Latest News

Wednesday, September 20, 2017

ရွှေဝါရောင်တော်လှန်ရေးဦးဆောင်ဆရာတော်တစ်ပါးဖြစ်သော ဆရာတော် ဦးအဂ္ဂရာဇာနှင့်တွေ့ဆုံခြင်း

ရွှေဝါရောင်တော်လှန်ရေးဦးဆောင်ဆရာတော်တစ်ပါးဖြစ်သော ဆရာတော် ဦးအဂ္ဂရာဇာနှင့်တွေ့ဆုံခြင်း

‘‘ဒီလက နိုင်ငံရေးရာသီလို ဖြစ်နေတာကိုး။ နိုင်ငံရေး ရာသီလဖြစ်တော့ ဒီလိုမျိုးလေးတွေ ပြဿနာဖန်တီးမှုလေးတွေ ရှိနေမှာပဲ။ ဒီပြဿနာတွေဟာ သွေးရိုးသားရိုးမဟုတ်ဘူး။ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ကြံဖန်တီးနေတာဖြစ်တယ်’’

၂၀၀၇ စက်တင်ဘာလလယ် တွင် ကုန်ဈေးနှုန်းများ မြင့်တက်လာမှု၊ စက်သုံးဆီဈေးနှုန်းများကို နအဖအစိုးရက ရုတ်တရက် တိုး မြှင့်လိုက်မှုကြောင့် ရန်ကုန်မြို့မှ သံဃာတော်များ ဦးဆောင်ကာ ရွှေတိဂုံစေတီမှ ဆူးလေစေတီ အထိ မေတ္တသုတ်ရွတ်ဆို၍ စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သည်။ သံဃာတော်များအပါအဝင် လူပုဂ္ဂိုလ်များ၏ ဆန္ဒထုတ်ဖော်မှုသို့ ရန်ကုန်မြို့နယ် အများစုမှ ပြည်သူများလည်း ပူးပေါင်းပါဝင်လာပြီး ဆန္ဒပြမှု ရှစ်ရက်မြောက်နေ့တွင် စစ်အစိုးရက အကြမ်းဖက်ဖြိုခွင်းမှုများ ပြုလုပ်ခဲ့သည်။ ယင်းအကြမ်းဖက်မှု ကြောင့် သံဃာတော်များနှင့် ပြည်သူများ သေဆုံးခဲ့ရသည်။ ယခု ၂၀၁၇ စက်တင်ဘာသည် ရွှေဝါရောင်တော်လှန်ရေး (၁၀) နှစ်ပြည့်နှစ်ပတ်လည်နေ့လည်း ဖြစ်သည်။ ယင်းရွှေဝါရောင်တော်လှန်ရေးကြီး ပေါ်ပေါက်စေရန် ဦးဆောင်ကြိုးပမ်းလုပ်ဆောင်မှုတွင် ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့ နယ်ရှိ ငွေကြာရံကျောင်းတိုက်မှ ဆရာတော်များလည်း အပါအဝင်ဖြစ်သည်။ ငွေကြာရံကျောင်းတိုက်ကို လုံထိန်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး သံဃာတော်များကို ဖမ်းဆီးရိုက်နှက်ခဲ့သည့်ဖြစ်စဉ်သည် ရွှေဝါရောင်အရေးအခင်းတွင် ထင်ရှားသည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။ ထို့အပြင် ရွှေဝါရောင်တော်လှန်ရေးဦးဆောင်ပြုလုပ်ရာတွင် ပါဝင်သော ငွေကြာရံကျောင်းတိုက် ဆရာတော်များအနက် ဆရာတော် ဦးအဂ္ဂရာဇာသည်လည်း ထင်ရှားသည့် ဆရာတော်တစ်ပါးဖြစ်သည်။
ဦးအဂ္ဂရာဇာကို စစ်အစိုးရက ထောင်ဒဏ်ရှစ်နှစ်နှင့်ခြောက်လချမှတ်ခဲ့ပြီး အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်။ သို့သော် လေးနှစ်ကျော် ထောင်ဒဏ်ကျခံခဲ့ရပြီးနောက် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ အောက်တိုဘာတွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်။ရွှေဝါရောင်တော်လှန်ရေးကြီး ပေါ်ပေါက်စေရန် ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သော ငွေကြာရံကျောင်းတိုက် ဆရာတော် ဦးအဂ္ဂရာဇာကို 7Day News ဂျာနယ်ကစက်တင်ဘာ ၁၁ ရက်တွင် သီးသန့်လျှောက်ထားမေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ရွှေဝါရောင်တော်လှန်ရေး ပါဝင် ဖြစ်တဲ့အကြောင်းလေး မိန့်ကြား ပေးပါဘုရား။

ဦးပဉ္စင်းနာမည်က ဦးအဂ္ဂ ရာဇာပါ။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးဆိုတာ တစ်တိုင်း ပြည်လုံးနဲ့ တစ်ကမ္ဘာလုံးက သိပြီး သားပါ။ ဓာတ်ဆီဈေးနှုန်းတွေ မြင့်တက်တယ်။ အဲဒီတော့ တိုင်း သူပြည်သားတွေရဲ့ အခက်အခဲ တွေကို ဓမ္မနည်းလမ်းနဲ့ ရနိုင်တဲ့ ဘက်က ရပါစေဆိုပြီးတော့ မေတ္တာပို့တာကိုး။ ရွှေဝါရောင်ဆို တာ ဒီလိုလုပ်တာ။ အဲဒီအပေါ်မှာ အာဏာရှင်တွေက ထိုင်ခုံလှုပ် အောင်လုပ်ပါတယ်ဆိုပြီး၊ စည်း စိမ်ဥစ္စာပျက်ပြားအောင် လုပ်ပါ တယ်ဆိုပြီး ရန်သူကြီးသဖွယ် သူ တို့က ထင်ပြီးတော့ သံဃာတွေကို ရက်ရက်စက်စက် ချေမှုန်းတာ ပေါ့။ အဓိကကတော့ အာဏာ ပေါ့။ အာဏာကို စွန့်လွှတ်ရမှာ ကြောက်တဲ့အတွက် ရွှေဝါရောင် သံဃာတွေကို ရက်ရက်စက်စက် ချေမှုန်းခဲ့တာပေါ့။ ဦးပဉ္စင်းတို့က ဘယ်သူဆင်းပေးပါ၊ ဘယ်သူ တက်ပေးပါဆိုပြီး တစ်ခွန်းမှမပါ ဘူး။ တိုင်းသူပြည်သားတွေ အေး ချမ်းဖို့အတွက် မေတ္တသုတ်ရွတ် ဖတ်တာ တစ်ခုပဲရှိတယ်။ ဒါက လည်း ဗုဒ္ဓနည်းလမ်းတကျပဲ။ ဦးပဉ္စင်းတို့ပါဠိစာမှာ သူများဆွမ်း ကိုစားမယ်ဆိုရင် လက်ဖျောက် တစ်ချက်ခတ် တီးတဲ့အချိန်မှာ တောင် မေတ္တာပို့ပြီးမှ စားလို့ရ တယ်လို့ ဟောထားတာကိုး။ အဲဒီ အပေါ်မှာ သူတို့က ပြင်းပြင်းထန် ထန် တုံ့ပြန်လိုက်တာပေါ့။ ချေ မှုန်းလိုက်တာပေါ့။

ဦးပဉ္စင်းတို့ ငွေကြာရံကျောင်းတိုက်ကို လုံထိန်းတပ်ဖွဲ့ ဝင်ရောက်စီးနင်းတဲ့ ဖြစ်စဉ်ကိုလည်းပြန်လည်မိန့်ကြားပေးပါဦး။

