Latest News

Sunday, September 24, 2017

မြန်မာ အစိုးရတပ်နဲ့ နီးစပ်သူတွေ ဝိုင်းပြီး ထိန်းချုပ်ပေးဖို့ IRC တိုက်တွန်း

ရိုဟင်ဂျာ လေးသိန်းသုံးသောင်း နီးပါး ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ထွက်ပြေး
မြန်မာနိုင်ငံထဲ ရိုဟင်ဂျာ မွတ်ဆလင်တွေ အပေါ် ပစ်မှတ်ထား တိုက်ခိုက် နေတာတွေကို ရပ်တန့်ဖို့ မြန်မာ အစိုးရ စစ်တပ်နဲ့ နီးစပ်တဲ့ နိုင်ငံတွေက တိုက်တွန်း ပေးပါဆိုပြီး နိုင်ငံတကာ ကယ်တင်ရေး ကော်မတီ International Rescue Committee ရဲ့ အကြီးအကဲ ဖြစ်သူ ဒေးဗစ် မီလီဘန်က တိုက်တွန်း လိုက်ပါတယ်။

နိုင်ငံတကာ ကယ်တင်ရေး ကော်မတီဟာ မြန်မာနိုင်ငံထဲ ထောက်ပံ့ ကူညီရေးတွေ လုပ်ဆောင် နေတဲ့ အဖွဲ့ဖြစ်ပါတယ်။

စစ်တပ်ကို ခိုင်မာ တောင့်တင်းအောင် ရည်ရွယ်ပြီး ထောက်ပံ့ပေးနေတဲ့ အကူအညီတွေကို လူ့အခွင့်အရေး ချိုးဖောက်တဲ့ နေရာမှာ သုံးစွဲတာမျိုး အဖြစ် မခံသင့်ဘူးလို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း မစ္စတာ မီလီဘန်က ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်း၊ အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ စစ်ရေး ဆောင်ရွက်ချက် တွေကြောင့် အခု သီတင်း လေးပတ် အတွင်း ရိုဟင်ဂျာ လေးသိန်းသုံးသောင်း နီးပါး ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ထွက်ပြေး လာကြပါတယ်။

ရိုဟင်ဂျာ ကျေးရွာတွေ အဖျက်အစီး ခံရတာကို သတိထား ခဲ့ကြရာကနေ သူတို့အပေါ် လူမျိုးရေး သုတ်သင် ရှင်းလင်းမှုတွေ ကျူးလွန်နေတယ် ဆိုတဲ့ စွပ်စွဲသံတွေ ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ် လာစေပါတယ်။

အိုင်ရှာ အသက် ၂ဝ
ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ အဓိက အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ MSF ရဲ့ အဆိုအရ လိင်ပိုင်းဆိုင်ရာ ကျူးလွန် စော်ကား ခံထားရတဲ့ ရိုဟင်ဂျာ အမျိုးသမီးတွေ အများအပြား တွေ့ရသလို၊ စော်ကားခံရတဲ့ အတိုင်းအတာဟာ အင်မတန် ပြင်းထန် ဆိုးရွာတယ်လို့ ဆိုပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေနဲ့ တင်းမာမှု ပြင်းထန်နေတဲ့ နေရာတွေမှာ လိင်ပိုင်း အကြမ်းဖက် ခံရမှု ပမာဏလည်း တိုးမြင့်လာတယ် ဆိုပြီး ကောက်စ်ဆက်ဘဇားက အူခီယာ စခန်းမှာ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတဲ့ MSF အဖွဲ့က ပြောခွင့်ရ ကိတ်ဝှိုက်က ဘီဘီစီကို ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment