Latest News

Wednesday, September 20, 2017

၁/၈၈ : ဒုတိယမြောက် အာဏာသိမ်းမှု၏ ဇာစ်မြစ်

၁/၈၈ : ဒုတိယမြောက် အာဏာသိမ်းမှု၏ ဇာစ်မြစ်

စစ်တပ်က အာဏာသိမ်းသည့်အကြောင်း ပြောကြလျှင် ထိုင်းနှင့်မြန်မာကို ချန်ထား၍မရ နိုင်ပါ။ ထိုင်းသည် စစ်တပ်က အာဏာခဏခဏသိမ်းသည့်နိုင်ငံအ ဖြစ် နာမည်ကြီးသည်။ လက်ရှိ အချိန်တွင်လည်း စစ်တပ်က အာဏာသိမ်းထားဆဲပင်ဖြစ်ပြီး စုစု ပေါင်း ၂၁ ကြိမ်အထိ အာဏာသိမ်းခဲ့သည်။ မြန်မာကတော့ ထိုင်းနှင့်ဆန့်ကျင်ဘက်ဖြစ်ပြီး သမိုင်းတစ်လျှောက်နှစ်ကြိမ်သာ အာဏာသိမ်းခဲ့သည်။ သို့သော် တစ်ခါသိမ်းလျှင် နှစ်ပေါင်း ၂၀ ကျော် ကြာခဲ့သည်။

၁၉၆၂ က တစ်ကြိမ်၊ ၁၉၈၈ ကတစ်ကြိမ်ဖြစ်သည်။ ၁၉၈၈ က ကြေညာချက်တစ်စောင်ထုတ်ပြီး အာဏာသိမ်းမှုသည် ၂၀၁၁မှ အဆုံးသတ်ခဲ့သည်။ သို့ဖြစ်ရာ ၁၉၈၈ စက်တင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာသော ကြေညာ ချက်တစ်စောင်၏ အသက်ဝင်မှုသည် စုစုပေါင်း ၂၃ နှစ်ကြာခဲ့ သည်။

‘နိုင်ငံတော်တစ်ဝန်းလုံး အဘက်ဘက်မှ ယိုယွင်းနေသော အခြေအနေကို အချိန်မီထိန်းသိမ်း’ ဟူသော စကားလုံးနှင့်စသည့် ၁/၈၈ ကြေညာချက်ကို ထုတ်ပြန်ခဲ့ချိန်သည် ယခုနှစ်စက်တင်ဘာ ၁၈ ရက်တွင် ၂၉ နှစ်ပြည့်ပြီဖြစ် သည်။

ဝါကြန့်ကြန့်ဖြစ်နေသော ကြေညာချက်၏ ဖြစ်တည်လာမှုမှာ ရှစ်လေးလုံးအရေးတော်ပုံကာ လစက်တင်ဘာ ၁၇ ရက်ညနေက အစပြုသည်။ ဒုတိယဗိုလ်ချုပ်ကြီးသန်း ရွှေနှင့် ဗိုလ်မှူးကြီးတို့တိုင်ပင် ပြီး တိုင်းပြည်အတွင်းဖြစ်ပျက်နေ သောအခြေအနေများကို တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ် ချုပ်ကြီးစောမောင်ထံ သွားရောက်တင်ပြခဲ့ကြသည်။ ဗိုလ်ချုပ်ကြီး စောမောင်က ဦးနေ၀င်းထံသွားကြမည်ဟုဆိုကာ ဗိုလ်မှူးကြီးခင်ညွန့်ကို စီစဉ်စေသည်။ ထိုညက ဗိုလ်ချုပ်ကြီးစောမောင်နှင့် ဗိုလ်မှူးကြီး ခင်ညွန့်တို့ သံချပ်ကာကားနှစ်စီးဖြင့် အေဒီလမ်း (ယခုပါရမီလမ်း) ရှိ ဦးနေ၀င်းအိမ်သို့ သွားရောက်ခဲ့သည်။ အကြောင်းစုံရှင်းပြရာ ဆိုးရွားသည့်အခြေအနေများကို ပြောပြမှပင်သိကြောင်း ဦးနေ၀င်းက ဆိုသည်။


ဆန္ဒပြနေသူများကို တားမြစ်ထားစဉ် (ဓာတ်ပုံ-AFP)

လူကြီးတွေကို သွားတင်ပြလိုက်ဟု ဦးနေ၀င်းက ပြောသည်။ လူကြီးတွေဆိုသည်မှာ ဗိုလ်ချုပ်ကြီးအေးကိုနှင့် ဗိုလ်ချုပ်ကြီးသူရ ကျော်ထင်တို့ကို ဆိုလိုခြင်းဖြစ်သည်။ သူတို့ဦးနေ၀င်းအိမ်မှ ပြန်ထွက်လာတော့ ည ၁၂ နာရီကျော် ပြီ။ စက်တင်ဘာ ၁၈ ရက်နံနက် ၇ နာရီတွင် ဗိုလ်ချုပ်ကြီးအေးကို နေအိမ်၌ ဗိုလ်ချုပ်ကြီးစောမောင်၊ ဗိုလ်မှူးကြီး ခင်ညွန့်တို့သည်ဗိုလ်ချုပ်ကြီးအေးကိုနှင့် ဗိုလ်ချုပ်ကြီးသူရကျော်ထင်တို့ကို တွေ့ဆုံကာ နိုင်ငံ အခြေအနေနှင့် ဦးနေ၀င်းထံသွားရောက်တင်ပြခဲ့သည်များကို ရှင်းပြခဲ့သည်။ ထိုအချိန်တွင် ဖုန်းဝင်လာသည်။ ဦးနေ၀င်း၏ကိုယ်ရေးအရာရှိထံမှဖြစ်သည်။ ဦးနေ၀င်းက တွေ့ချင်သည့်အကြောင်း ကျန်သည့် လူကြီးများကိုလည်း ပြောပြီးဖြစ်၍ ဥက္ကဋ္ဌကြီးရုံးခန်း၌ နံနက် ၉ နာရီတွေ့ကြမည်ဟုပြော သည်။

စက်တင်ဘာ ၁၈ ရက်နံနက် ၉ နာရီ၊ အေဒီလမ်းရှိ ဦးနေ၀င်း ရုံးခန်းတွင် နိုင်ငံ့အကြီးအကဲများ ရောက်ရှိနေပြီ။ သမ္မတဒေါက်တာ မောင်မောင်၊ ၀န်ကြီးချုပ်သူရဦးထွန်းတင်၊ ဒုတိယ၀န်ကြီးချုပ်ဗိုလ် ချုပ်သန်းတင်၊ လမ်းစဉ်ပါတီအ ထွေထွေအတွင်းရေးမှူးဗိုလ်ချုပ် ကြီးအေးကို၊ တွဲဖက်အထွေထွေ အတွင်းရေးမှူးဗိုလ်ချုပ်ကြီးသူရ ကျော်ထင်၊ နိုင်ငံခြားရေးဝန်ကြီး ဦးရဲခေါင်၊ ဗိုလ်ချုပ်ကြီးစောမောင် နှင့် ဗိုလ်မှူးကြီးခင်ညွန့်တို့ ဖြစ်သည်။

ဦးနေ၀င်းက ရှင်းပြခိုင်း၍ဗိုလ်မှူးကြီး ခင်ညွန့်က တိုင်းပြည်အခြေအနေကိုရှင်းပြသည်။ ဗိုလ်မှူးကြီး ခင်ညွန့်ရှင်းပြပြီးနောက် ဦးနေ၀င်းက

‘‘ကဲ...မင်းတို့တိုင်းပြည်ကို ထိန်းနိုင်မလား။ မင်းတို့ အုပ်ချုပ်ရေးယန္တရားလည်း ပျက်ယွင်းနေပြီ’’ ဟု ပြောလိုက်ရာ

‘‘ကျွန်တော်တို့ မထိန်းနိုင် တော့ပါဘူး။ ဥက္ကဋ္ဌကြီးစီမံတဲ့အတိုင်း လိုက်နာပါ့မယ်’’ ဟု အဖြေ ပြန်ပေးကြသည်။

‘‘ဒါဆိုရင် ငါပြောတဲ့အတိုင်း လိုက်နာကြ’’ ဟု ၁၉၆၂ အာဏာသိမ်းဗိုလ်ချုပ်ကြီးက ပြောလိုက်သည်။

‘‘ဗိုလ်စောမောင် မင်းတို့စစ်တပ်ကပဲ တိုင်းပြည်ကိုထိန်းသိမ်း ပေးပါ။ တပ်မတော်ကပဲ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ တာဝန်ယူဆောင်ရွက်ကြပါ။ အခုလိုအခြေအနေမျိုးမှာတိုင်းပြည်ကို ဘယ်သူမှ ထိန်းနိုင်မှာမဟုတ်ဘူး။ မင်းတို့စစ်တပ်ကသာလျှင် ထိန်း နိုင်မှာ။ ထိန်းဖို့လည်းတာဝန်ရှိပါတယ်’’ ဟု ဦးနေ၀င်းက ပြောသည်။

