Latest News

Saturday, September 23, 2017

မြန်မာ့အရေးကို လုံခြုံရေးကောင်စီတွင် ဆွေးနွေးရန် ဗြိတိန်၊ ပြင်သစ်၊ အမေရိကန် အပါအ၀င် လုံခြုံရေးကောင်စီ အဖွဲ့ဝင် ခုနစ်နိုင်ငံက တောင်းဆို

မြန်မာ့အရေးကို လုံခြုံရေးကောင်စီတွင် ဆွေးနွေးရန် ဗြိတိန်၊ ပြင်သစ်၊ အမေရိကန် အပါအ၀င် လုံခြုံရေးကောင်စီ အဖွဲ့ဝင် ခုနစ်နိုင်ငံက တောင်းဆို

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခအား ဆွေးနွေးရန်အတွက် လာမည့် သီတင်းပတ်၌ တွေ့ဆုံရန် ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်နှင့် နောက်ထပ် လေးနိုင်ငံက လုံခြုံရေးကောင်စီကို တောင်းဆိုထားကြောင်း အေအက်ဖ်ပီက စက်တင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

အေအက်ဖ်ပီက မြင်တွေ့ခဲ့သော ယင်းတောင်းဆိုချက်အရ အီဂျစ်၊ ကာဇက်စတန်၊ ဆီနီဂေါနှင့် ဆွီဒင်တို့ အပါအ၀င် ခုနစ်နိုင်ငံက ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ မွတ်စလင်တို့အား မြန်မာစစ်တပ်က နှိမ်နင်းမှုကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က လုံခြုံရေးကောင်စီအား ရှင်းလင်းပြောကြားစေလိုသည်ဟု ပြောကြားခဲ့သည်။

လုံခြုံရေးကောင်စီ၏ အလှည့်ကျဥက္ကဋ္ဌ ဖြစ်သော အီသီယိုပီးယားက အစည်းအဝေးအတွက် အချိန်သတ်မှတ်ရန် တိုင်ပင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သြဂုတ် ၂၅ ရက်က ရခိုင်ပြည်နယ်တွင် ရဲစခန်းများအား အကြမ်းဖက်သမားများက တိုက်ခိုက်ခဲ့ပြီးနောက် စတင်ခဲ့သော ပဋိပက္ခကြောင့် မြန်မာစစ်တပ်က ရှင်းလင်းရေး စစ်ဆင်မှု ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံတွင် ပြင်းပြင်းထန်ထန် နှိမ်နင်းမှုများ အဆုံးသတ်ရန် လုံခြုံရေးကောင်စီက “ပြင်းထန်ပြီး လျင်မြန်သော အရေးယူ ဆောင်ရွက်မှု” ပြုစေလိုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်ဟု အမေရိကန် ဒုသမ္မတ မိုက်ပင့်စ်က စက်တင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

လုံခြုံရေးကောင်စီသည် ရခိုင်အကျပ်အတည်း စတင်ခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံနှင့် ပတ်သက်၍ တံခါးပိတ်ဆွေးနွေးမှု နှစ်ကြိမ်တိုင်တိုင် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်တွင် ပြင်းထန်သော ဖိနှိပ်မှုများ အဆုံးသတ်ရန် မြန်မာအာဏာပိုင်များအား လုံခြုံရေးကောင်စီက တိုက်တွန်းခဲ့ပြီး ရခိုင်အခြေအနေနှင့် ပတ်သက်၍ ရှုတ်ချကြောင်း တရားဝင်မဟုတ်သော ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

အခြေအနေများ မတိုးတက်ပါက လုံခြုံရေးကောင်စီသည် တရားဝင်ကြေညာချက် ထုတ်ပြန်ရန် စဉ်းစားနိုင်ကြောင်း သံတမန်များက ပြောကြားထားသည်။ သို့သော်လည်း တရုတ်နှင့်ရုရှားက ပြင်းထန်သော အရေးယူ ဆောင်ရွက်မှုကို သဘောတူညီဖွယ် မရှိပေ။

ပြင်းထန်သော အရေးယူ ဆောင်ရွက်မှုအဖြစ် ဆုံးဖြတ်ချက် ထုတ်ပြန်ရန် လိုအပ်ပြီး ရုရှားနှင့် တရုတ်တို့က ယင်းကဲ့သို့ ဆုံးဖြတ်ချက်မျိုးကို လုံခြုံရေးကောင်စီတွင် ဗီတိုအာဏာသုံး ပယ်ချနိုင်သည်။

လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ချမှတ်ရန်အတွက် အဖွဲ့ဝင် ၁၅ နိုင်ငံအနက် ကိုးနိုင်ငံက ထောက်ခံရန် လိုအပ်ပြီး အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံဖြစ်သည့် ရုရှား၊ တရုတ်၊ အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့က ဗီတိုဖြင့် ကန့်ကွက်မှု မရှိရပေ။ လုံခြုံရေးကောင်စီက ရခိုင်ပြည်နယ်၌ အပြင်းအထန် နှိမ်နင်းမှုများ ရပ်တန့်ရန် တောင်းဆိုထားပြီး ယင်းစစ်ဆင်ရေးသည် “လူမျိုးစုလိုက် သန့်စင်မှု” ဟု ကုလသမဂ္ဂက ဖော်ပြထားသည်။

Eleven Media Group

No comments:

Post a Comment