Latest News

Thursday, July 13, 2017

မြောက်ကိုရီးယား ကမ်းလွန်တွင် ရစ်ခ်ျတာစကေး ၅.၉ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်

မြောက်ကိုရီးယား ကမ်းလွန်တွင် ရစ်ခ်ျတာစကေး ၅.၉ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်

မြောက်ကိုရီးယား ကမ်းလွန်တွင် ရစ်ခ်ျတာစကေး ၅.၉ ပြင်းအားအဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း သိရှိရသည်။

ကနဦးက အဆိုပါ ငလျင်သည် မြောက်ကိုရီးယား အနေဖြင့် နျူကလီးယား လက်နက်တစ်ခု စမ်းသပ် ဖောက်ခွဲခဲ့ခြင်းကြောင့် ဖြစ်ပေါ်ခြင်းဟု သံသယဖြင့် စိုးရိမ်မှုများ ရှိခဲ့သော်လည်း အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီက သဘာဝ ငလျင်တစ်ခုသာဖြစ်ကြောင်း ကြေညာခဲ့သည်။

ပုံမှန်အားဖြင့် မြောက်ကိုရီးယားတွင် ငလျင်လှုပ်ခတ်မှုမျိုးမှာ အလွန်ရှားပါးကြောင်းလည်း သတင်းများက ဆိုသည်။ ဇူလိုင် ၁၃ ရက် မနက်အစောပိုင်းက ငလျင်သည် မြောက်ကိုရီးယား၏ တတိယ အကြီးဆုံးမြို့ဖြစ်သော ချောင်ဂျင်း၏ အရှေ့တောင်ဘက် မိုင် ၁၂၀ အကွာ ဂျပန်ပင်လယ် ရေပြင်ကို ဗဟိုပြုခဲ့ကြောင်း သိရသည်။

ငလျင်နှင့် ပတ်သက်၍ ထိခိုက်ပျက်စီးမှု မည်၍မည်မျှ ရှိကြောင်းကို မြောက်ကိုရီးယား မီဒီယာများက ထုတ်ပြန်ခြင်း မရှိသေးချေ။

မြောက်ကိုရီးယားသည် ယခင်က နျူကလီးယားဗုံး စမ်းသပ်ဖောက်ခွဲမှု ၅ ကြိမ် ပြုလုပ်ခဲ့ဖူးသည်။ နျူကလီးယား စမ်းသပ်မှုကလည်း ပြင်းထန်သည့် မြေလွှာ လှုပ်ရှားမှု ငလျင်များ ဖြစ်ပေါ်စေသည့်တိုင် ယခုငလျင်ကမူ သဘာဝ ရေအောက်ငလျင် တစ်ခုသာဖြစ်ကြောင်း ယွန်ဟပ်သတင်းဌာနက အမေရိကန် ငလျင်တိုင်းတာရေး ပညာရှင် ဂျွန်ဘယ်လီနီ၏ အဆိုကို ကိုးကား ဖော်ပြသွားသည်။

“ငလျင်က ပင်လယ်ကြမ်းပြင်အောက် ကီလိုမီတာ ၅၀၀ လောက် အနက်ကို ဗဟိုပြုခဲ့တာပါ။ သဘာဝ ငလျင်တစ်ခုသာ ဖြစ်ပါတယ်”ဟု ဘယ်လီနီက ဆိုသည်။

မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်နည်းပညာ အရှိန်မြှင့် စမ်းသပ်မှုများကြောင့် အမေရိကန်နှင့် ဆက်ဆံရေးမှာ ဆိုးဆိုးရွားရွား ပျက်ပြားလျက် ရှိသည်။ ယခုသီတင်းပတ်အတွင်းတွင် လက်နက်ရေးရာ ပညာရှင် တစ်ဦးက မြောက်ကိုရီးယား၏ နျူကလီးယား ဒုံးကျည်များသည် မိုင် ၆၀၀၀ မျှ ကွာဝေးသည့် အမေရိကန်ပိုင်နက်၊ ကယ်လီဖိုးနီးယားမှ ရေတပ်စခန်း တစ်ခုကိုပင် ဖျက်ဆီးနိုင်စွမ်း ရှိနေပြီဟု သတိပေး ပြောကြားခဲ့သည်။
7Day News

No comments:

Post a Comment