သို့သော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးစောမောင်က ‘‘ကျွန်တော်ဘာလုပ်ရမှာလဲ။ ကျွန်တော်လည်း ဘာမှမလုပ်တတ်ပါဘူး’’ ဟု ပြန် ပြောသည်။

ဦးနေ၀င်းက ‘‘မင်းတို့ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်အောင် ဒေါက်တာ မောင်မောင်ရှိတယ်။ သူက ဥပဒေနဲ့အညီလုပ်ဆောင်ဖွယ်ရာတွေကို လမ်းညွှန်ပြပါလိမ့်မယ်။ ကဲ...မင်းတို့သွားကြတော့။ မောင်မောင် မင်းကဥပဒေနဲ့အညီ ဖြစ်အောင်လုပ်ပေးလိုက်ပါ’’ ဟု ပြောသည်။

စက်တင်ဘာ ၁၈ ရက်မွန်းတည့် ၁၂ နာရီ။ ၀င်ဒါမီယာရှိ သမ္မတရုံးခန်းတွင် ဖြစ်သည်။ သမ္မတ ဒေါက်တာမောင်မောင်က ‘‘ကိုခင်ညွန့်လေးရေ လုပ်ငန်းစကြရအောင်။ အမိန့်နဲ့ကြေညာချက်တွေအရင်ရေးကြမယ်။ ကျွန်တော်က ဥပဒေနဲ့ညီညွတ်အောင် နှုတ်က ပြောမယ်။ ခင်ဗျားက လိုက်ရေးပါ’’ ဟုပြောလိုက်သည်။ သို့ဖြင့် ကြေညာချက်လေးစောင် ရေးကြသည်။ စာမူကြမ်းများမှာ မွန်းလွဲ ၂ နာရီခန့်တွင်ရေးပြီးသွားကြသည်။

ဗိုလ်ချုပ်ကြီး စောမောင်က ဗိုလ်မှူးကြီးခင်ညွန့်ကို စစ်ရုံးတွင်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးသန်းရွှေထံ ရုံး၌စောင့်နေရန် အကြောင်းကြားခိုင်းသည်။ ညွှန်ကြားချက်စာမူကြမ်းများ အချောရိုက်ပြီးလျှင် လက်မှတ်ထိုးပေးမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးစောမောင်က ဗိုလ်မှူးကြီး ခင်ညွန့်ကို သမ္မတရုံးမှအပြန် ကားပေါ်တွင် ပြောလိုက်သည်။ ကြေညာချက်များကို မြန်မာ့အသံမှ ညနေ ၄ နာရီအမီ ထုတ်လွှင့်နိုင်ရန် သူတို့စိတ်စောနေကြသည်။

စစ်ရုံးရောက်၍ ကြေညာချက်လေးစောင်ကို အချောရိုက်လက်မှတ်ထိုးပြီးသည်နှင့် စာအိတ်လေးအိတ်ဖြင့် ချိပ်ပိတ်လိုက်သည်။ စာအိတ်လေးစောင်ကို မြန်မာ့အသံသို့ သွားပို့ရသည်မှာဆက်သွယ်ရေးညွှန်ကြားရေးမှူးဗိုလ်မှူးကြီးမျိုးသန့်နှင့် စစ်ဥပဒေချုပ်ဗိုလ်မှူးကြီးသန်းဦးတို့ဖြစ်သည်။ (ဗိုလ်မှူးကြီးမျိုးသန့်မှာ နောင်တွင် ပြန်ကြားရေးဝန်ကြီးဖြစ်လာပြီး ဗိုလ်မှူးကြီးသန်းဦးက ဒုတိယတရားသူ ကြီးချုပ်ဖြစ်လာသည်။)

စည်းမျဉ်းများအဖြစ် စာအိတ်များကို ကြိုမဖွင့်ရ။ မြန်မာ့အသံက စာအိတ် (၁)ကို ဖောက်ဖတ်ကြေညာပြီးမှစာအိတ် (၂)ကို ဖောက်ဖတ်ရမည်။ ထိုသို့စာအိတ်လေးစောင်ကို ကြေညာရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ အနာဂတ်ကို အပြောင်းလဲကြီး ပြောင်းလဲသွား မည့်ဆုံးဖြတ်ချက်များကို ခေါင်းဆောင်လူတစ်စုက အချိန်တိုတိုအတွင်းမှာပင် လျှို့ဝှက်လုပ်ဆောင်ခဲ့သည်။