စက်တင်ဘာ ၂၅ ရက်ည ၁၂ နာရီလောက်အချိန်မှာပေါ့။ စစ်သားတွေပေါ့။ လုံထိန်းတွေ မဟုတ်ဘူး။ စစ်သားတွေက ကျောင်းရှေ့မှာ မည်းနေအောင်ချ ထားတယ်။ ည ၁၂ နာရီကျော် တော့ သူတို့က တံတိုင်းပေါ်ကနေ ကျော်ပြီး ဝင်လာကြတယ်။ ဝင်လာကြတဲ့အချိန်မှာ ဦးပဉ္စင်းကသိတော့ ဘာလို့ကျော်ဝင်ကြတာလဲ ဦးပဉ္စင်းကမေးတာပေါ့။ တံခါးဖွင့်ပေးလိုက်တဲ့အချိန်မှာ တခြား ဦးပဉ္စင်းတွေကလည်း နိုးလာကြတာပေါ့။ ဒီလိုတော့ ခိုးကြောင်ခိုး ဝှက်မလုပ်နဲ့။ ဆွေးနွေးစရာရှိ တယ်ဆိုရင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောဆို။ အဲဒီလိုပြောပေမယ့်လည်း မရဘူး။ ကျောက်ခဲတွေ နဲ့ထု၊ ကျောင်းတံခါးပေါက်ကို (ကားနဲ့)တိုက်ပြီး ဝင်ချလာတယ်။ မျက်ရည်ယိုဗုံးတွေနဲ့ပစ်။ ကျောင်း တိုက်ကို ဖျက်ဆီးတယ်။ ဘုရားဆင်းတုတော်တွေကိုလည်း ဖျက်ဆီးတယ်။ ဦးပဉ္စင်းတွေကိုလည်း လက်ပြန်ကြိုးတုပ်ပြီးတော့ ကတ္တရာလမ်းပေါ်ကို တရွတ်တိုက်ဆွဲတယ်။ နောက်ကကန်တယ်။ နောက်ပြီးတော့ စစ်ကားပေါ်ကို ပစ်တင်တယ်။ စစ်ကြောရေးအသီးသီးကို ပို့တယ်။ ပြီးမှ အင်းစိန်ထောင်ကိုပို့တာ။ ရွှေဝါရောင်ကတော့ ဦးပဉ္စင်းတို့ သတ်မှတ်တာက စက်တင်ဘာ ၁၈ ရက်နေ့က စတယ်ဆိုပြီး သတ်မှတ်တာ ပေါ့။ သို့သော်လည်းပဲ ရန်ကုန်မှာ ကျတော့ မတူတော့ဘူးပေါ့။ ရန်ကုန်မှာက ၂၅ ရက်နေ့မှာ ထင်ရှားတယ်ပေါ့။

ဦးပဉ္စင်းတို့ကျောင်းတိုက်ကို ဝင် ရောက်ဖမ်းဆီးတဲ့အချိန်က မှတ်မှတ်ရရရှိနေတဲ့မြင်ကွင်းရှိရင် မိန့်ပါဦးဘုရား။

အဲဒီညကြီးမှာပေါ့။ ကိုရင်ငယ်လေးတွေကို ဝါးစိမ်းတုတ်ကြီးတွေနဲ့ ရိုက်နေတာပေါ့။ နောက်ပါးစပ်တွေထဲကနေ သွေးတွေအန်ကျနေတာတွေပေါ့။ ဒါတွေက ခုချိန်ထိ မျက်လုံးထဲက မထွက် သေးဘူး။ အကုန်လုံးကတော့ အမှတ်ရစရာတွေပါပဲ။ ကျောင်းတိုက်ထဲက ဘုရားတွေ၊ ကျွမ်းပြန်ပြီးတော့ ခေါင်းတွေပြတ်နေတာတွေ မြင်တွေ့လိုက်ရတာဟာ အမှတ်ရစရာတွေပါ။

ဦးပဉ္စင်းတို့ ငွေကြာရံကျောင်းတိုက်မှာ အဲဒီအချိန်က သီတင်းသုံးသံဃာတွေ ဘယ်နှပါးလောက်ရှိလဲ။ အဲဒီထဲက သံဃာဘယ်နှပါး ဖမ်းဆီးခံခဲ့ရတာပါလဲဘုရား။

