Latest News

Sunday, July 9, 2017

ရွှေခရု ကပ်ဆိုး( မျိုးမင်းပိုင်)

 ရွှေခရု ကပ်ဆိုး( မျိုးမင်းပိုင်)

သူ့တွင် ရွှေဝါရောင်အဆင်းနှင့် လုံးဝန်းသော ခန္တာကိုယ် ရှိသည်။

ယင်းကြောင့်ပင် ရွှေ ဟူသော စကားလုံး နှင့် သူ၏ မျိုးရိုးအမည်ကို တွဲဖက်ကြခြင်း ဖြစ်မည်ဟု သူလွယ်လွယ် စဉ်းစားဖူးသည်။

က်ျသို့ဖြင့် ကင်မွန်းတပ် မင်္ဂလာမပြုပါဘဲလျက် “ရွှေခရု” ဟု အမည်နာမတွင်လေ၏။

မိုင်ရာချီ ခရီးနှင်ကာ ဒီဒေသသို့ ရောက်ရှိနေခြင်းမှာ လူဆိုသော သတ္တဝါများက သူ့၏ အသားကို စားရန်ဟူသော အကြောင်းပြချက်ဖြင့် သယ်ဆောင်လာခြင်းကြောင့် ဖြစ်သည်။

ဒီကို ရောက်စက သူနှင့် အတူ အပေါင်းအသင်း အနည်းငယ်သာ ပါပြီး နေရာအသစ်၊ ဒေသ အသစ်နှင့် အသားကျရန် မလွယ်ကူခဲ့။

တဖြုတ်ဖြုတ် ကြွေလွင့်သွားသော ရောင်းရင်းများ၏ အသက်မဲ့ ခန္ဓာများကို ကြည့်ရင်း ကိုယ့်အလှည့် ဘယ်နေ့ရောက်မလဲ တွေးဆနေခဲ့ရသည်။

အခုတော့ ခြောက်နှစ်တာ ကာလအတွင်း သူကိုယ်တိုင် မယုံကြည်နိုင်လောက်အောင် အပြောင်းအလဲကြီး ပြောင်းလဲနေချေပြီ။


မြန်မာနိုင်ငံ၏ ဆန်အိုးကြီးဟု လူအများ ညွှန်းဆိုကြည်သည့်အတိုင်း ယခုသူရောက်ရှိသည့်ဒေသကား ရှင်သန်ကြီးထွားရန် လိုအပ်သည့် အစားအသောက်များက အလျှံအပယ်။

ယင်းကြောင့်ပင် သူတို့ ရွှေခရုများ၏ အဓိက အစာ ထဲတွင် စပါးပင်များက နံပါတ်တစ်ဖြစ်လာသည်။

အစားအသောက်များ ရှိလာခြင်းကြောင့် သူတို့ ရွှေခရု အုပ်စုမှာ အလျှင်အမြန်ကြီးထွားလာကြသည်။

စားဖို့ သောက်ဖို့ ပူပင်ရန်မလိုတော့သည့် အချိန်တွင် အချင်းချင်း မေတ္တာ လွန်ရာမှ မျိုးပွားမှုနှုန်းမြင့်လာသည်။

မမြင့်မှနေ ရွှေခရု တစ်ကောင် လျှင် မျိုးဆက်ကောင်ရေ တစ်ရာမှ တစ်ထောင်အထိ ပေါက်ဖွားနိုင်သည်အထိ စွမ်းဆောင်ရည် တိုးလာခြင်းဖြစ်သည်။

မျိုးရိုးက ခရု ဖြစ်သောကြောင့် အသွားအလာ မပေါ့ပါး သော်လည်း ပတ်ဝန်းကျင်အသစ်နှင့် လိုက်လျောညီထွေ ဖြစ်လာသည်။

