Latest News

Wednesday, July 26, 2017

H1N1 ရောဂါပျံ့နှံ့မှု မရှိရန် ရန်ကုန်ကြက်ဘဲဈေးကွက်တွင် ကြိုတင်ဆောင်ရွက်နေ

H1N1 ရောဂါပျံ့နှံ့မှု မရှိရန် ရန်ကုန်ကြက်ဘဲဈေးကွက်တွင်
ကြိုတင်ဆောင်ရွက်နေ

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်ဘဲများသို့ H1N1 ရောဂါကူးစက်မှုမရှိစေရန် ကြက်များအားဆေးစစ်ခြင်း၊ ဈေးသန့်ရှင်းရေးနှင့် ဆေးဖျန်းခြင်းလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်နေကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်ဘဲဒိုင်များထံမှ သိရသည်။

လတ်တလောတွင် ရာသီတုပ်ကွေးရောဂါဖြင့်  (Seasonal Influenza A(H1N1) 2009) လူနာသုံးဦး ရန်ကုန်ပြည်သူဆေးရုံကြီး၌ ဆေးကုသမှုခံယူနေကြောင်း ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

H1N1 ဗိုင်းရပ်စ်သည် လူသာမက ငှက်များအပါအ၀င် အ ခြားမျိုးစိတ်များသို့ပါ ကူးစက်နိုင်သည်။

ကြက်ဘဲဒိုင်တစ်ဦးဖြစ်သည့် ဦးအောင်ကျော်က ‘‘ဈေးမှာတိကု ဌာနရှိတယ်။ သူတို့မနက်ဆိုကြက်တွေကို လိုက်ကြည့်ပြီး မှိုင်နေတဲ့ ကြက်တွေကို သွေးဖောက်ယူသွားပြီး ဓာတ်ခွဲခန်းမှာစစ်တယ်။ နေ့တိုင်းလုပ်တာ။ ရာသီဥတုကြောင့် ကြက်က မှိုင်နေတာလား၊ ရောဂါ ကြောင့်လားဆိုတာ တန်းစစ်တယ်’’ ဟု ပြောသည်။

ကြက်ဘဲဈေးတွင် ကြက်ဘဲများကို သိုလှောင်ထားခြင်းမရှိဘဲ ကြက်ဘဲဒိုင်များက တစ်နေ့ဝင်သည့်ကြက်ဘဲများကို တစ်နေ့အကုန်ရောင်းချသည့် စနစ်သာကျင့်သုံးကြကြောင်း ဦးအောင်ကျော်က ဆိုသည်။

လက်ရှိအချိန်တွင် ကြက်ဘဲ ဈေးအနည်းငယ် ကျဆင်းနေသော်လည်း ငါးပေါများသည့်ရာ သီတွင် ဈေးကျလေ့ရှိသဖြင့် ပုံမှန်သာဖြစ်ကြောင်း ကြက်ဘဲဒိုင်များက ဆိုသည်။

ကြက်ဘဲဒိုင်ပိုင်ရှင် ဦးလှရွှေက ‘‘ကျန်းမာရေးသတင်းတွေပေါ် ထွက်နေပေမယ့် ပြဿနာမရှိပါဘူး။ အရင်ကတည်းက ကျန်းမာရေးကောင်းတဲ့ ကြက်တွေကိုပဲ ဈေးထဲကို သယ်ယူရောင်းချခွင့် ရှိတယ်။  ပုံမှန်စစ်ဆေးနေတာ တွေလည်း ရှိတယ်။ အခြေအနေ ပေါ်မူတည်ပြီး ဆေးဖျန်းတာတွေလည်း ပုံမှန်ဆောင်ရွက်နေတယ်။ ခုထိတော့ ကြက်ဘဲဈေးထဲမှာ အေးအေးဆေးဆေးပါပဲ’’ဟု ပြောသည်။

 မောင်မောင်သန်း မွေးမြူ ရေး အစာ၊ ဆေးဝါးနှင့် ကြက်ပေါက်ဖြန့်ချိရေးလုပ်ငန်းပိုင်ရှင်က ‘‘မြန်မာနိုင်ငံမှာဖြစ်ဖြစ် မြန်မာ နိုင်ငံရဲ့ အနီးအနားနိုင်ငံမှာပဲ ဖြစ်ဖြစ် ဒီလိုသတင်းထွက်ရင် ပြည်တွင်းမှာ စိုးရိမ်ပူပန်မှုမြင့်တက် လာတာ ပုံမှန်ပါပဲ။ မွေးမြူရေး လုပ်ငန်းအရောင်းအ၀ယ်တွေ အပေါ်လည်း အနည်းနဲ့အများတော့ သက်ရောက်မှုရှိနိုင်ပါတယ်’’ဟု ပြောသည်။

H1N1 ရောဂါလက္ခဏာသည် အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယို နှာစေးခြင်း၊ ခေါင်း ကိုက်ခြင်း၊ ကိုယ်လက်များ နာကျင်ကိုက်ခဲခြင်း၊ အသက်ရှူကျပ်ခြင်း၊ မောပန်းနွမ်းနယ်ခြင်းတို့ဖြစ်ပြီး ပြင်းထန်ပါက သတိလစ်မေ့ မြောခြင်းအထိ ဖြစ်စေနိုင်သည်။

7Day News

No comments:

Post a Comment