ဗိုလ်ချုပ်ကြီး စောမောင် (ဓာတ်ပုံ-AFP)

စက်တင်ဘာ ၁၈ ရက် ညနေ ၄ နာရီ

လမ်းပေါ်တွင်တော့ အ ပြောင်းအလဲကို လိုလားသော လူထုက ဆန္ဒပြပွဲများ ဆင်နွှဲနေဆဲပင်။ ပုံမှန်နေ့များတွင် ဆန္ဒပြသည့် သတင်းများကို ထုတ်လွှင့်ပေးလေ့ရှိသည့် မြန်မာ့အသံ၌ စစ်သည် တေး၊ စစ်ချီတေးများကို ထုတ်လွှင့်နေသည်။ တစ်ပုဒ်၊ နှစ်ပုဒ်၊ ပုံမှန် နားထောင်လေ့ရှိသူများ ထူးခြားသည့် အခြေအနေရိပ်စားမိလာသည်။ ၁၉၆၂ အာဏာသိမ်းမှုကို သိမီလိုက်သည့် လူကြီးသူမများက အာဏာသိမ်းပြီဟု ဟောကိန်းထုတ်သည်။ ဟောကိန်းမှန်၊ မမှန် အချိန်အများကြီးမပေးလိုက်ရပေ။ စစ်ချီတေးများပြီးသည်နှင့် နိုင်ငံ တော်တစ်ဝန်းလုံးအဘက်ဘက်မှ ယိုယွင်းနေသော အခြေအနေကို အချိန်မီထိန်းသိမ်းနိုင်ရန် တပ်မ တော်သည် နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို လုံးဝတာဝန်ယူလိုက်သည်ဟူသော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ ၁/၈၈ ကြေညာချက်ကို မြန်မာ့အသံက ထပ်ကာထပ်ကာ အသံလွှင့်သည်။

ရုပ်မြင်သံကြား ရှားပါးလွန်းပြီး ရေဒီယိုလည်း အိမ်တိုင်းမရှိသည့်ခေတ်အခြေအနေကို ရေဒီယိုအနားသို့ လူတွေစုပြုံရောက်လာသည်။ ဆန္ဒပြနေသူတွေကို သတင်းစကားပါးဖို့ အပူတပြင်း လုပ်ဆောင်ကြသည်။ ဆန္ဒပြနေသူတွေ အရေးပေါ်အစည်းအဝေး လုပ်ကုန်ကြသည်။

‘‘အဲဒီအချိန်မှာ ခေါင်းထဲကို ပထမဆုံးရောက်လာတဲ့အတွေးက ငါတို့တော့ အဖမ်းခံရပြီဆိုတဲ့ အတွေးပဲ’’ဟု အရေးတော်ပုံကာလတွင် ဆန္ဒထုတ်ဖော်ခဲ့သည့် ဦးသန်းအောင်က ပြောသည်။

နောက်တစ်နေ့တွင်အာဏာသိမ်းသည့်သတင်းက သတင်းစာများ၏ မျက်နှာဖုံးသတင်းဖြစ်လာသည်။ ထို့အတူ သပိတ်စစ် ကြောင်းများလည်း ဖြိုခွင်းခံရ တော့သည်။

စင်စစ် ၁/၈၈ သည် ဗိုလ်ချုပ်ကြီး စောမောင်လက်မှတ်ထိုးထားသော်လည်း သမ္မတ ဒေါက်တာမောင်မောင် နှုတ်တိုက်ချပေးပြီး ဗိုလ်မှူးကြီး ခင်ညွန့်လက်နှင့် ရေးခဲ့သည့် အာဏာသိမ်းကြေညာချက်ဖြစ်သည်။

၁/၈၈ ၏ အဓိကအချက်တစ်ခုဖြစ်သည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေးကို ၁၉၉၀ တွင် ပြုလုပ်ပေး နိုင်ခဲ့သော်လည်း ရွေးကောက်ပွဲ အနိုင်ရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမူ အာဏာလွှဲမပေးခဲ့ပေ။ ထို့နောက် အမျိုးသားညီလာခံခေါ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို စိတ်ကြိုက်ရေးဆွဲသည်။