ရေစီးနှင့် အတူ မျောပါသွားနိုင်သည့် ဘုရားပေး ခန္ဓာကိုယ်ကြောင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရ ရွှေခရုတိုင်းပြည်မှာ ကျယ်ဝန်းလာပြီဖြစ်သည်။
 အခုတော့ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေးဒရဲ ဘိုကလေး ကျိုက်လက်ဟူသော ဒေသ သုံးခုကို ရွှေခရုတို့ နယ်မြေချဲ့ထွင် စိုးမိုးထားနိုင်ပြီဖြစ်သည်။

“ကျွန်တော့် လယ်တစ်ဧက ခွဲကို သုံးပတ်လောက်ပဲ တတ်နိုင်တယ် ကျွန်တော်လက် က မလှုပ်နိုင်တော့ ဘူး”ဟု ရွှေခရုတစ်ကောင်ကိုလက်တစ်ဖက်ဓားဖြင့် ကိုင်ကာ ထုခွဲလျက် ပြောဆိုလာသူက ကိုမျိုးလွင်ဖြစ်သည်။

ဖျာပုံခရိုင် သလိပ်ကြီးကျေးရွာတွင်နေထိုင် သော ကိုမျိုးလွင်လို လယ်သမားများအတွက် စပါးဖျက်ပိုးတစ်မျိုးအဖြစ် သတ်မှတ်ထားသည့် ရွှေခရုကျရောက်မှုအခြေနေက အနီရောင်အဆင့် ဖြစ်သည်။

တစ်ဧက ကျယ်ဝန်းသည့် စပါးခင်းသို့ ရွှေခရုများ အုပ်လိုက်ကျပါက နှစ်ရက်အတွင်း ပျက်စီးစေခြင်းက အိမ်က ထမင်းအိုးကို တုတ်နှင့် ထိုးသလိုဖြစ်နေသည်။

ကိုမျိုးလွင်က သူကျဲထာသည့် စပါး ခင်းတစ် ဧကကျော်ကို လက်ညွန်နှင့် ညွန်ပြပြီး “အခု ကုန်ပြီ ဘာမှ သုံးမရတော့ဘူး” ဟု တုန်ရီစွာပြောသည်။

သူ ညွန်ပြရာ စပါးခင်းများသည် အနည်းငယ် စိမ်းဆိုနေပြီး ကွက်တိကွက်ကျားဖြစ်နေသည် ၊အပင်အများစု သည် ရေထဲတွင် ခရုများနှင့်အတူ မျောပါနေသည်။





ဖျာပုံဒေသက လယ်သမားကိုမျိုးလွင်အပါဝင် ဒေးဒရဲ ဘိုကလေး ကျိုက်လက် ဒေသရှိ လယ်သမားများသည် ရွှေခရုကျရောက်မှုအန္တရာယ်ကို ၂၀၁၁နောက်ပိုင်းမှစတင် ကြုံတွေ့ နေရခြင်းဖြစ်သည်။

“အရင်တုန်းက မရှိခဲ့ ဘူး ဒေးဒရဲ မြို့ နယ်ကနေ ကရင်ပြည်နယ်နဲ့  မွန်ပြည်နယ်မှာ အလုပ် သွားလုပ်တဲ့  သူတွေက စားဖို့ ယူလာရင်းနဲ့  ဒီဘက်ဒေသကိုရောက်လာတာပဲ”ဟု ဧရာဝတိတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန တိုင်းဒေသကြီး သီးနှံကာကွယ်ရေးတာဝန်ခံ ဦးစီးအရာရှိ ဦးဝင်းစိုးကပြောသည်။

တစ်စတစ်စပွါးများလာသောရွှေခရုများသည် ဒေဒရဲဒေသတွင် ၂၀၁၃ ခုနှစ်တွင်စတင်ကာ ဧက (၅၀)ကို ဖျက်စီးခဲ့  ရာမှ ဧရာဝတီတိုင်းဒေသကြီး ဘိုကလေး ဖျာပုံ ကျိုးလက် မအူပင်ဒေသများတွင် ၂၀၁၆ -၁၇ ခုနှစ် မိုးစပါးဧက ပေါင်း (၇၉၀၀)ကို ဖျက်စီးခဲ့ ကြောင်း စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