 အဲဒီအချိန်မှာတုန်းကဆို သံဃာ ၂၀၀ ကျော်လောက်ရှိတယ်။ သံဃာ ၁၅၀ လောက် အဖမ်းခံရတယ်။ လက်ရှိအချိန်မှာ တော့ ဒီကျောင်းတိုက်မှာ တချို့သံဃာတော်တွေ မရှိတော့ဘူး။ တချို့ကလည်း ကျောင်းတိုက်တွေ ပြောင်းကုန်ကြပြီ။

ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်ရောက်တိုင်း ရွှေဝါရောင် သံဃာတော်တွေက နှစ် ပတ်လည်အခမ်းအနားတွေ ပုံမှန်ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားရဲ့ အနှစ်သရ၊ အဓိပ္ပာယ်ကို ဦးပဉ္စင်း အနေနဲ့ ဘယ်လိုများ ဖွင့်ဆိုမိန့်ကြားလိုပါသလဲ။

ဒီရွှေဝါရောင်က သမိုင်းတစ်ခုပေါ့နော်။ ဒီသမိုင်းကို နောင် ပြည်သူတွေကလည်း သိအောင် ပေါ့။ ရှေးရှေးသံဃာတွေဟာ ဒီလိုအသက်စွန့်ပြီး လုပ်ခဲ့တယ်ဆိုတာ သိစေချင်တယ်။ နောက်တစ်ခုက မပြီးပြတ်သေးတဲ့ လုပ်ငန်းတွေ ရှိ နေသေးတဲ့အတွက်ကြောင့် ဒါကို ချိတ်ဆက်မှုတစ်ခုဖြစ်အောင် လုပ် နေကြတာပေါ့။ စစ်အာဏာရှင် တွေ အုပ်ချုပ်လွှမ်းမိုးတဲ့အချိန် ကာလမှာပဲ တကယ့်ကိုပဲ တိုင်း ပြည်ကို လွတ်လပ်ရေးရအောင် လုပ်ခဲ့ကြတဲ့ လွတ်လပ်ရေးဖခင် ကြီးတွေ၊ ဗိုလ်ချုပ်အောင်ဆန်းတို့ ရဲ့ အခန်းကဏ္ဍတွေ ဒီကောင်တွေ ဖျောက်ပစ်လိုက်တာ နှစ်ပေါင်း ၂၆ နှစ်လုံးလုံး ပျောက်သွားတယ်။ အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ အကြောင်းတွေကိုလည်း စာသင် ကျောင်းတွေမှာ မသင်တော့ဘူး။ ဖျောက်ပစ်လိုက်တယ်။ ဒါကြောင့်မို့လို့ ရွှေဝါရောင်တော်လှန်ရေး ဟာ ဂန္ထဝင်မြောက် သမိုင်းဝင် တော်လှန်ရေးကြီး ဖြစ်ခဲ့တယ်ဆိုတာကို ကမ္ဘာကလည်း အသိအမှတ်ပြုနေတယ်။ လက်ရှိ ရှိနေ တဲ့ ပြည်သူတွေကလည်း အသိအမှတ်ပြုနေတယ်ဆိုတော့ မျိုး ဆက်သစ်တွေရဲ့ နှလုံးသားဆီကို ဒီဟာလေးကို ကောင်းသောရည် ရွယ်ချက်လေးနဲ့ နိုင်ငံရေးအနှစ်သာရရှိရှိလေးနဲ့ ရောက်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နှစ်စဉ်နှစ်တိုင်း အခက်အခဲတွေ ကြားထဲကနေပြီး တော့ ကြိုးစားပမ်းစား သမိုင်းရာဇဝင်ကောင်းကို ထိန်းသိမ်းစောင့်ရှောက်လိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလိုမျိုး ကျင်းပရတာဖြစ်တယ်လို့ ဦးပဉ္စင်းတို့က ပြောချင်ပါတယ်။

ရွှေဝါရောင် တော်လှန်ရေး အကြမ်းဖက်ခံရတဲ့ ဖြစ်စဉ်အပေါ်ကို ကော ဒီအချိန်မှာ တောင်းဆိုစရာ ဘာတွေရှိဘဲ။

