မစ်ဒယ်ဝိတ်တန်းချန်ပီယံဖြစ်သည်။

၁၉၈၅ ခုနှစ်ဖွား အောင်လမှာ ယခုအခါ အသက် ၃၂ နှစ်ရှိပြီဖြစ်ရာ ပြိုင်ဘက်နှစ်ဦးကြား အသက်ကွာဟမှုမှာ ၁၀ နှစ်ဖြစ်သည်။ အောင်လ၏ အရပ်မှာ ၆ ပေ ၁ လက်မဖြစ်ပြီး ကိုယ်အလေးချိန်မှာ ၁၈၅ ပေါင်ဖြစ်သည်။

၂၀၀၅ ခုနှစ်ထဲက ကိုယ်ခံပညာပေါင်းစုံ (MMA) ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် အောင်လသည် ပွဲပေါင်း ၃၀ ယှဉ်ပြိုင်ခဲ့ရာတွင် ၂၀ ပွဲနိုင်၊ ၁၀ ရှုံးရလဒ် ရရှိထားသည်။ အဆိုပါပွဲ ၃၀ တွင် One Championship ပြိုင်ပွဲ ငါးပွဲပါဝင်ပြီး လေးပွဲနိုင် တစ်ပွဲရှုံး ရလဒ် ရရှိထားသည်။

Photo : One Championship
The Voice Journal

No comments:

Post a Comment