Latest News

Wednesday, October 25, 2017

အိန္ဒိယနိုင်ငံမှ ပဲစင်းငုံအဝင်ပိတ် မြန်မာ့ပဲစင်းငုံဈေးထိုးကျ တောင်သူများအရှုံးပေါ်


အိန္ဒိယနိုင်ငံမှ ပဲစင်းငုံ ဈေးကွက် ဝင်ခွင့်ပိတ်လိုက်သည့်အတွက် ယခုနှစ်၌ ကုန်စည်ဒိုင်များ တောင်သူ လယ်သမားကြီး များ အရှုံးပေါ်ပြီး ပဲစင်းငုံ ဈေးကွက်ပျက်နေကြောင်း သျှမ်း/တောင် ကုန်စည်ဒိုင် အဖွဲ့ မှ သိရသည်။

ယခင်နှစ် ပဲစင်းငုံ ဈေးကွက်၏ အနိမ့်ဆုံးဈေးသည် တစ်ပိသာ ၁၃၀၀ ကျပ် ထိ ရှိခဲ့သော်လည်း ယခုနှစ်တွင်မူ အိန္ဒိယမှ တင်သွင်းခွင့်ပိတ်လိုက်သည့်အတွက် တစ်ပိသာ ဈေးနှုန်း ၅၀၀ ကျပ် ဝန်းကျင် အထိ ကျသွား ကြောင်း ၊ သို့သော် အဝယ်တော်မရှိ ဖြစ်နေကြောင်း သိရသည်။

“ကုန်သည်တစ်ချို့နဲ့ တောင်သူလယ်သမားကြီးတွေ လက်ထဲမှာ ဒီနေ့ဒီချိန်ထိ ပဲစင်းငုံတွေ ရှိနေသေးတယ် ။ အိန္ဒိယ ကပိတ်လိုက်တာ။ အရင်တုန်းက တစ်ပိသာကို ၁၃၀၀။ ၁၃၀၀ ဆိုတာ အရင်တုန်းကဈေးနှုန်းနဲ့ဆိုရင် အောက်ဈေးဘဲရှိသေးတယ်။ အရင်တုန်းကဆို ၂၀၀၀ ကျော်ထိရှိတာ။ ဈေးကျလာတော့ လူတွေက ၁၃၀၀ ဘဲဆိုပြီး ၀ယ်လှောင်ထားတယ်။ ဈေးပြန်တက်လာမှာကိုစောင့်ရင်းစောင့်ရင်း အဲ့မှာပဲ အိန္ဒိယ ကနေပြီးမှ မြန်မာပြည်က ပဲဝင်ခွင့်တွေကို ပိတ်လိုက်တယ် ။ ခုက အရှုံးက ဈေးကွက်ပျက်သွားတာ ၅၀၀ ပတ်လည်တောင် ဝယ်မယ့်သူမရှိဘူး” ဟု သျှမ်း/တောင် ကုန်စည်ဒိုင် အဖွဲ့ဝင် ဦးအောင်ဇေ ကပြောသည်။



အိန္ဒိယနိုင်ငံတွင်ယခုနှစ် ပဲစင်းငုံအထွက်များပြီး ဈေးမတက်လာသည့်အတွက်ကြောင့် မြန်မာပြည်မှ တင်သွင်းမည့် ပဲစင်းငုံ ကို ပိတ်လိုက်မှ အိန္ဒိယနိုင်ငံ ပဲဈေးကွက် ပြန်တက်လာမည်ဖြစ်ကြောင်း သိရသည်။

“အခုကတော့ အစိုးရကနေ ဝယ်ပေးမယ် ဆိုပြီးတော့မှ အစိုးရ နဲ့ ကုန်သည်တွေ လုပ်နေကြတယ်၊ အဆင်သိပ်မပြေဘူး ။ ဒီ ပဲကို အောက်ခံဈေးထားပြီး ဝယ်ပေးမယ် အရှုံးမဖြစ်အောင်ပေါ့ ။ ခုဟာက ဈေးကွက်ပျက်သွားတာ ၅၀၀ ပတ်လည်တောင် ဝယ်မယ့်သူမရှိဘူး ၊ ဒီနှစ် ပဲစင်းငုံ ရက်ရက်စက်စက်ကို အရှုံးပေါ်နေတယ် ရောင်းလို့လည်း အဆင်မပြေဘူး” ဟု ဦးအောင်ဇေ ကပြောသည်။

သျှမ်းပြည်အတွင်းပဲစင်းငုံအထွက်များဆုံးဖြစ်သော သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့တွင်မူ လက်ရှိတွင် လင်းခေးမှ- မန္ဒလေးမြို့အရောက်ပဲစင်းငုံဈေး ၅၀၀ ကျပ်သာရှိကြောင်း ပြောဆိုပါသည်။

ယခုနှစ် တန်ခူးလ နောက်ပိုင်းမှစပြီး မြန်မာပြည်မှပဲစင်းငုံများကို အိန္ဒိယနိုင်ငံ က ၀င်ခွင့် ပိတ်လိုက်သည်။ မြန်မာနိုင်ငံမှ ပြည်ပသို့တင်ပို့ရောင်းချသည့် ပဲများအနက် ပဲစင်းငုံသည် တတိယဝင်ငွေအများဆုံး ကုန်စည်ဖြစ် သည်။ တနှစ်လျင်တန်ချိန် ၃ သိန်းဝန်းကျင် ထွက်ရှိပြီး မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသတွင် အထွက်များသည်။ သျှမ်းပြည်တွင်မူ လင်းခေးမြို့သည် ပဲစင်းငုံစိုက်ပျိုးမှုအများဆုံးဖြစ်ကြောင်းသိရပါသည်။

သျှမ်းသံတော်ဆင့်/နန်းဆိုင်ဖူး
http://burmese.panglong.org

No comments:

Post a Comment