ဦးပဉ္စင်းတို့ တောင်းဆိုရမယ့် အချက်တွေရှိတယ်။ အဲဒါကို လာ မယ့် ရွှေဝါရောင် (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ အချက် ၁၀ ချက်ကို တောင်းဆိုကြမယ်။ အဲဒါ ကိုတော့ ခုချိန်မှာ ထုတ်မပြော သေးဘူးပေါ့နော်။ ဒီ (၁၀) နှစ်ပြည့်မှာ တောင်းဆိုကြမှာပေါ့။

အဲဒီတော့ ရွှေဝါရောင်တော်လှန် ရေးကနေပြီးတော့ အုပ်ချုပ်တဲ့အစိုးရတွေယူရမယ့် သင်ခန်းစာက ဘာတွေများဖြစ်မလဲ။

ပြည်သူလူထုအကျိုးကို အဓိကထားလုပ်ပေးဖို့ပါ။ ပြည်သူလူထုအကျိုးကို အဆင်ပြေချောမွေ့ဖို့ပေါ့။ အဲဒီလိုမချောမွေ့ဘူးဆိုရင် ဘယ်အစိုးရတက်တက်၊ ကြိုက်တဲ့ အစိုးရတက် အခုလိုမျိုး တောင်းဆိုမှုတွေ ဖြစ်ပေါ်လာမှာပဲ။

လက်ရှိ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးထင်ကျော်ဦးဆောင်တဲ့ အရပ်သားအစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင် ကြားစေ့ရေးကို ဦးစားပေးလုပ်နေပါတယ်။ ဒါပေမဲ့ တိုက်တိုက်ဆိုင် ဆိုင် ရွှေဝါရောင်တော်လှန်ရေး စတင်ခဲ့တဲ့ စက်တင်ဘာထဲမှာ ရခိုင်ပြည်နယ်မှာ ပြဿနာအကြီးအကျယ် ဖြစ်ပေါ်ခဲ့တယ်။ ဒါတွေ နဲ့ ဆက်စပ်ပြီး ဘာသာရေး၊ လူမျိုးရေး ပြဿနာပေါ်ပေါက် အောင် ကောလာဟလ ဖြန့်ချိဖန် တီးခဲ့တာ မျိုးတွေရှိတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ဘာများမှတ်ချက် ပေးလိုက်ပါသလဲဘုရား။