တပ်မတော်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့မှ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဟု ၁၉၉၇ ခုနှစ်တွင် အမည်ပြောင်းပြီး ဆက်လက်အုပ်ချုပ်ခဲ့သည်။ ထို့နောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ကာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို ဖျက်သိမ်းခဲ့ပြီး ရွေးကောက်ပွဲအနိုင်ရပါတီကို အစိုးရဖွဲ့စေခဲ့သည်။ သို့သော်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မပါဝင်သော ၂၀၁၀ ရွေးကောက်ပွဲတွင် တပ်မတော်ကျောထောက်နောက်ခံပြုသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်ရခဲ့သည်။ မြန်မာနိုင်ငံကို တပ်မတော်အုပ်ချုပ်ရေးမှ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းခဲ့သည်။

သို့ဖြစ်ရာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ ၁/၈၈ ကြေညာချက်သည် ၂၀၁၁ မတ်လကုန်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီကို ဖျက်သိမ်းခဲ့မှသာ အဆုံးသတ်ခဲ့သည်။

သို့သော် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပြီး အာဏာလွှဲအပ်ခြင်းမခံရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ပြန်ရပြီး အစိုးရဖွဲ့နိုင်ခဲ့သည့် ၂၀၁၆ နှင့် ရေတွက်ပါက နိုင်ငံ တော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက် ရေးအဖွဲ့၏ ၁/၈၈ ကြေညာချက်သက်တမ်းသည် ၂၈ နှစ်အထိဖြစ်သည်။

လွန်ခဲ့သောနှစ်ပေါင်း နှစ်ဆယ်အတွင်း အာဏာရှင်စနစ်ကို ကျင့်သုံးကြသော ဒီမိုကရေစီနိုင်ငံမဟုတ်သော အိမ်နီးချင်းများက မြန်မာကို ကျော်တက်သွားသည်။

မြန်မာသည် ၁/၈၈ တွင်ပါရှိသော ‘နိုင်ငံတော်တစ်ဝန်းလုံး အဘက်ဘက်မှ ယိုယွင်းနေသော အခြေအနေ’ ဟူသောစကားလုံးအောက်မှ မရုန်းထွက်နိုင်သေးပေ။

ကွန်မြူနစ်နိုင်ငံတရုတ်သည် မြန်မာ၏ အဓိကမှီခိုအားထားရာ ဖြစ်လာသည်။ တစ်ချိန်က မြန်မာကိုအားကျခဲ့သော စင်ကာပူကို ကျော်တက်ရန် အနှစ် ၃၀ ကြိုးပမ်းရမည်ဟု နိုင်ငံ့ခေါင်းဆောင်က ထုတ်ပြောရသည့်အခြေအနေဖြစ်လာသည်။ စစ်တပ်က မကြာခဏ အာဏာသိမ်းသည့် ထိုင်းသည် မြန်မာထက် အစစအရာရာဖွံ့ဖြိုးသာလွန်နေသည်။ အာဆီယံ၏ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး CLMV လေးနိုင်ငံတွင် ဗီယက်နမ်က မြန်မာကို ကျော်တက်ခဲ့ပြီ။ ကုန်းတွင်းပိတ်လာအိုသည် မြန်မာကို လျှပ်စစ်ပြန်ရောင်းရန် စီစဉ်နေသည်။

‘‘ဘယ်နှကြိမ်ပဲ အာဏာသိမ်းသိမ်း ကျွန်မမြင်တာကတော့ နိုင်ငံရေးအာဏာကိုရယူပြီးတော့ ကိုယ့်ရဲ့အစုအဖွဲ့တစ်ခု၊ တစ်ဦးတစ်ယောက်ရဲ့ အကျိုးစီးပွားကပဲ ပိုပြီးရှေ့တန်းရောက်ခဲ့တယ်။ အဲဒါက အဓိကပြဿနာပဲ’’ ဟု ရှစ် လေးလုံးအရေးတော်ပုံကို ဖြတ်သန်းခဲ့သည့်စာရေးဆရာမ မသီတာ(စမ်းချောင်း)က ဆိုသည်။

 နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲပေးခဲ့ပါက အာဏာသိမ်းမှုသည် ယခုလောက်ကြာမြင့်မည်မဟုတ်ဘဲ ယခုလောက်နာမည်ပျက်ရမည် မဟုတ်ပါ။

ထို့အတူနိုင်ငံ၏ ကံကြမ္မာသည်လည်း တစ်မျိုးတစ်ဖုံပြောင်းလဲသွားမည်ဟု ယုံကြည်နေကြဆဲပင်။

ကိုးကား-ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘဝအထွေထွေ၊ မှော်ဝန်းသား ဦးခင်ညွန့်(ဗိုလ်ချုပ်ကြီးဟောင်း)

7Day News

No comments:

Post a Comment