Latest News

Sunday, October 1, 2017

ဘုရင့်နောင် ကုန်စည်ဒိုင်မှတစ်ဆင့် ဆန်ဝယ်ယူပြီး ငွေမရှင်းနိုင်၍ ရှောင်တိမ်းသွားသည့် ဆန်ကုန်သည်ထံမှ ကုန်သည် ၂၅ ဦးက ဆန်ဖိုး ကျပ်သိန်း ၁၄၀၀၀ ကျော်ရရန်ရှိကြောင်း ကုန်စည်ဒိုင်သို့တင်ပြထား

ဘုရင့်နောင် ကုန်စည်ဒိုင်မှတစ်ဆင့် ဆန်ဝယ်ယူပြီး ငွေမရှင်းနိုင်၍ ရှောင်တိမ်းသွားသည့် ဆန်ကုန်သည်ထံမှ ကုန်သည် ၂၅ ဦးက ဆန်ဖိုး ကျပ်သိန်း ၁၄၀၀၀ ကျော်ရရန်ရှိကြောင်း ကုန်စည်ဒိုင်သို့တင်ပြထား

ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်မှတစ်ဆင့် ဆန်များဝယ်ယူပြီး ငွေမရှင်းပေးနိုင်၍ ရှောင်တိမ်းသွားသည့် ပြည်ပပို့ဆန်ကုန်သည်ထံမှ ကုန်သည် ၂၅ ဦးက ဆန်ဖိုး ကျပ်သိန်း ၁၄၀၀၀ ကျော် ရရန်ရှိသည်ဟု ကုန်စည်ဒိုင်သို့ တင်ပြထားကြောင်း သိရသည်။

စက်တင်ဘာ ၂၉ ရက်တွင် အဆိုပါကိစ္စ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆန်ကုန်သည်များက ငွေရှင်းပေးရန်ကျန်ရှိသည့် ဆန်ဖိုးငွေကို ကျပ်သိန်း ၃၀၀၀၀ ကျော်၊ ၄၀၀၀၀ ၀န်း ကျင်ရှိနိုင်မည်ဟု ခန့်မှန်းခဲ့ကြသည်။ စက်တင်ဘာ ၃၀ ရက်တွင် ယင်းကိစ္စကြောင့် နစ်နာမှု ရှိခဲ့သူကုန်သည်များကို ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်မှ စာရင်းကောက်ခံခဲ့ပြီး ကုန်သည် ၂၅ ဦးက ဆန်တန်ဖိုး ကျပ် ၁၄၀၀၆၅၉၆၅၁  (ကျပ် ၁၄၀၀၆ ဒသမ ၅၉ သိန်း) ရရန်ရှိကြောင်း သိရသည်။

“လောလောဆယ်အထိရှိတာ ၂၅ ဦး ပေါ့။ ကျပ်သိန်း ၁၄၀၀၀ ကျော် ဖြစ်ပါတယ်။ ဒီစာရင်းက ဘုရင့်နောင်ကုန်စည်ဒိုင် ကစာရင်း၊ တခြားလည်း ထပ်ရှိနိုင်တယ်။ နယ်က စက်ပိုင် တွေ၊ ကုန်သည်တွေစာရင်း မပေးရသေးတာ လည်းရှိနိုင်တယ်။ စာရင်းပေးလည်း မထူးဘူး လို့ယူဆပြီး မပြောဘဲနေတဲ့လူလည်း ရှိနိုင်တယ်” ဟု ဘုရင့်နောင်ဆန်ကုန်စည်ဒိုင် အသင်းဝင် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ထိုသို့ ရှောင်တိမ်းသွားသည့် ဆန်ကုန်သည်သည် ပြည်ပသို့ဆန်များ တင်ပို့နေသည့် လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ယခုဖြစ်ပွားသည့် ဆန်အမျိုးအစားများမှာလည်း ပြည်ပသို့ တင်ပို့နေသည့် ဆန်ကြမ်းအမျိုးအစားများ နှင့် ဆန်ကွဲများဖြစ်ကြောင်း သိရသည်။

“export လိုင်းဆန်မို့ ဒီလောက်အထိ ဖြစ်သွားတာ။ အကြွေးနဲ့ လည်ပတ်နေတာ ထုံးစံဖြစ်နေတော့ ဒီလိုပဲလုပ်နေကြတာ။ အရင်ကလည်း ဒီလိုဖြစ်တတ်ပါတယ်။ ဒီလောက်တော့ မများဘူးပေါ့။ အခုခံရတဲ့ ကုန်သည်တွေထဲမှာ အခုတစ်ခါမက ခံခဲ့ရတဲ့ ကုန်သည် တွေပါတယ်။ အကြွေး စနစ်နဲ့ ရောင်းဝယ်လည်ပတ်နေတဲ့ပုံစံကို ပြန်စဉ်းစားရတော့မှာပါ” ဟု ဆန်ကုန်သည်တစ်ဦးက ဆိုသည်။

ရှောင်တိမ်းသွားသော ဆန်ကုန်သည်ထံမှ ဆန်ဖိုးငွေရရန်ရှိသော လုပ်ငန်းရှင်များတွင် ကျပ်သိန်း ၁၀၀ အောက် ငါးဦး၊ ကျပ် သိန်း ၁၀၀၀ အောက် ၁၆ ဦး၊ ကျပ်သိန်း ၁၀၀၀ အထက် လေးဦး ပါဝင်ပြီး ၂၅ ဦးစာရင်းအရ အများဆုံး ကျပ်သိန်း ၁၇၇၀ ကျော်အထိ ပါဝင်ကြောင်း သိရသည်။

ယခုနှစ်အတွင်း ပြည်ပသို့ဆန်တင်ပို့မှု အားကောင်းလာပြီး ပြည်တွင်းဈေးကွက် အတွင်းရှိ ပြည်ပပို့ ဆန်ကြမ်းဈေးနှုန်းများလည်း မြင့်တက်လျက်ရှိသည်။ ၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းတွင် ဧည့်မထ ဆန် (၂၅ ရာခိုင်နှုန်း) တစ်အိတ်လျှင် ကျပ် ၁၈၀၀၀ ၀န်းကျင် ရှိနေရာမှ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ကျပ် ၂၂၀၀၀ ၀န်းကျင်အထိ ရှိလာပြီး ငါးလခန့်အတွင်း ကျပ် ၄၀၀၀ ခန့်မြင့်တက်ခဲ့သည်။

ဆန်စပါး တင်ပို့မှုနှင့်ပတ်သက်ပြီး ယခုနှစ်အတွင်း ပြည်ပဈေးကွက်သစ်များ တိုးချဲ့ ရရှိမှုကြောင့် နယ်စပ်ကုန်သွယ်ရေးထက် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဆန်တင်ပို့မှုမြင့်တက်လာသည့်အပြင် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံ G to G စာချုပ်များ ချုပ်ဆိုကာ မြန်မာ့ဆန်ဝယ်ယူရန် ကမ်းလှမ်းမှု များပြားနေသဖြင့် ပြည်ပဆန်ဈေးကွက်တွင် မြန်မာ့ဆန် အလားအလာကောင်းများ ရှိနေသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် စက်တင်ဘာ ၁ ရက်အထိ ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၂၉ သန်း တင်ပို့ခဲ့ပြီး ဒေါ်လာသန်း ၃၀၀ ကျော် ရရှိခဲ့ကာ လက်ရှိဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ဆန်တန်ချိန် နှစ်သန်းအထိ တင်ပို့နိုင်ရန် မျှော်မှန်းထားသည်။

Eleven Media Group

No comments:

Post a Comment