ပြည်သူတွေ အနေနဲ့တော့ ဒါ တွေကျော်လွှားဖို့ဆိုရင် ပါနေတဲ့ သတင်းတွေ၊ အတည်မပြုသေးတဲ့ သတင်းတွေကို လိုက်အတည်မယူဘဲနဲ့ လက်ရှိအစိုးရနဲ့ပဲ ပူးပေါင်းမယ်ဆိုရင် ဒါတွေက ကျော်လွှား နိုင်မှာပါ။ ဒါတွေကလည်း စက် တင်ဘာမှာ ဖြစ်တယ်ဆိုတာ အခုမှဖြစ်တာ မဟုတ်ဘူး။ ‘‘ စက်တင်ဘာထဲမှာ အရင်ကလည်း တစ်ခု မဟုတ်တစ်ခု ဖြစ်တယ်။ ဒီလက နိုင်ငံရေး ရာသီလလို ဖြစ်နေတာ ကိုး။ နိုင်ငံရေး ရာသီလဖြစ်တော့ ဒီလိုမျိုးလေးတွေ၊ ပြဿနာဖန်တီးမှုလေးတွေ ရှိနေမှာပဲ။ ဒီပြဿနာ တွေဟာ သွေးရိုးသားရိုး မဟုတ် ဘူး။ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ကြံ ဖန်တီးနေတာဖြစ်တယ်’’ အဲဒီလို ဖြစ်နေတဲ့အတွက်ကြောင့် ပြည်သူ လူထုတွေက သွေးဆောင်ဖြား ယောင်းမှုတွေ နောက်ကို မလိုက် ဘဲနဲ့ လက်ရှိအစိုးရနဲ့ ပူးပေါင်းပြီး တော့ ဥပမာ ရပ်ရွာတွေထဲမှာဖြစ် တာကို ရပ်ကွက်ရုံးကိုသွားပြော၊ ရဲစခန်းတွေကို သွားပြောလိုက်။ ဘာကိုမှ ပြဿနာကို ဖန်တီးစရာ မလိုဘူး။ ဥပဒေအတိုင်းသွားလိုက်၊ ဒီလိုဥပဒေအတိုင်းသွားရင် ဘာပြဿနာမှ တက်စရာမလိုဘူး။ အကြမ်းဖက်မှုဆိုတာက ဦးပဉ္စင်းတို့က အကြမ်းဖက်ခံနေရတာ လေ။ အခု ရခိုင်ဘူးသီးတောင် မောင်တောမှာလည်း တိုင်းရင်း သားတွေ အကြမ်းဖက်ခံနေရတာပဲ။ လက်ရှိ အစိုးရကို ပြောချင်တယ်။ အစိုးရရယ်၊ စစ်တပ်ရယ်၊ ပြည်ထဲရေးရယ် ဒီလူတွေကို ခိုင် ခိုင်မာမာ ဥပဒေနဲ့ သေသေချာချာ ကိုင်တွယ်လုပ်မယ်ဆိုရင် ဒီအကြမ်းဖက်မှုတွေက ဖြစ်လာစရာ အကြောင်းမရှိဘူး။ အခုက အဲဒီက ဖြစ်နေတာ။ အခုက ပြဿနာ က ဒီကိုရောက်ရောက်လာတာ။ ရခိုင်ဒေသကနေ ဒီကိုရောက် ရောက်နေတာ။ အဲဒါကို စစ်တပ်ကတစ်မျိုး၊ ပြည်ထဲရေးကတစ်မျိုး လုပ်နေမယ်ဆိုရင် သဘာဝမ ကျဘူး။ အဲဒါဒီသုံးခု ပေါင်းလိုက် မယ်ဆိုရင် စနစ်တကျပေါ့။ ဒီအ ချိန်မှာ လူမျိုးနဲ့ တိုင်းပြည်ကိုပဲချစ်၊ အာဏာတွေ မက်မောစရာ မလိုတော့ဘူး။ သူတို့အားလုံးညီ ညွတ်မယ်၊ စနစ်တကျလုပ်မယ်ဆိုရင် ပြည်သူတွေဆီကို ဒီပြဿနာ တွေ ရောက်လာစရာ အကြောင်း မရှိဘူး။

ဘာများဖြည့်စွက် မိန့်ကြားလိုပါသလဲ။

အခုမှားနေတဲ့ သတင်းတွေကို နားမယောင်ဘဲနဲ့ မှန်မှန်ကန်ကန် သုံးသပ်ပြီး လက်ရှိအစိုးရနဲ့ ပေါင်းပါ။ ဒါက ဦးပဉ္စင်းပြောချင်တဲ့ တစ်ချက်ပေါ့။ နောက်တစ်ချက်က အစိုးရပိုင်းဆိုင်ရာတွေကို ပြောချင်တာက ပြည်ထဲရေးရယ်၊ စစ်တပ်ရယ်၊ အစိုးရရယ်က ဒီအချိန်မှာ အရမ်းကို အရေးကြီးနေတဲ့ ညီညွတ်ရမယ့် အချိန်ရောက်နေပါ ပြီ။ ငါတစ်ယောက်တည်းရဲ့ ကောင်းမှုနဲ့ လုပ်လို့မရဘူး။ ဖွဲ့စည်းပုံအခြေခံ ဥပဒေက ပူးပေါင်းပါဝင်လိုက်ပါဆောင်ရွက်မှ အခုဟာက အဆင်ပြေမယ့် အခြေအနေဖြစ် နေတယ်။ အဲဒါကြောင့် လက်ရှိ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပါလို့ ဦးပဉ္စင်း ပြောချင်ပါတယ်။

ကျေးဇူးတင်ပါတယ် ဘုရား။

7Day News

No comments:

Post a Comment