Latest News

Wednesday, July 5, 2017

နေရပ်ပြန် မြန်မာနိုင်ငံသားအလုပ်သမားတွေကို RCSS ကူညီမည်

နေရပ်ပြန် မြန်မာနိုင်ငံသားအလုပ်သမားတွေကို RCSS ကူညီမည်

ထိုင်းနိုင်ငံမှာ ပြဌာန်းလိုက်တဲ့ ရွှေ့ပြောင်းအလုပ်သမား ဥပဒေအသစ်ကြောင့် ထိုင်း မြန်မာနယ်စပ် ကနေ တဆင့် ရှမ်းပြည်နယ်အတွင်း နေရပ်ပြန်နေကြတဲ့ မြန်မာနို်င်ငံသား အလုပ်သမားတွေကို
RCSS ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီအဖွဲ့က အကူအညီပေးသွားမယ်လို့ ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

အခက်အခဲရှိတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေအနေနဲ့ ရှမ်းပြည်နယ်နဲ့ ထိုင်းနယ်စပ်မှာရှိတဲ့ ဆက်ဆံရေးရုံးတွေကို ဆက်သွယ်အကူအညီတောင်းကြဖို့ RCSS အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းမိဏ်း က ပြောပါတယ်။


"လွန်ခဲ့တဲ့ သုံးလေးလတုန်းကလည်း ဒီလိုမျိုး အဖြစ်အပျက်မျိုး ရှိခဲ့ဖူးတယ်။ အဲ့တုန်းကလည်း ကျနော်တို့ ကူညီခဲ့ဖူးတယ်၊ အခုလည်း ကျနော်တို့ ဒီ ၄ ရက်နေ့မှ ကျနော်တို့ ထုတ်ပြန်တာပေါ့နော် ဒါကြောင့်မိုလို့ သူတို့တည်းခိုဖို့ ကိစ္စတွေ သွားရေးလာရေး ကိစ္စတွေပေါ့နော် အကယ်၍ မြန်မာပြည်ဖက်ထဲ ပြန်လို့ရှိရင်လည်း သူတို့အတွက် အခက်အခဲရှိမည့် နေရာတွေ တချို့ဆိုရင်လည်း ငွေကြေး မရှိတာတို့၊ ချက်ခြင်းကြီးဆိုတော့ သူတို့ကလည်း ပြန်ရတယ်ဆိုတော့ပေါ့နော် ဒီကဏ္ဍမျိုးမှာ ဆိုရင် ကျနော်တို့ သူတို့နေထိုင်စားသောက်ဖို့ရော လွတ်လွတ်လပ်လပ်နဲ့ ကျနော်တို့ဆီ ၀င်ရောက် တည်းခိုနိုင်ပါတယ်လို့ပေါ့"

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့အနေနဲ့ ထိုင်း မြန်မာ နယ်စပ်ဒေသတွေ ဖြစ်တဲ့ မယ်ဟောင်ဆောင်မြို့နယ်နဲ့ မယ်ဆိုင်မြို့နယ်တွေကနေတဆင့် ဟိုမိန်း - မိုင်းပန် လမ်းကနေ ပြန်ကြ မည့်သူတွေနဲ့ တာချီလိတ် ကျိုင်းတုံ လမ်းက ပြန်ကြမယ့်  အလုပ်သမားတွေကို နယ်စပ်ဆက်ဆံရေး ရုံးအပါအ၀င် RCSS လွိုင်တန်းလျန်း ဌာနချူပ်ကပါ ကူညီပေးမယ်လို့ ပြောပါတယ်။


ဇူလိုင်လ ၁ ရက်နေ့ကစလို့ ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင် - တာချီလိတ်နယ်စပ်ဂိတ်ကနေ အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသားတွေ ပြန်လည်ဝင်ရောက် လာတာ ၁၅၀ ခန့် ရှိသွားပြီဖြစ်ပါတယ်။ အဲဒီအထဲက အလုပ်သမားတချို့ကတော့ မယ်ဆိုင်မြို့အ၀င် စစ်ဆေး ရေး ဂိတ်မှာ ဖမ်းဆီးခံထားရဆဲ ဖြစ်တယ်လို့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ အား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ CNCMC အဖွဲ့က အတွင်းရေးမှူး ဦးစည်းသူမောင် ကပြောပါတယ်။


"အထောက်အထားမဲ့တဲ့ ကျနော်တို့ ဒီ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ မိမိနေရပ်ဒေသကို ပြန်တဲ့အချိန်မှာ ကျနော်တို့ ဒီချင်းရိုင်းခရိုင် မယ်ကျန်ရဲစစ်ဆေးရေးဌာနဂိတ်မှာ ထိုင်းရဲတွေရဲ့ ဖမ်းဆီးစစ်ဆေးခြင်းကို ခံရတယ် ငွေကြေးတောင်းခံတာတွေကို ကျနော်တို့ တွေ့နေရတယ်၊ ကလေးတွေလည်း ကျနော်တို့ တိုင်ကြားလာတာမျိုးရှိတယ်ခင်ဗျ၊ အဲ့တော့ မပေးနိုင်တဲ့ ကလေးတွေ ကိုတော့ လွန်ခဲ့တဲ့ လေးရက်လောက်ထဲကနေမှ အချူပ်ထဲကို ထည့်ထားပြီးမှ အခုလောက်ဆိုလို့ရှိရင် အယောက်သုံးဆယ်လောက် ရှိပြီ။ ဒီ ၃၀ ကို မြန်မြန်လွဲပေးဖို့ကို ကျနော်တို့ကမ်းလှမ်းနေတာ သုံးရက်လောက်ရှိပြီ အခုထက်ထိ ဒီကလေးတွေက ရောက်လာခြင်း မရှိသေးဘူးဗျ"

အထောက်အထားမရှိကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ မိမိနေရပ်ကိုပြန်ဖို့အတွက် ကားလက်မှတ်ဝယ်ဖို့ အထောက်အထားမရှိတာကြောင့် ၀ယ်မရတဲ့အခက်အခဲတွေနဲ့ တာဝန်ယူ ပြန်ပို့ပေးမယ်ဆိုတဲ့ ပွဲစားတွေရဲ့ အဆမတန်ငွေကြေးတောင်းခဲ့မှုတွေကြောင့် မြန်မာနိုင်ငံကို ပြန်ကြဖို့ အခက်အခဲဖြစ်နေကြပါတယ်။

Photo: Kyaw Lwin Oo/RFA

No comments:

Post a Comment