Latest News

Tuesday, August 29, 2017

အတိုက်အခံအမတ် (၂)ဦး၏ ရခိုင်ပြည်နယ်ကိစ္စ အရေးကြီးအဆိုများ လွှတ်တော်တွင် တင်သွင်းခွင့်မရ

အတိုက်အခံအမတ် (၂)ဦး၏ ရခိုင်ပြည်နယ်ကိစ္စ အရေးကြီးအဆိုများ လွှတ်တော်တွင် တင်သွင်းခွင့်မရ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)မှ ပြည်သူ့လွှတ်တော်အမတ်(၂)ဦး၏ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောဒေသတွင် လက်ရှိဖြစ်ပေါ်နေသော အစွန်းရောက် ဘင်္ဂါလီများ၏ အကြမ်းဖက် တိုက်ခိုက်မှုနှင့် ပတ်သက်သည့် အရေးကြီးအဆိုများ လွှတ်တော်တွင် တင်သွင်းခွင့်မရကြောင်း ကာယကံရှင်များက ဩဂုတ် ၂၉ရက်တွင် ပြောကြားသည်။

“အကြောင်းပြချက်ကတော့ အကြမ်းဖက်အဖွဲ့အစည်းလို့ ထုတ်ပြန်ထားပြီးဖြစ်တဲ့အတွက် တို့တင်ပြတဲ့ ဒီလုပ်ရပ်အပေါ်မှာ ရှုတ်ချတယ်ဆိုတဲ့အဆိုဟာ မလိုဘူးဆိုတဲ့ သဘောပေါ့။ ဒီမနက်ပဲ အကြောင်းပြန်လာပါတယ်” ဟု အရေးကြီးအဆို တင်သွင်းခဲ့သူ ဇေယျာသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးလှဌေးဝင်းက ပြောသည်။

“ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း နယ်မြေလုံခြုံရေးတာဝန် ထမ်းဆောင်နေသော နယ်မြေရဲစခန်း၊ ရဲကင်း (၃၀)အား တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့သော တရားမဝင် ကျူးကျော် ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ နိုင်ငံတော် လွတ်လပ်ရေးနှင့် အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးကို ထိခိုက်ပျက်ပြားစေသည့် ရက်စက်ပြင်းထန်သည့် အကြမ်းဖက် လုပ်ရပ်အား ပြည်သူ့လွှတ်တော်က ပြင်းထန်စွာ ရုတ်ချကြောင်း အရေးကြီးအဆို” ကို ဦးလှဌေးဝင်းက လွှတ်တော်ဥက္ကဌထံ လိပ်မူပြီး ဩဂုတ် ၂၈ရက်တွင် ပေးပို့ခဲ့ခြင်းဖြစ်သည်။

၎င်း၏ အဆိုအား လွှတ်တော်တွင် တင်သွင်းခွင့်မပြုသည့်အပေါ် “လက်မခံနိုင်ပါဘူး။ လက်မခံနိုင်လို့လည်း ကိုယ်တို့ရဲ့ သဘောထားအမှန်ကို ပြောပြတာ။ ဒီဟာကလည်း နိုင်ငံတော်အတွက် အန္တရာယ် ရှိလာပြီလို့ ကိုယ်က ယူဆတဲ့အတွက် ဒီဟာ တင်သင့်တယ်ထင်လို့ တင်တာ” ဟု တပ်မတော်တွင် ဗိုလ်ချုပ်ကြီး ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့သူ ဦးလှဌေးဝင်းက ယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေး အပြီးတွင် မီဒီယာများကို ပြောသည်။

ဩဂုတ် ၂၅ရက် နံနက်ပိုင်းမှ စတင်ကာ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်အတွင်းရှိ လုံခြုံရေးတာဝန် ထမ်းဆောင်နေသော ရဲကင်းစခန်း ၃၀နှင့် တောင်ဘဇာကျေးရွာရှိ နယ်မြေခံတပ်ရင်း ဌာနချုပ်တို့ကို အစွန်းရောက် ဘင်္ဂါလီများက အကြမ်းဖက် တိုက်ခိုက်သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ထိုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၁၀ဦး၊ တပ်မတော်သား ၁ဦး၊ စုစုပေါင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ဦးနှင့် လ.ဝ.က ဝန်ထမ်း ၁ဦးတို့ ကျဆုံးပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၉ဦးနှင့် အပြစ်မဲ့ပြည်သူအများအပြား ဒဏ်ရာရရှိကာ လက်နက် ၆လက် ဆုံးရှုံးခဲ့ရသည်ဟု အစိုးရက သတင်းထုတ်ပြန်ထားသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ဦးလှဌေးဝင်း နည်းတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နောက်ထပ် အမတ်တစ်ဦးဖြစ်သူ ပျော်ဘွယ်မြို့နယ်အမတ် ဦးသောင်းအေးကလည်း အကြမ်းဖက် တိုက်ခိုက်မှုများ စတင်ဖြစ်ပွားသည့် ဩဂုတ် ၂၅ရက်၊ ပြည်ထောင်စုလွှတ်တော်တွင် ယင်းကိစ္စအား အရေးကြီးအဆို တင်သွင်းရန် ကြိုးပမ်းခဲ့သော်လည်း လွှတ်တော်နာယက က ခွင့်မပြု၍ တင်သွင်းခွင့် မရခဲ့ကြောင်း ၎င်းက ပြောသည်။

“လက်ရှိ ပြည်ထောင်စုလွှတ်တော်ကရော၊ ပြည်သူ့လွှတ်တော်ကကော သူတို့က ဥက္ကဌတွေ၊ နာယကတွေ ဖြစ်တယ်။ သူတို့ရဲ့ ပြောဆိုချက်ကိုတော့ ကိုယ်တို့က ဘာမှ တုံ့ပြန်လို့ မရပါဘူး။ သူတို့လည်း အကောင်းဆုံး လုပ်ခဲ့တယ်လို့ပဲ ဒီလိုပဲ ပြောရမှာပေါ့” ဟု ဒုတိယဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ်သူ ဦးသောင်းအေးက မှတ်ချက်ပြုသည်။

၎င်းအနေဖြင့် မည်သည့် ပါတီ၊ မည်သည့် ပုဂ္ဂိုလ်ကိုမှ ထိခိုက်၊ နစ်နာလိုစိတ် မရှိဘဲ နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ဝိုင်းဝန်း ကာကွယ်သည့်အနေဖြင့်သာ အရေးကြီးအဆို တင်သွင်းရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်ဟုလည်း ဦးသောင်းအေးက ပြောသည်။

“စိတ်မကောင်းတာကတော့ ဒီရခိုင်ပြည်နယ်ကြီး မအေးမချမ်းနဲ့ အခုလို အိုးပစ်အိမ်ပစ်နဲ့ နေကြရတာတွေ၊ အသက်အိုးအိမ်စည်းစိမ်တွေ အန္တရာယ်ဖြစ်ပြီးတော့ တစ်ကယ့်ကို အရေးပေါ် အခြေအနေတွေ ဖြစ်နေတာကတော့ အမှန်ပဲ” ဟု ၎င်းက ဆိုသည်။

၎င်းတို့၏ အရေးအကြီးအဆိုများကို တင်သွင်းခွင့်မပြုသည့်အပေါ် မဇ္ဈိမအနေဖြင့် လွှတ်တော်ဘက်ကို မေးမြန်းနိုင်ခြင်း မရှိခဲ့ပေ။ လာမယ့် ဩဂုတ် ၃၁ရက်တွင်မူ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ရန်ရှိနေပြီး သတင်းထောက်များက အဆိုပါကိစ္စကို မေးမြန်းကြဖွယ် ရှိသည်။

ရခိုင်ပြည်နယ်၊ မောင်တောဒေသအား အရေးပေါ် အခြေအနေ ကြေငြာသင့်သည်ဟုလည်း ဦးသောင်းအေးနှင့် ဦးလှဌေးဝင်းတို့ နှစ်ဦးစလုံးက ပြောဆိုကြသည်။

အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်သော ပါဝင်သော အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများနှင့် ယင်းအကြမ်းဖက်သမားများအတွက် တာဝန်ရှိသော Arkan Rohingya Salvation Army(ARSA) တို့ကို ‘အကြမ်းဖက်အုပ်စု’ အဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ကြေငြာထားသည်။

အဆိုပါ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများအား အားပေးခြင်း၊ ထောက်ခံခြင်း၊ ပူးပေါင်းခြင်း မပြုကြပါရန်လည်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီက ဩဂုတ် ၂၇ရက်တွင် တိုက်တွန်းထားသည်။

Mizzima

No comments:

Post a Comment