ယခု၂၀၁၇ -၁၈ ခုနှစ်တွင် အဆိုပါဒေသများတွင် မိုးစပါးစိုက်ပျိုးဧကနှစ်သောင်း ကျော်ပျက်စီးဆုံးရှုံးနိုင်သည်ဟု စိုက်ပျိုးရေးဦးစီးဌာနကခန့် မှန်းထားသည်။


ရွှေခရု ကျရောက်မှုကို လယ်သမားများအနေဖြင့်တော့ နည်းမျိုးစုံဖြင့်နှိမ်နင်းနေကြသော်လည်း ထိထိရောက်ရောက်နှမ်နင်းနိုင်ခြင်းမရှိသောကြောင့် တစ်နေ့ ထက်တစ်နေ့  ပိုမိုဆိုးရွာလာသည့် အခြေနေဖြစ်လာသည်ဟု ဖျာပုံဒေသကလယ်သမားများကပြောသည်။

“ဥကိုနှိမ်နင်းတယ် ကောက်တယ် ဖျက်စီးတယ် ဒါပေမဲ့  မနိုင်ဘူး နောက် လယ်သမားတွေ ကခရုသတ်ဆေးဖြန်းတယ်ပေါ့ သေတော့ သေတယ် ဒါပေမဲ့ မနိုင်ဘူး ပွါးတာပဲ အဲ့ တော့ သူ့ ကိုနှိမ်နင်းတဲ့ ဆေးရယ် တိတိကျကျမရှိတော့ လယ်သမားတွေက ရမ်းသမ်းလုပ်နေကြတာပဲ”ဟု ဖျာပုံခရီုင်တူးမြောင်းဒေသကလယ်သမားဦးထွန်းဦးကပြောသည်။

ပြည်သူတွေ ခရုနှိမ်နင်းရေးမှာ ပါဝင်လာအောင် အစိုးရအနေဖြင့် လှုံဆော် စည်းရုံမှုများဆောင်ရွက်သင့်သည်ဟု ဦးဝင်းစိုး က အကြံပြုသည်။

“လက်ရှိအခြေနေမှာတော့ ခရုကျတဲ့ တောင်သူကပဲ နှိမ်နင်းနေတဲ့ အတွက် တစ်ခြားမြစ်တွေ ချောင်းထဲကခရုတွေ နှိမ်နင်းမှု မပြုတော့ စပါးခင်ထဲတွေ ဆက်လက်ဝင်ရောက်နေမှာပဲ”ဟု ၄င်းကပြောသည်။

လတ်တလော ခရုကျရောက်မှုများအတွက် ခရုနှိမ်နင်းနည်းများဖြစ်သည့် ခရု ဥနှင့်အကောင်များကို ကောက်ရန် ခရုကျနေသာနေရာများတွင် ဘဲများလွတ်ကျောင်းဖို့ နှင့် ကန်သင်းရိုးများတွင် ယင်းခံပြီးဖမ်းဆီးမှုများကို ဟန်ချက်ညီညီဆောင်ရွက်ရန် စိုက်ပျိုးရေးဦးစီးဌာနက ပြည်သူများကို ညွန်ကြားထားသည်။

သို့ သော်လည်း အဆိုပါညွန်ကြားချက်များက ဒေသခံ ပြည်သူများအတွက် ခရုကျရောက်မှုကို ဟန်တားရန် မလုံလောက်ပေ။

“ဘဲကလည်းအိမ်တိုင်းမှာရှိတော့ လွတ်ကျောင်းတာပဲ ဒါပေမဲ့ မရဘူး ဒီခရုတွေက ဆယ်နှစ်ရာသီ ပေါက်ဖွားနေပြီး ပြန်နှံ့မှုကလည်းမြန်တယ်အဆင်မပြေဘူး”ဟု ကိုမျိုးလွင် ကညည်းတွားပြောဆိုသည်။

ခရုကျရောက်မှုကို ကာကွယ်ရန် ဖျာပုံ မြို့ နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့ နယ် အုပ်ချုပ်ရေးမှူးညွန်ကြားမှုဖြင့် ၂၀၁၆ -၁၇ စိုက်ပျိုးရာသီတွင် ခရုတစ်တင်းကို ငွေကျပ် နှစ်ထောင်ဖြင့်ဝယ်ယူခဲ့ ဖူးသည်။

“၀ယ်ပြီးနှိမ်နင်းတဲ့ သဘောပေါ့ အဲ့ တော့ နှစ်ဖက်စလုံးအကျိုးရှိတယ် တစ်တင်းနှစ်ထောင်ဆိုတော့ လယ်သမားရောလယ်သမားမဟုတ်တဲ့ သူတွေပါ ကောက်ကြတာ တစ်ဖက်က လယ်သမားမဟ်တဲ့ လက်လုပ်လက်စားတွေကလည်း ၀င်ငွေလည်းရ ခရုလည်းမျိုးသုန်းဆိုပြီးကောက်ကြတော့ တော်တော်သိသိသာသာလျော့ သွားတာ။” ဟု သလိပ်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ကို ဇော်မင်းထွန်းကပြောသည်။

ယင်းကဲ့ သို့ တစ်တင်းနှစ်ထောင်ဖြင့် ကောက်စဉ်က ရွာပေါင်းခြောက်ရွာတွင် တစ်ရက်လျှင် ခရုတင်းတစ်ရာခန့်  ကောက်ယူနိုင်ပြီး ခရုကျရောက်မှုသိသိသာသာလျော့နည်းသွားသော်လည်း သက်ဆိုင်ရာက ဆက်လက်မကောက်တော့ သဖြင့် ဒေသခံများသည် ခရုကိုအင်တိုက်အားတိုက်မကောက်တော့ကြောင်း၎င်းကဆက်ပြောသည်။

အစိုးရအနေဖြင့် လယ်သမားများရင်ဆိုင်ကြုံတွေ့ နေရသည့် ရွေခရုကျရောက်မှုပြဿနာကို စနစ်တကျထိထိရောက်ရောက်ကိုင်တွယ် သင့် သည်ဟု လယ်သမားရေးလှုပ်ရှားသူများကပြောသည်။

တိုင်ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနကမူ လက်ရှိ အခြေအနေကို စိုက်ပျိုးမွေးမူရေးပြည်ထောင်စု ၀န်ကြီး ဒေါက်တာအောင်သူ နှင့် ညွန်ကြားရေးမှူးထံ တင်ပြထားဆဲဟု တုံ့ပြန်သည်။

သို့ သော်လည်း လယ်သမားများမှာလတ်တလော ဖြေရှင်းပေးမှုများလိုအပ်နေပြီး စနစ်တကျ မနှိမ်နင်းနိုင်ပါက ခရုကျရောက်သောဒေသများက ကျန်ရှိနေသော ကျဲခင်းများ စိုက်ခင်းများ ပျက်စီးစေဦးမည်ကို ဒေသခံ လယ်သမားများစိုးရိမ်နေကြသည်။

လယ်သမား ကိုမျိုးလွင်ကမူ သူ့ စိုက်ခင်းများကိုငေးမောရင်း “ကျွန်တော်တို့ လယ်သမားတွေအခက်အခဲကြုံလိုက်တိုင်းဘယ်အစိုးရ ဘယ်သူကမှ ရေရေရာရာ တွေ့ ဆုံညှိနှုင်းတာမရှိဘူးခုသည်ရွှေခရုလည်းကျတယ်သတ်တယ် ကောက်တယ် မရဘူး အဲ့ တော့နောက်ဆုံးမတတ်နိုင်တော့တဲ့ အဆုံးမတ်တပ်ပဲရပ်ကြည့်နေရတော့ တာပါပဲ” ဟု ပြောလေသည်။

ရွှေခရုအုပ်စုကြီး ကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းပြည်အတွက် နယ်မြေသစ်ကို ၎င်းတို့ စိတ်ကြိုက် ချဲ့ထွင်မြဲ ချဲ့ထွင်ဆဲပင်။

မျိုးမင်းပိုင်
News Federal Times

No comments:

Post a Comment