သနပ်ခါး၊ ဖာလာနှင့် ဝဥ စသည့် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများအား သစ်တောခွန်ကင်းလွတ်ခွင့် ပြု
သနပ်ခါး၊ ဖာလာနှင့် ဝဥ စသည့် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများအား သစ်တောခွန် ကောက်ခံ ခြင်းမှ ကင်းလွတ်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ စက်တင်ဘာလ ၂၅ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။
ထိုသို့ သစ်တောခွန် ကင်းလွတ်ခွင့်ပြုသည့် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများမှာ ပုဂ္ဂလိကပိုင်မြေနှင့် ကိုယ်ပိုင် ဥယျာဉ်ခြံမြေများတွင် လုပ်ငန်းရှင်များကိုယ်တိုင် စိုက်ပျိုးထုတ်လုပ်နေသော သနပ်ခါး၊ ဖာလာနှင့် ဝဥ စသည့်တို့သာ အကျုံးဝင်ပြီး သစ်တောနယ်မြေအတွင်းရှိသည့် သစ်တောထွက်ပစ္စည်းများ မပါဝင်ကြောင်း သိရသည်။
စက်တင်ဘာ ၁၃ ရက်နေ့က ပြုလုပ်ခဲ့သည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန စီမံခန့်ခွဲမှုကော်မတီ၏ (၂၇/၂ဝ၁၇) ဆုံးဖြတ်ချက်အရ သနပ် ခါး၊ ဖာလာနှင့် ဝဥ စသည့် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများအား ကူးသန်းရောင်းဝယ်ခြင်းအလို့ငှာ သယ်ယူခြင်းအတွက် သစ်တောဦးစီးဌာန၏ မျှောစာနှင့် ထောက်ခံချက်ရယူခြင်းမှ ကင်းလွတ်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
သစ်တောခွန် ကောက်ခံခြင်းအပေါ် ကင်းလွတ်ခွင့်ပြုခြင်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ - ၂၅၄ (က) နောက် ဆက်တွဲ ဇယား ၅၊ ၁၂ (ခ)အရ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ စီမံခန့်ခွဲမှုအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာန၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြပါရှိသည်။
Mizzima
Subscribe to:
Post Comments (Atom)
No comments:
Post a Comment