Sunday, October 29, 2017
ရဲတပ်ဖွဲ့ဝင်များကို ကတ်ကြေးဖြင့် ရန်ပြုသူအား ပစ်ခတ်ဖမ်းဆီး
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ နဝဒေးလမ်းနှင့် ဆုထူးပန်လမ်းထောင့်၌ အောက်တိုဘာလ ၂၈ ရက်နေ့ ညက ရဲတပ်ဖွဲ့ဝင်များကို ကတ်ကြေးဖြင့် ရန်ပြုသူအား (အထိကရုဏ်း နှိမ်နင်းရေးသေနတ်/ ရာဘာကျည်) ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရပါသည်။
ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ ၁၉၅၀ အချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ နဝဒေးလမ်းနှင့် ဆုထူးပန်လမ်းထောင့်၌ ကိုဇင်(ခ)ဇင်ဖြိုး၊ (၂၈)နှစ်၊ (၇၀)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)နေသူမှ တစ်ရပ်ကွက်တည်းနေ ကျော်မိုးထွန်း၊ (၂၄)နှစ်အား ဝက်အူလှည့်ဖြင့် ထိုးခဲ့သဖြင့် ကျော်မိုးထွန်းတွင် ဝဲလက်ဖျံထိုးသွင်းဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းအရ ဒဂုံတောင်မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ သွားရောက်ရှာဖွေရာ ကိုဇင် (ခ)ဇင်ဖြိုးအား ၄င်း၏နေအိမ်ရှေ့၌ တွေ့ရှိပြီး ဥပဒေအရဖြေရှင်းပြောဆိုစဉ် ၄င်းမှ အရှည်(၁၀)လက်မခန့်ရှိ ကတ်ကြေးဖြင့် ရဲတပ်ဖွဲ့ဝင်များအား လိုက်လံထိုးခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးတွင် ဝဲပခုံးပြတ်ရှဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့သည်။
ရဲတပ်ဖွဲ့ဝင်မှ ၁၂ဗို့ ပြောင်းချောသေနတ်(အထိကရုဏ်းနှိမ်နင်းရေးသေနတ်/ ရာဘာကျည်) ဖြင့် သတိပေး ပစ်ခတ်ခဲ့ရာ ကိုဇင်(ခ)ဇင်ဖြိုးတွင် ဝဲပေါင်ပေါက်ပြဲဒဏ်ရာ ရရှိခဲ့ သော်လည်း ဆက်လက်ရန်ပြု တိုက်ခိုက်သဖြင့် ဒုတိယအကြိမ်ထပ်မံသတိပေး ပစ်ခတ်ခဲ့ရာ ကိုဇင်(ခ)ဇင်ဖြိုးတွင် ရင်ဘတ်ထိမှန်ပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ၂၁၀၅ အချိန် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ဖမ်းဆီးပို့ဆောင်ခဲ့ပြီး အမှုဖွင့်အရေးယူထားရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
သစ်ထူးလွင်
ရဲတပ်ဖွဲ့ဝင်များကို ကတ်ကြေးဖြင့် ရန်ပြုသူအား ပစ်ခတ်ဖမ်းဆီး
Reviewed by timeayeyar
on
10:13 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment