Thursday, September 21, 2017
မောင်တောဖြစ်စဉ်တွင် အကြမ်းဖက်သမား ၄၀၀၀ နီးပါးပါဝင်၊ ၆၉ ဦးကို ဖမ်းဆီးထားသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော
နိရဉ္စရာ၊ စက်တင်ဘာ ၂၁
ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသ၌ သြဂုတ်လ ၂၅ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည် ဘင်္ဂါလီ အစွမ်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ငန်းတွင် ပါဝင်သူ ၄၀၀၀ နီးပါးရှိပြီး အကြမ်းဖက်သမား ၆၉ ဦးကို ဖမ်းမိထားသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
စက်တင်ဘာလ ၂၁ ရက်နေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် ပြုလုပ်ခဲ့သော ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို သက်စွန့်ကြိုးပမ်း ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံပြည်သူများအား ထောက်ပံ့ပစ္စည်း ပေးအပ်ခြင်းနှင့် နယ်စပ်ခြံစည်းရိုး ကာရံရန်အတွက် တတိယအကြိမ် အလှူငွေ ပေးအပ်ပွဲအခမ်းအနားတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“အကြမ်းဖက်ဆောင်ရွက်တဲ့သူ အားလုံး ၆၉ ယောက် မိထားတာရှိပါတယ်။ ကျနော်တို့ အထောက်အထားတွေနဲ့ ဗွီဒီယိုမှတ်တမ်းတွေနဲ့ စစ်ပြီးတော့ ရပြီးဖြစ်ပါတယ်။ စစ်တဲ့အခါမှာ သူတို့ အကြမ်းဖက်လုပ်ငန်းမှာ ပါဝင်တဲ့လူပေါင်း ၄၀၀၀ နီးပါးလောက်ရှိတယ်ဆိုတာကို ကျနော်တို့ ဖော်ထုတ်လို့ရပါတယ်”ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
အကြမ်းဖက်မှု ဖြစ်စဉ်အတွင်း ယနေ့အချိန်ထိ တိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၉၃ ကြိမ်ရှိခဲ့ပြီး၊ မိုင်းထောင်ဖောက်ခွဲမှု ၈ နေရာဖြစ်ပွားခဲ့ကာ တပ်မတော်သား ၂ ဦးကျဆုံး၍ ၅ ဦး ဒဏ်ရာရရှိကာ၊ တစ်ဦးပျောက်ဆုံးနေပြီး၊ ထိုတစ်ဦးလည်း သေဆုံးပြီဟု ယူဆကြောင်း ပြောသည်။
ရဲတပ်ဖွဲ့ဝင် ၁၁ ဦးကျဆုံးပြီး၊ ၁၀ ဦးဒဏ်ရာရရှိကာ၊ လ၀က၀န်ထမ်းနှင့် အခြားဝန်ထမ်း ၂ ဦးသေဆုံးခဲ့၍ တိုင်းရင်းသားအားလုံး သေဆုံးသူ ၁၂ ဦးစာရင်းရရှိထားပြီး၊ ၂၀ ရက်နေ့ စာရင်းအရ တိုင်းရင်းသား သေဆုံးသူ နောက်ထပ် ၆ ဦးတိုးလာကြောင်း၊ သို့သော်အတည်မပြုနိုင်သေးကြောင်း ပြောသည်။
အကြမ်းဖက်မှုများကို နှိမ်နင်းရာတွင်လည်း အထူးသတိထား၍ ဆောင်ရွက်ခဲ့ရသည်ဟု ဆိုသည်။
“အကြမ်းဖက်တိုက်ခိုက်မှုတွေကို အကောင်းဆုံးဖြစ်အောင် ဖြေရှင်းဆောင်ရွက်ခဲ့ရပါတယ်။ ဒီဖြစ်စဉ်တွေကို အထူးသတိထားပြီး ဆောင်ရွက်ခဲ့ရပါတယ်။ အကြမ်းပတမ်းဆောင်ရွက်လို့ရတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဖြစ်စဉ်ဖြစ်တဲ့အခါ ဒီထက် ဆိုးဆိုးဝါးဝါးမဖြစ်အောင် ဘယ်လိုလုပ်မလဲ အနေအထားတွေကို ထိန်းနိုင်ဖို့ ကြိုးစားခဲ့ရပါတယ်”ဟု ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။
အဆိုပါ အကြမ်းဖက်မှု မဖြစ်ပွားမီ နယ်မြေရှင်းလင်းရန် လိုအပ်သည့်အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အစီအစဉ်ဖြင့် တပ်မတော်အင်အားအများအပြားကို မောင်တောဒေသသို့ စေလွှတ်ဖြည့်တင်းခဲ့သည်ဟု ဆိုသည်။
“တကယ်တမ်း ဖြစ်လာတဲ့အချိန်ကျတော့ တပ်တွေ အင်အားတောင့်တောင့်တင်းတင်းနဲ့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနေရာတွေက သွားရေးလာရေး ခက်ခဲတဲ့နေရာတွေဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာ ကျနော်တို့အနေနဲ့ ကိုယ်လုပ်ချင်တဲ့ဟာကို ကျနော်တို့က အရမ်းကာရော လုပ်လို့မရဘူးဆိုတာကို ကျနော်တို့ နားလည်ဖို့ လိုပါတယ်”ဟု ၄င်းက ဆက်ပြောသည်။
စစ်ဆင်ရေး ဆောင်ရွက်မှုများကို ဥပဒေ စည်းကမ်းနှင့်အညီ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ခဲ့သည်ဟုဆိုသည်။
ယနေ့အလှူငွေ ပေးအပ်သည့်အခမ်းအနားသို့ ဆရာတော်ကြီးများ၊ တပ်မတော်ကာကွယ်ရေး ဦးစီချုပ်၊ တပ်မတော် ကြည်း၊ ရေ၊ လေ ကာကွယ်ရေးဦးစီးချုပ်များ၊ တပ်မတော်၏ အခြားထိပ်ပိုင်း ဦးစီးအရာရှိများ၊ ရန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၀န်ကြီးတစ်ချို့၊ အလှူရှင်များနှင့် စစ်တွေမြို့တွင်ရောက်ရှိနေသော နယ်ရပ်စွန့်ခွာလာသူများ စုစုပေါင်း ၆၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် အလှူရှင်များမှ လှူဒါန်းငွေ စုစုပေါင်း သိန်းပေါင်း နှစ်သောင်းကျော် ရရှိခဲ့သည်ဟု သိရှိရသည်။
စံမောင်သန်း၊ စစ်တွေ
Narinjara
https://www.facebook.com/Narinjara
မောင်တောဖြစ်စဉ်တွင် အကြမ်းဖက်သမား ၄၀၀၀ နီးပါးပါဝင်၊ ၆၉ ဦးကို ဖမ်းဆီးထားသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော
Reviewed by timeayeyar
on
3:33 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment