Latest News

Tuesday, September 19, 2017

မြန်မာ့ပဲဈေးကွက် အနိမ့်အမြင့်ခရီး

မြန်မာ့ပဲဈေးကွက် အနိမ့်အမြင့်ခရီး

မြန်မာပဲ ဈေးကွက် အနိမ့်အမြင့်ခရီးက ကြမ်းသလို ပဲစိုက်တောင်သူ ကုန်သည်ပွဲစားစသည် တိုင်းပြည်၏ ၇၀ ရာခိုင်နှုန်းသော ပြည်သူတွေ ဘဝကလည်း မူဝါဒ သံခင်းတမန်ခင်းများကြား ဝမ်းသာရမလို ဝမ်းနည်းရမလိုဖြစ်နေသည်။

သို့သော် ပဲကန့်သတ်မှုပိတ်ပြီး တစ်လကျော်အတွင်း အိန္ဒိယအစိုးရ၏ ကန့်သတ်မှုများကြောင့် နာလန်မထူနိုင်အောင် ကျဆင်းနေသော ပဲဈေးတို့သည် ယခုရက်ပိုင်းတွင် ပထမဆုံး ဈေးပြန်တက်လာခဲ့သည်။

မတ်ပဲတစ်တန် ကျပ်ခြောက်သိန်းခန့်၊ ပဲစင်းငုံ တစ်တန် ကျပ်ငါးသိန်းခန့်အထိ ဈေးပြန်တက်လာသည်။ ဈေးကွက်ပျက်မတတ် ဖြစ်နေသော ပဲစင်းငုံနှင့် မတ်ပဲဈေးနှုန်းများ၏ ဆုတ်ယုတ်နေသော ကာလအတွင်း ပထမဆုံး ဈေးကွက်ရောင်ခြည်သန်းလာခြင်းလည်း ဖြစ်သည်။

သို့သော် ကြီးမားသော မူဝါဒ အပြောင်းလဲကြောင့်တော့ မဟုတ်။

အိန္ဒိယနိုင်ငံ၏ ပြည်တွင်းပဲဈေး နိမ့်ကျနေခြင်းကြောင့် ၎င်းတို့နိုင်ငံ၏ မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်း ပြည်ပ တင်ပို့ခွင့်ကို စက်တင်ဘာလ ၁၅ ရက်နေ့က ပြန်လည် ဖွင့်ပေးခဲ့သည့်အတွက် ယင်းနိုင်ငံ ပဲဈေးနှုန်း မြင့်တက်လာပြီး မြန်မာနိုင်ငံ၏ ပဲဈေးနှုန်းများသည်လည်း မြင့်တက်လာခဲ့သည်။

“အိန္ဒိယနိုင်ငံက သူတို့ရဲ့ Re-export ခေါ်မှာပေါ့။ အရင်တုန်းကတော့ သူတို့ ပဲဈေးတွေမြင့်တဲ့အခါ ကျတော့ Re-export ကို ပိတ်ထားခဲ့ကြတာ။ အခုတော့ ပြန်ကျနေလို့ ပြန်ဖွင့်ပေးလိုက်တာပေါ့။ ပဲတင်သွင်းခွင့်ကတော့ အရင်အတိုင်း ပိတ်ထားဆဲပါပဲ”ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောဆိုသည်။

ထို့ကြောင့် မတ်ပဲစားသုံးသည့် နိုင်ငံအချို့က မြန်မာနိုင်ငံဘက်မှ ယခုလပိုင်းအတွင်း တန်ချိန် နှစ်သောင်းမှ သုံးသောင်းခန့်ထိ ပြန်လည် ဝယ်ယူလာခြင်းကြောင့် မတ်ပဲဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်ပြီး ယင်းပဲဈေးနှုန်း မြင့်တက်ခြင်းကြောင့် ပဲစင်းငုံဈေးနှုန်းမှာလည်း လိုက်ပါ မြင့်တက်လာခြင်း ဖြစ်သည်ဟု ပဲကုန်သည်များက ဆိုသည်။

လက်ရှိ မြန်မာ့ပဲများကို ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် နီပေါနိုင်ငံများက ဝယ်ယူနေခြင်းဖြစ်ပြီး ယင်းနိုင်ငံများသည် အိန္ဒိယနိုင်ငံတွင်း ပဲဈေးနှုန်းများ မြင့်တက်၍ မြန်မာနိုင်ငံအတွင်း ဈေးကျနေခြင်းကြောင့် မြန်မာနိုင်ငံမှ ပဲများကို ယခင်က တစ်နှစ်လျှင် တန် လေးသောင်းခန့်သာ ဝယ်ယူသော်လည်း ယခုလပိုင်းအတွင်း၌ပင် တန်ချိန် နှစ်သောင်းမှ သုံးသောင်းခန့်ထိ ဝယ်ယူထားကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းထံမှ သိရသည်။

“အဲ့ဒီနိုင်ငံတွေက အိန္ဒိယမှာ ပဲဈေးမြင့်လာတဲ့ အတွက် မြန်မာနိုင်ငံကပဲကို အဓိက ဝယ်လာတယ်။ သူတို့ရဲ့ ဝယ်လိုအားပေါ်မူတည်ပြီး ပဲဈေးက တက်နိုင်ပါတယ်”ဟု ဦးမင်းကိုဦးက ပြောဆိုသည်။

လက်ရှိ မတ်ပဲဈေးနှုန်းသည် တစ်တန်လျှင် ကျပ်ခြောက်သိန်းခန့်ထိ မြင့်တက်ပြီး ပဲစင်းငုံဈေးနှုန်းမှာ တစ်တန်လျှင် ကျပ် ၄၄၀,ဝ၀ဝ ခန့်ထိ ပြန်လည် မြင့်တက်လာခဲ့သည်။

မြန်မာနိုင်ငံကို စက်တင်ဘာ အစောပိုင်းတွင် ရောက်လာခဲ့သည် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် နှစ်ရက်ကြာ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း ကုန်သွယ်ရေး အပါအဝင် နှစ်နိုင်ငံ သဘောတူလက်မှတ် (MoU) ၁၁ ခုထိ ရေးထိုးနိုင်ခဲ့သည်။

သို့သော် ကုန်သည်များနှင့် တောင်သူအများ မျှော်လင့်ထားကြသည့် ပဲကိစ္စ ကန့်သတ်ထားခြင်းနှင့်ပတ်သက်၍ မည်သည့် သဘောတူညီချက်မျှတော့ မရခဲ့။

“သူ ပြန်သွားပြီ၊ ပဲမူဝါဒနဲ့ပတ်သက်ပြီး မထူးဘူး၊ ကန့်သတ်တုန်းပဲ၊ ပဲစင်းငုံက ရှေ့လထဲ ထွက်မယ်၊ သူလည်း ဈေးရမှာ မဟုတ်ဘူး၊ အခုဟာက မတ်ပဲ ရာသီ တောင်သူတွေ မတ်ပဲပဲ စိုက်ရမလား၊ တခြား ဘာသီးနှံ စိုက်ရမလဲဆိုတာ စဉ်းစားနေရတယ်”ဟု မုံရွာကုန်စည်ဒိုင်မှ ကုန်သည်ပွဲစားတစ်ဦးက ပြောသည်။

ယင်းအကျိုးဆက်ကြောင့် နိုင်ငံတစ်ဝန်းက မြေ ဧက ၁၁ သန်းခန့်တွင် ပဲမျိုးစုံစိုက်နေကြသော တောင်သူ သန်းနှင့်ချီပြီး စီးပွားရေးအရ အထိနာခဲ့ကြသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ထိပ်တန်း ပဲတင်ပို့သော နိုင်ငံတစ်ခုဖြစ်ပြီး ယင်းကဏ္ဍမှရသည့်ဝင်ငွေမှာ တိုင်းပြည် ပြည်ပပို့ကုန် ဝင်ငွေ စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းခန့် ရှိနေသည်။

ယခု၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ဇူလိုင် ၁၈ ရက်နေ့အထိ ဒေါ်လာသန်း ၄၉၀ နီးပါးရနေပြီဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ အဓိက ဖောက်သည်မှာ အိန္ဒိယ ဖြစ်ပြီး မြန်မာ့ပဲမျိုးစုံ ပို့ကုန်အားလုံး၏ ၈၀ ရာခိုင်နှုန်းသည် အိန္ဒိယဈေးကွက် တစ်ခုတည်းကိုသာ တင်ပို့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ နှမ်းကုန်သည်များအသင်းက ပြောသည်။

၂၀၁၇ ဩဂုတ်လ ၅ ရက်တွင်တော့ မြန်မာနိုင်ငံမှ သန်းနှင့်ချီသည့် ပဲစိုက်ပျိုး ရောင်းဝယ်သူများအတွက် သတင်းဆိုးတစ်ခုကို မြန်မာ့ပဲဖောက်သည် အိန္ဒိယဘက်က ထုတ်ပြန်ကြေညာခဲ့သည်။

အိန္ဒိယဘက်က ပဲစင်းငုံကို လွတ်လပ်စွာ တင်သွင်းရောင်းချခွင့် ရှိသည့်ကုန်ပစ္စည်း (Free Import) အဖြစ် သတ်မှတ်ထားရာမှ နိုင်ငံအတွင်း ကန့်သတ်တင် သွင်းခွင့်ရှိသော ကုန်ပစ္စည်း (Restricted Import) အဖြစ် ပြောင်းလဲသတ်မှတ်ကြောင်း ဆုံးဖြတ်ခဲ့ပြီး တစ်နှစ်လျှင် တန်ချိန် နှစ်သိန်းသာ တင်သွင်းတော့မည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယင်းနောက်ဆက်တွဲအဖြစ် ဧပြီလ ၁ ရက်မှစပြီး မတ်လ ၃၁ ရက်နေ့တွင် အဆုံးသတ်သည့် အိန္ဒိယနိုင်ငံ၏ ယခုဘဏ္ဍာရေးနှစ်အတွက် အဆိုပါ ပဲအမျိုးအစား တင်သွင်းမှုမှာ သတ်မှတ်အရေအတွက် ပြည့်သွားပြီဖြစ်၍ ထပ်တင်သွင်းရန် အခွင့်အရေး မရှိတော့ကြောင်း အိန္ဒိယအစိုးရက ကြေညာခဲ့ခြင်းဖြစ်သည်။

ယင်းကြေညာချက် ထွက်ပြီးသည့်နောက် မြန်မာနိုင်ငံဘက်တွင် ပဲစင်းငုံ၊ မတ်ပဲ အရောင်းအဝယ် ရပ်သွားခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယနိုင်ငံဘက်မှ ပဲမျိုးစုံ တင်သွင်းခွင့် ကန့်သတ်ထားခြင်းကို ရုပ်သိမ်းပေးရန် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီကို တောင်းဆိုခဲ့သည်။

သို့သော်လည်း ၎င်းက အနာဂတ်တွင် နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်နိုင်မည့် ရေရှည် အစီအမံများ ချမှတ်ဆောင်ရွက်ရန် အရေးကြီးပါသည်ဟုသာ ပြန်လည် ပြောကြားခဲ့သည်။

နှစ်နိုင်ငံ ကုန်သွယ်မှုကဏ္ဍတွင် ပဲမျိုးစုံကုန်သွယ်မှုသည် မြန်မာ ပဲစိုက်ပျိုးသူများနှင့် အိန္ဒိယစားသုံးသူများအတွက် အကျိုး သက်ရောက်မှုရှိသဖြင့် ပဲမျိုးစုံ ကုန်သွယ်မှု၏ အရေးပါမှုကို နှစ်ဖက်လုံးက အသိအမှတ် ပြုခဲ့ကြောင်း၊ သို့ဖြစ်ရာ မကြာသေးမီက အိန္ဒိယအစိုးရက ပဲမျိုးစုံ ကုန်သွယ်မှုအပေါ် ကန့်သတ်ချက်များ ထုတ်ပြန်ခဲ့မှုအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က စိုးရိမ်ကြောင်း ပြောကြားလျက် နှစ်နိုင်ငံပြည်သူများ၏ ရေရှည် အကျိုးစီးပွားနှင့် ချစ်ခင်ရင်းနှီးသည့် နှစ်နိုင်ငံ ဆက်ဆံရေးကို ရှေးရှုလျက် မြန်မာနိုင်ငံမှ တင်သွင်းကုန်များအပေါ် ကန့်သတ်မှုများ ရုပ်သိမ်းပေးရန် အိန္ဒိယဝန်ကြီးချုပ်အား တောင်းဆိုခဲ့ကြောင်း နှစ်နိုင်ငံပူးတွဲ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တိကျတဲ့အဖြေတော့ ဘာမှမရခဲ့ဘူး။ ရှေ့ဆက် လုပ်ဆောင်မယ့်ဟာတွေကိုတော့ အစိုးရနဲ့ ဆက်လုပ်နေတယ်”ဟု ပဲမျိုးစုံ တင်ပို့မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အထူးလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

လတ်တလော အိန္ဒိယဝန်ကြီးချုပ်နှင့် သဘောတူညီချက်များ မရရှိသေးသော်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပဲလုပ်ငန်းရှင်များဖြင့် ပူးပေါင်းဖွဲ့စည်းထားသည့် ပဲမျိုးစုံတင်ပို့မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အထူးလုပ်ငန်းအဖွဲ့က ယခုဖြစ်ပေါ်နေသော ပဲပြဿနာကို ဖြေရှင်းနိုင်ရန် ကြိုးပမ်း လုပ်ဆောင်သွားမည်ဟု ယင်းအဖွဲ့ဝင်များက ဆိုသည်။

ယင်းအဖွဲ့အနေနှင့် အိန္ဒိယသို့ သွားရောက်ညှိနှိုင်းပြီး နှစ်နိုင်ငံသဘောတူ (G to G)စာချုပ်ချုပ်ဆိုရေးနှင့် ပဲတင်ပို့ခွင့် ပမာဏခွဲတမ်း (Quota)အများဆုံး ရရှိရေးကို အလျင်အမြန် ကြိုးပမ်း အားထုတ်သင့်ကြောင်း ပဲကုန်သည်များက တိုက်တွန်းပြောဆိုကြသည်။

အဆိုပါအဖွဲ့သည် ပဲကိစ္စကို ဖြေရှင်းနိုင်ရန် မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိပြီး ကျန်လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာနထံမှ သိရသည်။

“ကျွန်တော်တို့ အဓိက နှစ်ချက် လုပ်နေတယ်။ ပြည်တွင်းမှာ ပဲများများအသုံးပြုဖို့နဲ့ အိန္ဒိယနဲ့ G to G စာချုပ်နိုင်ဖို့ပါ”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ၎င်းတို့ ၏ လက်ရှိ လုပ်ဆောင်ချက်များကို ရှင်းပြသည်။

အိန္ဒိယနိုင်ငံထိ သွားရောက်၍ G to G စာချုပ် ချုပ်ဆိုရန်နှင့် တင်သွင်းခွင့် ကန့်သတ်ထားသည့် ပမာဏ ကို မြန်မာနိုင်ငံမှ ခွဲတမ်းပိုမိုရရှိရေးတို့အတွက် အိန္ဒိယ နိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် ချိတ်ဆက်လုပ်ဆောင် မည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ပဲပိုမိုသုံးစွဲနိုင်ရန် တပ် မတော်၊ အကျဉ်းဦးစီးဌာနနှင့် ပဲကြာဆံစက်များတွင် လက်ရှိအသုံးပြုနေသည့် ပဲများအစား ပဲစင်းငုံဖြင့် အစားထိုးအသုံးပြုနိုင်ရေး စီးပွား/ကူးသန်းဝန်ကြီး ဌာနက တိုက်တွန်း ဆွေးနွေးသွားမည်ဖြစ်သည်။

ထိုသို့ အစားထိုး အသုံးပြုနိုင်ရေးအတွက် သက် ဆိုင်ရာဌာနများဖြစ်သည့် အကျဉ်းဦးစီးဌာန၊ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ တောင်သူ လယ်သမား ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကျိုးစီးပွား ကာကွယ်ရေး ကော်မတီ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနတို့နှင့် စက်တင်ဘာလ တတိယပတ်အတွင်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပြီး ပဲကြာဆံစက်ရုံ လုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

ပြည်ပသို့ အဓိကပို့နေသည့် ပဲအမျိုးအစားတွင် မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်းတို့ကို တင်ပို့နေခြင်းဖြစ်ပြီး မတ်ပဲကို အိန္ဒိယနိုင်ငံသို့ တစ်နှစ်လျှင် ၈၀ ရာခိုင်နှုန်းခန့်နှင့် ပဲပင်ပေါက်အဖြစ် လုပ်ဆောင်ရန် အာဆီယံဒေသတွင်းနိုင်ငံများ၊ တရုတ်၊ ထိုင်းနှင့် ဂျပန်နိုင်ငံတို့ကို တင်ပို့လျက်ရှိပြီး ပဲတီစိမ်းသည် အိန္ဒိယဈေးကွက် အနည်းငယ်သာ တင်ပို့သည့်အတွက် ပြဿနာမရှိနိုင်ဘဲ ပဲစင်းငုံ တစ်မျိုးသာ အိန္ဒိယ တစ်နိုင်ငံတည်းသို့ တင်ပို့နေခြင်းကြောင့် ယင်းပြဿနာကို ဖြေရှင်းရန် အစိုးရက ဦးစွာ လုပ်ဆောင်နေခြင်းဖြစ်သည်။

လတ်တလော ပဲစင်းငုံကို စိုက်ပျိုးပြီးဖြစ်ပြီး တန်ချိန် သုံးသိန်းထိ ထွက်ရှိလာမည်ဟု ခန့်မှန်းရကြောင်း ထို့ကြောင့် အသစ်ထွက်ရှိလာမည့် ပဲများ ဈေးကောင်း ရရှိရန်၊ တောင်သူလယ်သမားများ တွက်ခြေကိုက်စေရန်၊ ထုတ်လုပ်မှု ကုန်ကျစရိတ် ကာမိစေရန်နှင့် ထိုက်သင့်သည့် အကျိုးအမြတ် ရရှိစေရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ယင်းဌာနများထံမှ သိရသည်။

“ပဲစင်းငုံက အိန္ဒိယကို ပြန်ပို့နိုင်ဖို့ တော်တော် အားနည်းသွားပြီ၊ ဘာဖြစ်လို့လဲဆိုတော့ အာဖရိကကလည်း တစ်နှစ်ကို တန်ချိန် ငါးသိန်းလောက် ပို့နေတယ်။ ပြီးတော့ အိန္ဒိယရဲ့ ထွက်နှုန်းလည်း ရှိနေသေးတယ်။ ဒါကြောင့် ပဲစင်းငုံနေရာ တခြားသီးနှံ အစားထိုးစိုက်ဖို့ စီစဉ်နေတယ်”ဟု စီးပွား/ကူးသန်း လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောဆိုသည်။

ထို့ကြောင့် ပြည်တွင်း၌ ပဲစင်းငုံစားသုံးမှုတွင် ကျယ်လာစေရန် ပြည်ပမှ ပဲတင်သွင်းခွင့်ကို စက်တင်ဘာလ ၁၅ ရက်မှစ၍ ယာယီ ရပ်ဆိုင်းမည်ဖြစ်ပြီး ယင်းရက် မတိုင်ခင် သင်္ဘောတင် အထောက်အထားပြသနိုင်သူများကိုသာ ခွင့်ပြုပေးမည်ဖြစ်သည်ဟု စီးပွား/ ကူးသန်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။

“ပဲတင်သွင်းခွင့် ပိတ်လိုက်ရင်တော့ ပဲဈေးကွက် နည်းနည်း ပြန်ကောင်းလာနိုင်ပါတယ်”ဟု ပဲကုန်သည် ဦးတင်ကိုကိုက ပြောဆိုသည်။

ပဲစင်းငုံ အစားထိုး အသုံးပြုရန် လုပ်ဆောင်ရာတွင် ပဲအသုံးပြုမှု များပြားသည့် ဌာနများဖြစ်သည့် တပ်မတော်၊ အကျဉ်းဦးစီးဌာနနှင့် ပဲကြာဆံစက်များတွင် လက်ရှိအသုံးပြုနေသော ပဲများအစား ပဲစင်းငုံဖြင့် အစားထိုး အသုံးပြုနိုင်ရေး တိုက်တွန်း ဆွေးနွေးသွားရန် လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ အစားထိုး အသုံးပြုနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများဖြစ်သည့် အကျဉ်းဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ တောင်သူ လယ်သမား ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကျိုးစီးပွား ကာကွယ်ရေး ကော်မတီ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့နှင့် စက်တင်ဘာလ တတိယပတ်အတွင်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပြီး ပဲကြာဆံ စက်ရုံလုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံဆွေးနွေးရန် စီးပွား/ကူးသန်းဌာနက စီစဉ်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်နေစဉ် ကာလအတွင်း ပဲဈေးနှုန်းများမှာ ငြိမ်သက်ခြင်းမရှိဘဲ တစ်ရက်ပြီးတစ်ရက် ဈေးနှုန်း အတက်အကျများ ဖြစ်ပေါ်လျက်ရှိပြီး အကျဈေးတွင်သာ အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိသည်။

ပဲဈေးကွက်အတွင်း ဩဂုတ်လ ၁၁ ရက်နေ့က မတ်ပဲ တစ်တန်လျှင် ကျပ် ၅၂၂,ဝ၀ဝ မှ ယခုအခါ ၅၄၉,ဝ၀ဝ ခန့်သို့လည်းကောင်း၊ ယခင်က ပဲစင်းငုံ တစ်တန်လျှင် ကျပ် ၄၁၀,ဝ၀ဝ မှ ယခုအခါ ၄၁၆,ဝ၀ဝ ခန့်သို့လည်းကောင်း ဈေးနှုန်း အနည်းငယ် မြင့်တက်လျက်ရှိကြောင်း ဘုရင့်နောင် ပဲဈေးကွက်အတွင်းမှ သိရသည်။

ထိုသို့ဈေးနှုန်းများ ကျဆင်း၍ ဈေးကွက် မပျက်စီးစေရန်အတွက် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းဖြေရှင်းရန် စီစဉ်လျက်ရှိပြီး ကျပ်ဘီလီယံ ၁၀ဝ အသုံးပြု၍ မတ်ပဲနှင့် ပဲစင်းငုံကို အခြေခံ ဈေးနှုန်းသတ်မှတ်၍ တန်ချိန် သုံးသိန်းထိ ဝယ်ယူထားရန် စီစဉ်လျက်ရှိသည်။

အခြေခံဈေးနှုန်းအဖြစ် သတ်မှတ်ထားရာတွင် မတ်ပဲ တစ်တန်လျှင် ကျပ် ၅၀ဝ,ဝ၀ဝ နှင့် ပဲစင်းငုံ တစ်တန်လျှင် ကျပ် ၄၀ဝ,ဝ၀ဝ သတ်မှတ်ထားခြင်းဖြစ်သည်။

“ဒါက အသင်းဘက်ကတော့ ပြည့်ပြီ။ ကျွန်တော်တို့ဘက်ကတော့ ပြည်ထောင်စုအစိုးရဆီက ဘတ်ဂျက် တောင်းရဦးမယ်”ဟု စီးပွား/ကူးသန်း ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောဆိုသည်။

မြန်မာတစ်နိုင်ငံလုံးတွင် စိုက်ပျိုးသည့် သီးနှံအားလုံး၏ လယ်ယာထွက်ကုန်များတွင် ပဲမျိုးစုံက တန်ဖိုးအများဆုံးအဖြစ် တစ်နှစ်လျှင် နိုင်ငံခြားဝင်ငွေ ၅၂ ရာခိုင်နှုန်းထိ ရရှိလျက်ရှိသည်။ တစ်နှစ်လျှင် ပြည်ပသို့ ပဲမျိုးစုံ တန်ချိန် ၁ ဒသမ ၂ သန်းမှ ၁ ဒသမ ၄ သန်းထိ တင်ပို့နေပြီး နိုင်ငံခြားဝင်ငွေ ပမာဏသည် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၁ ဘီလီယံ မှ ၁ ဒသမ ၂ ဘီလီယံ ထိရရှိကာ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံဖြင့် စံချိန်တင်ထားသည်။

အိန္ဒိယနိုင်ငံသို့ တစ်နှစ်လျှင် မတ်ပဲတန်ချိန် ငါးသိန်းခန့်၊ ပဲစင်းငုံတန်ချိန် သုံးသိန်းခန့်နှင့် ပဲတီစိမ်းကို တန်ချိန် အနည်းငယ် တင်ပို့လျက်ရှိပြီး တစ်နိုင်ငံလုံး၌ တစ်နှစ်လျှင် သီးနှံအားလုံး စိုက်ဧက ၅၂ ဒသမ ၇ သန်းရှိရာတွင် ပဲမျိုးစုံ စိုက်ဧကသည် ၁၁ ဒသမ ၅ သန်းထိရှိကာ ၂၁ ရာခိုင်နှုန်းထိ တောင်သူများက စိုက်ပျိုးလုပ်ကိုင်ကြခြင်းဖြစ်သည်။

ထိုမျှအရေးပါသည့် ပဲအရေးအတွက် တောင်သူ လယ်သမားများ အပါအဝင် ကုန်သည်များက မျှော်မှန်းထားသည့် အိန္ဒိယဝန်ကြီးချုပ်၏ ခရီးစဉ်တွင် မည်သည့် သဘောတူညီချက်မျှ မရရှိခဲ့သော်လည်း အစိုးရအနေနှင့် အိန္ဒိယမှ မြန်မာနိုင်ငံကို ကန့်သတ်ထားသည့် ပဲစင်းငုံ တန်ချိန် နှစ်သိန်း၊ မတ်ပဲနှင့် ပဲတီစိမ်းတို့ကို တန်ချိန် သုံးသိန်းတို့ထက် ပိုမို ရရှိနိုင်စေရန် လုပ်ဆောင်ပေးသင့်ကြောင်း ပဲကုန်သည်များက ဆိုသည်။

“ကျွန်တော်တို့ ကုန်သည်တွေအနေနဲ့ အဖြစ်ချင်ဆုံး အရာကတော့ ပဲဈေးကွက် အရင်လိုပြန်ဖြစ်ဖို့ပါ။ အိန္ဒိယက အခုကန့်သတ်ထားတဲ့ ခွဲတမ်းကို ပို့ရမယ်ဆိုရင် ဈေးကွက် အရင်လို ပြန်ကောင်းနိုင်တယ်။ မတ်ပဲဆို တန်ချိန် ငါးသိန်းလောက်၊ ပဲစင်းငုံဆို တန်ချိန် သုံးသိန်းလောက်နဲ့ ပဲတီစိမ်းကတော့ အခု သတ်မှတ်ထားတာလောက်နဲ့တောင် ရနိုင်ပါတယ်”ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးထွန်းလွင်က ပဲကုန်သည်များအစား ပြောဆိုသည်။

ဟိန်းမြတ်စိုး

The Voice

No comments:

Post a Comment