Latest News

Wednesday, July 26, 2017

ကင်မ်ဂျုံအန်းကို ဖယ်ရှားရန် ကြိုးစားပါက အမေရိကန်ကို နျူကလီးယားဖြင့် တိုက်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

ကင်မ်ဂျုံအန်းကို ဖယ်ရှားရန် ကြိုးစားပါက အမေရိကန်ကို နျူကလီးယားဖြင့် တိုက်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်



ကင်မ်ဂျုံအန်းကို ဖယ်ရှားရန် ကြိုးစားပါက အမေရိကန်ကို နျူကလီးယားဖြင့် တိုက်ခိုက်သွားမည်ဟု မြောက်ကိုရီးယားက ခြိမ်းခြောက်လိုက်သည်။
ခေါင်းဆောင်ကြီး ကင်မ်ကို ဖြုတ်ချ ဖယ်ရှားရန်  ကြံစည်ခြင်းသည် အမေရိကန် အနေဖြင့် နျူကလီးယား လက်နက်ဖြင့် လက်စားချေ တိုက်ခိုက်မှုကို ဖိတ်ခေါ်သည့် သဘောမျိုး ကြုံသွားနိုင်ကြောင်း မြောက်ကိုရီးယား အစိုးရ သတင်းဌာန ကေစီအန်အေက ဇူလိုင် ၂၅ ရက်တွင် ဖော်ပြသွားသည်။

အမေရိကန်၏ စီအိုင်အေ ထောက်လှမ်းရေးဌာန အကြီးအကဲ မိုက်ခ်ပွမ်ပီယိုက မြောက်ကိုရီးယား၏ ကြီးထွားလာသော နျူကလီးယားလက်နက် ပိုင်ဆိုင်မှုမှ ကင်မ်ကို ခွဲထုတ်ရန် နည်းလမ်းရှာ အရေးယူနိုင်ခြေ ရှိနေကြောင်း ပြီးခဲ့သည့် သီတင်းပတ်က မှတ်ချက်ပေးခဲ့ခြင်းအပေါ် ကေစီအန်အေက ယခုလို တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

ပွမ်ပီယိုက မြောက်ကိုရီးယားကို ကင်မ်မိသားစုက အစဉ်အဆက် အုပ်ချုပ်နေမှုမှ ဖယ်ထုတ်သည့် ဗျူဟာမျိုးဖြင့် ချဉ်းကပ်ရန် စဉ်းစားသင့်ကြောင်း၊ မြောက်ကိုရီးယား ပြည်သူများ အနေဖြင့်လည်း ကင်မ်ကို ရာထူးမှ ဖြုတ်ချနိုင်ရန် လိုလားကြမည်ဟု ယုံကြည်ကြောင်း ဆိုသည်။

ကေစီအန်အေက မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးကို ကိုးကားပြီး မြောက်ကိုရီးယားသည် ဂုဏ်သရေရှိစွာ ရပ်တည်နေသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ မြောက်ကိုရီးယား အစိုးရ၏ ဖွဲ့စည်းပုံကို ပြင်ပနိုင်ငံ တစ်ခုက စွက်ဖက် ပြောင်းလဲရန် ကြံစည်ပါက နျူကလီးယား အပါအဝင် ဖြစ်နိုင်ခြေ နည်းလမ်းအားလုံးဖြင့် တုံ့ပြန်တိုက်ခိုက်ရန် နှောင့်နှေးနေမည် မဟုတ်ကြောင်း ဖော်ပြသွားသည်။

“အမေရိကန်က ကျွန်ုပ်တို့ရဲ့ ခေါင်းဆောင်ကြီးကို ဖယ်ရှားဖို့ လက်တွေ့ လုပ်ဆောင်နေကြောင်း အရိပ်အယောင် သေးသေးလေးပဲ ပြဦးတော့၊ ကျွန်ုပ်တို့ဘက်က အသနား အညှာတာ လုံးဝမရှိဘဲ အမေရိကန်ကို နျူကလီးယားနဲ့ ပြန်တိုက်မယ်”ဟုလည်း အဆိုပါ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိက ပြောကြားထားကြောင်း သိရသည်။

မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း ဒုံးကျည် စမ်းသပ်မှုများကို အရှိန်မြှင့်လာသည့်နောက် ဒေါ်နယ်လ်ထရမ့်၏ အမေရိကန် အစိုးရသစ်နှင့် တင်းမာမှုများ ပိုမို မြင့်တက်လာခဲ့သည်။ ဇူလိုင်လဆန်းတွင်မူ မြောက်ကိုရီးယားသည် တာဝေး ပျံသန်းနိုင်သည့် တိုက်ချင်းပစ် ဒုံးကျည်တစ်စင်းကို ပထမဆုံးအကြိမ် အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည်။

ထို့အပြင် ကိုရီးယား ကျွန်းဆွယ်စစ်ပွဲ ပြီးဆုံးမှု အထိမ်းအမှတ်အဖြစ် သတ်မှတ်ထားသည့် ဇူလိုင် ၂၇ ရက် အမျိုးသား ရုံးပိတ်ရက်တွင် မြောက်ကိုရီးယားက နောက်ထပ် ဒုံးကျည် စမ်းသပ်မှု ပြုလုပ်လာနိုင်ကြောင်း ကောလာဟလများလည်း ပျံ့နှံ့လျက်ရှိသည်။

Ref: CNN


7Day News

No comments:

Post a Comment