Latest News

Tuesday, October 3, 2017

လက်ဖြင့်ပုတ်ရုံဖြင့် ရောဂါပျောက်ကင်းသည်ဆိုသော ပေါင်းတည် မြို့နယ်ရှိ ကလေးငယ်အား ကုသခွင့် ပိတ်သိမ်း

လက်ဖြင့်ပုတ်ရုံဖြင့် ရောဂါပျောက်ကင်းသည်ဆိုသော ပေါင်းတည်
မြို့နယ်ရှိ ကလေးငယ်အား ကုသခွင့် ပိတ်သိမ်း

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ လက်ဖြင့် ပုတ်ရုံဖြင့်ရောဂါများ ပျောက်ကင်းသည်ဆိုသော ကလေးငယ်အား ကုသခွင့်ကို ပိတ်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါ ကလေးငယ်ရှိရာ ပေါင်းတည်မြို့နယ်၊ ကြာနီကန်ကျေးရွာအုပ်စု၊ ရှားပေါင်းကျေးရွာသို့ ဆေးကုသရန် လာရောက်သည့်သူများ နေ့စဉ်ဆိုသလို များပြားလာနေရာ ဒုစရိုက်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ခြင်း၊ ရောဂါပိုးကူးစက်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ခြင်းတို့ ဖြစ်လာနိုင်ကြောင်း ဒေသခံများ၏ တောင်းဆိုချက်အရ ပိတ်သိမ်းမည် ဖြစ်ကြောင်း ကြာနီကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးရဲဝင်းက ပြောကြားသည်။

“ပိတ်ရတဲ့ အကြောင်းကတော့ ပျောက်ခြင်းမပျောက်ခြင်းနဲ့တော့ မဆိုင်ပါဘူး။ လမ်းတွေ ပျက်စီးတာ၊ နောက်သူတို့ မိသားစုက နေ့စဉ်ရန်ဖြစ်နေတယ်ဆိုပြီး အနီးနားမှာ ဆူပူလို့ ဒေသခံတွေက တိုင်ကြားလာလို့ ကုသခွင့်ကို ပိတ်သိမ်းဖို့ လုပ်ရတာပါ” ဟု ၎င်းက ပြောကြားသည်။

ယင်းကလေးငယ်ထံသို့ ဆေးလာကုသသည့် မော်တော်ယာဉ်များကြောင့် ရွာပုလဲ ကျေးရွာအနီး တံတားတစ်စင်း ကျိုးမည့်အနေအထား ဖြစ်ပွားခဲ့ပြီး ပြန်လည်ပြင်ဆင်ရန် အတွက် ဒေသခံများက လမ်းဖြတ်သန်းခ ကောက်ခံရာမှ လာရောက်ဆေးကုသသူများနှင့် အချင်းများမှုများလည်း ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ပိတ်ခိုင်းတာက ဖြစ်သင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဈေးသယ်တွေလည်း များလာတယ်။ ရန်တွေဖြစ်ကြတယ်။ သူတို့အမျိုးတွေကလည်း စကားများကြတယ်။ လမ်းတွေကလည်း ပျက်ကုန်ပြီ။ ဟိုဘက်ရက်က အရမ်းများနေလို့ဆိုပြီး ရွာကနေပေါင်းတည်ကို ခဏလာနေတယ်။ လိုက်လာကြတယ်။ အမှန်က ကလေးက နေမကောင်း ဖြစ်နေတယ်။ သူ့ကျန်းမာရေးလည်း မကောင်းဘူး။ ဒါကို ကုခိုင်းနေတော့ မကောင်းဘူးပေါ့။ ပိတ်ခိုင်းလိုက်တာ ကောင်းပါတယ်” ဟု မြို့ခံတစ်ဦးက ပြောကြားသည်။

ကလေးငယ်ထံသို့ ဆေးကုသရန် လာရောက်သူများမှာ နေ့စဉ်ဆိုသလို လူ ၂၀၀ ကျော်ခန့်ရှိပြီး ကျောင်းပိတ်၊ ရုံးပိတ်ရက်များတွင် ၆၀၀ ခန့်အထိ လာရောက်ကုသကြကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment