Latest News

Friday, September 29, 2017

ညအိပ်ခွန်မထုတ်ပေးနိုင်သည့်ကားများကို အခွန်ကောက်ကာ ယာယီဖြေရှင်းသင့်ဟု အဆိုတင်

ညအိပ်ခွန်မထုတ်ပေးနိုင်သည့်ကားများကို အခွန်ကောက်ကာ ယာယီဖြေရှင်းသင့်ဟု အဆိုတင်

ရန်ကုန်မြို့တွင်းရှိ တရားဝင် ညအိပ်ခွန်မပေးနိုင်သည့်ကားများအား အခွန်ကောက်ခြင်းဖြင့် ယာယီဖြေရှင်းပေးရန်အဆိုကို ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး တွင်  ယနေ့ တင်သွင်းခဲ့သည်။

ပုဇွန်တောင်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က တင်သွင်းခဲ့ခြင်းဖြစ်သည်။

ကားတင်သွင်းမှုအား ကားပါကင်ရှိမှတင်သွင်းခွင့်ပေးထားခြင်းနှင့် ရန်ကုန်လိုင်စင်မပေးထားသည့်ကားများမှာ ညအိပ်ခွန်မရသဖြင့် အဆိုတင်သွင်းရခြင်းဖြစ်သည်ဟု ဆိုသည်။

"ကျွန်တော်ကဒါတွေကိုပြန်ပြင်ဖို့မလွယ်ဘူးဆိုတာသိတယ်။ ယာယီအားဖြင့်မူဝါဒတွေပြန်မပြင်နိုင်ခင် တရားဝင်ညအိပ်ခွင့်မရတဲ့ကားတွေကို နိုင်ငံတော်ကနေမူဝါဒတစ်ခုသတ်မှတ်ပြီးတော့ အခွန်ကောက်မလားယာယီပေါ့နော် စဉ်းစားကြည့်တာ။ ဒါပေမယ့်ခက်တာကမြို့တော်ဝန်ကဆုံးဖြတ်ပေးလို့မရသေးတာပဲ"ဟု ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင် ကပြောသည်။

ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ထိုကိစ္စ၌ မှားယွင်းနေသည့်မူဝါဒများရှိနေသည်ဟုဆိုသည်။

ထို့ကြောင့် Workshop(ဆွေးနွေးပွဲ)များပြုလုပ်ကာ စဉ်းစားမည်ဟု  ဖြေကြားခဲ့ကြောင်း ဦးတင့်လွင်က ပြောပြသည်။

ရန်ကုန်မြို့တွင်းရှိမော်တော်ကားများမှာ မူလလျောက်ထားသည့် ကားရပ်မည်ဆိုသောနေရာတွင် သာရပ်ရမည်ဖြစ်သည်။

မရပ်ပါကဖမ်းရမည်ဟူသော မူဝါဒများတည်ရှိနေဆဲဖြစ်၍ မြို့တော်ဝန်ဘက်မှ လုပ်ကိုင်ပေး၍မရခြင်းဖြစ်နိုင်သည်ဟု ထင်ကြောင်း ဦးတင့်လွင် က ဆက်ပြောသည်။

"နယ်လိုင်စင်ဆိုရင်တော့ပြဿနာရှိတာပေါ့ကွာ။ ဆိုလိုတာကဥပဒေစည်းမျဉ်းအရဆိုရင်တော့ ကားက နောက်ပိုင်းမှာ ပါကင်နဲသွင်းရတယ်။  ပါကင်ပြရတယ်ကွ" မင်္ဂလာဒုံမြို့နယ်မှ ကားရောင်းဝယ်ရေးလုပ်ကိုင်သူ ဦးဇော်လွင်က ပြောသည်။

ညအိပ်ခွန်မပါရှိသည့်ကားများကိုအရေးယူရာတွင် ပထမဦးဆုံးအနေဖြင့် စာကပ်ပြီး မြို့နယ်စည်ပင်ကိုသွားရောက် ဒဏ်ငွေဆောင်ရသည်။

၎င်းနောက်ထပ်မံတွေ့ရှိပါက ဒဏ်ငွေနှစ်ဆမှစတင်ကာ လူကိုအရေးနိုင်သည်အထိ ဥပဒေသတ်မှတ်ထားသည်။

ရန်ကုန်မြို့တွင်းယာဉ်ကြောကြပ်တည်းမှုပြသနာများကိုဖြေရှင်းရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရန်ကုန်လိုင်စင်ချထားပေးမှုကိုပိတ်သိမ်းထားသည်။

ထို့အပြင် ကားရပ်နားခွင့်ထောက်ခံချက်မပါရှိလျင် ညအိပ်ခွန်ပေးဆောင်ခွင့်ကိုပါ ပိတ်ပင်ထားခြင်းဖြစ်သည်။


Mizzima

No comments:

Post a Comment