Latest News

Saturday, July 1, 2017

ဘောလုံးအကျော်အမော် မက်ဆီရဲ့ အာဂျင်တီးနားစတိုင် မင်္ဂလာပွဲ

ဘောလုံးအကျော်အမော် မက်ဆီရဲ့ အာဂျင်တီးနားစတိုင် မင်္ဂလာပွဲ

ကမ္ဘာ့ဘောလုံးအကျော်အမော် ဘာစီလိုနာအသင်းရဲ့ ကစားသမား မက်ဆီက သူ့ရဲ့ငယ်ချစ်ဖြစ်သူနဲ့ ဇွန်လ ၃၀ ရက်နေ့မှာ အာဂျင်တီးနားစတိုင် တခမ်းတနား မင်္ဂလာဆောင်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၃၀ အရွယ် ဘောလုံးအကျော်အမော် မက်ဆီနဲ့ အသက် ၂၉ နှစ်အရွယ် သူ့ရဲ့ငယ်ချစ်ဖြစ်သူ အန်တိုနယ်လာရိုကူဇိုတို့ရဲ့ ဇိမ်ခံဟိုတယ်ကြီးမှာ ကျင်းပခဲ့တဲ့ မင်္ဂလာပွဲကြီးကို အာဂျင်တီးနားနိုင်ငံဆီ လေယာဉ်နဲ့ လာခဲ့ကြတဲ့ ကမ္ဘာ့ဘောလုံးအကျော်အမော်အချို့ အပါအဝင် မိသားစုဝင်တွေနဲ့ သူငယ်ချင်း အယောက် ၂၅၀ ကျော်လောက် တက်ရောက်ခဲ့တယ်လို့ ဒေးလီးမေးလ်သတင်း တပုဒ်မှာ ရေးထားတာပါ။

တဦးနဲ့ တဦး ၂၅ နှစ်လောက် သိခဲ့ကြတဲ့ မင်္ဂလာစုံတွဲက မင်္ဂလာပွဲမှာ မိုဘိုင်းဖုန်းတွေ သုံးခွင့်မပြုခဲ့သလို ဟော်တယ်ဝန်ထမ်းတွေကိုလည်း လျှို့ဝှက်ထားဖို့ ပြောကြားခဲ့တယ်။ သူတို့ရဲ့အထူးနေ့အတွက် ရဲဝန်ထမ်း အယောက် ၄၅၀ ကိုလည်း လုံခြုံရေး ချထားတယ်လို့ သိရပါတယ်။

ကမ္ဘာ့မီဒီယာသတင်းဌာနတွေလည်း ရိုဇာရီယိုမြို့ရှိ ဇိမ်ခံဟော်တယ်ကြီးရဲ့ ဝင်ပေါက်က ကောဇောနီလမ်းတလျှောက်ဘေးဘက် နေရာယူထားကြပါတယ်။ မင်္ဂလာပွဲတက်ရောက်လာတဲ့ ဧည့်သည်တွေအနေနဲ့ ပွဲကို တောက်လျှောက် လာမလား တွေ့ဆုံမေးမြန်းခန်းတွေကို ဖြေမလား လူတွေ သတိမထားမိတဲ့ ဘေးပေါက်ကနေ ဝင်မလားဆိုတာတော့ သူတို့စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်လို့ ဆိုပါတယ်။

ဘောလုံးအကျော်အမော်တချို့လည်း ပထမဦးဆုံး ဧည့်သည်အဖြစ် ဝင်ရောက်လာကြပြီး ဘာစီလိုနာအသင်းရဲ့ ကစားဖော် နေမာလည်း မင်္ဂလာပွဲကို တက်ရောက်လာတယ်လို့ အာဂျင်တီးနား သတင်းမီဒီယာတွေ အပြောအရ သိရပါတယ်။

မင်္ဂလာပွဲတက်ရောက်လာသူ ဧည့်သည်အမျိုးသမီးတွေကို အခြားတက်ရောက် လာသူတွေနဲ့ အဝတ်အစား မတူအောင် အရောင်နဲ့ အဝတ်အစကိုတောင် မထပ်အောင် ဂါဝန် ၃ စုံ ယူလာဖို့ ပြောခဲ့သလို ဧည့်သည်အမျိုးသားတွေကိုလည်း မတူကွဲပြားတဲ့ ရှပ်အကျီင်္ိ ၃ ထည်ယူလာဖို့ ပြောခဲ့တယ်လို့လည်း သိရပါတယ်။

မန်ချက်စတာစီးတီးနဲ့ အာဂျင်တီးနားအသင်းရဲ့ ကစားသမားဟောင်း မာရင်ရဲ့ဇနီးနဲ့ ပလေးဘွိုင်းမော်ဒယ် အီဗန်ဂျယ်လီနာတို့က အကျော်အမော်ဘောလုံးသမားတို့ရဲ့ ဇနီးနဲ့ ရည်းစားတွေနဲ့ အဝတ်အစား မတူအောင် ဂါဝန် ၅ စုံစီယူခဲ့တယ်လို့လည်း သတင်းမှာ ရေးထားပါတယ်။

မက်ဆီ စေ့စပ်ထားခဲ့တဲ့ အန်တိုနယ်လာနဲ့ သူ့ရဲ့မိသားစုတွေ ကြားဆက်ဆံရေးက ၇ နှစ် နီးပါးလောက် တင်းမာမှုတွေဖြစ်ခဲ့တယ်လို့ မက်ဆီ့မိသားစုနဲ့ နီးစပ်တဲ့ အရင်းအမြစ်တခုက ဒေးလီးမေးလ်အွန်လိုင်းသတင်းကို ပြောခဲ့ပေမယ့် ဘောလုံးစတားရဲ့ သူငယ်ချင်းတဦးက “မိသားစု ၂ စုကြား ဆက်ဆံရေးက တကယ်ပဲ ကောင်းပါတယ်။ ဒါကြောင့်လည်း ဒီနေ့ လက်ထပ်ဖြစ်တာလေ” လို့ ပြောခဲ့ပါတယ်။

မက်ဆီနဲ့ အန်တိုနယ်လာက သူတို့ရဲ့ရှေ့နားမှာ ထိုင်နေတဲ့ သူတို့သားအကြီးဆုံး သီရာဂိုနဲ့အတူ မင်္ဂလာ ကျမ်းသစ္စာဆိုခဲ့ကြပြီး သူတို့ ၂ ဦးကို ခင်ပွန်းနဲ့ ဇနီးအဖြစ် ကြေညာအပြီးမှာတော့ အမာနီတံဆိပ် ဝတ်စုံဝတ်ထားတဲ့ မက်ဆီက သတို့သမီး အန်တိုနယ်လာကို အနမ်းပေးလိုက်တယ်လို့ သတင်းမှာ ရေးသားထားပါတယ်။

DVB

No comments:

Post a Comment