Latest News

Wednesday, July 12, 2017

မော်စီတုံး လက်ရေးမူ လေလံမှာ ဈေးကြီးပေး ဝယ်ယူခံရ

မော်စီတုံး လက်ရေးမူ လေလံမှာ ဈေးကြီးပေး ဝယ်ယူခံရ

ခေတ်သစ် တရုတ်ပြည် တည်ထောင်သူ မော်စီတုံးရဲ့ လက်ရေးမူတွေ စုဆောင်းထားတာကို လေလံပွဲမှာ မျှော်မှန်းထားတာထက် ၁၀ ဆ ပို တဲ့ ဈေးနှုန်းနဲ့ ရောင်းခဲ့ရပါတယ်။

မော် ကို စာဖတ်ပြဖို ငှားခဲ့တဲ့ ပါမောက္ခ တယောက် ဆီ ရေးထားတဲ့ မော်ရဲ့ မှတ်စုစာတွေကို လန်ဒန်မြို့တော်က  ဆောသဘီ (Sotheby's) လေလံပွဲ မှာ ပေါင် ၇၀၄,၇၅၀ (ဒေါ်လာ ၉၁၀,၀၀၀) ဈေးနဲ့ ရောင်းခဲ့ရတာပါ။

ဒီလက်ရေးမူတွေဟာ တကယ့်ကို ရှားပါးတွေလို့ လေလံကုမ္ပဏီ က ပြောပါတယ်။  ဝယ်ယူသွားသူကလည်း တရုတ်ပြည်က စုဆောင်းသူ တယောက် ဖြစ်တယ် ဆိုပါတယ်။

မော်ရဲ့ အဲဒီ မှတ်စုတွေမှာ သူ ပျော်မွေ့ နှစ်ခြိုက်ခဲ့တယ်လို့ လူသိများတဲ့ တရုတ် ဂန္ထဝင် စာပေ၊ ကဗျာနဲ့ ဆပ်စပ်တဲ့ သူ့ရဲ့ အတွေးအမြင်တွေ ပါဝင်ပါတယ်။

ဒီ စာတွေကို မော မကွယ်လွန်မီ တနှစ် အလို ကျန်းမာရေး ချို့ယွင်းနေစဉ် ရေးခဲ့တာပါ။

အဲဒီ အချိန်မှာ မော်ဟာ အမြင်အာရုံ စွမ်းရည် ကျဆင်းနေပြီ ဖြစ်လို့ စာဖတ်ဖို့ အခက်အခဲ ရှိတဲ့ အတွက် စာပေရေးရာ  ကျွမ်းကျင်သူ တယောက်ကို သူ့ အတွက် စာဖတ်ပြဖို့ တောင်းဆိုခဲ့ရပါတယ်။

အဲဒီမှာ အခု လေလံပွဲမှာ ရောင်းချ ခဲ့ရတဲ့ လက်ရေးမူတွေရဲ့ မူလ ပိုင်ရှင် ပညာရှင် ဒီလျူ  အမည်နဲ့ အမျိုးသမီးနဲ့ မော်တို့ စတင် တွေ့ဆုံခဲ့ကြတာပါ။  သူတို့ နှစ်ဦး စကားပြောကြရာမှာ မော်က ကျန်းမာရေးကြောင့် စကားပြောဖို့ အခက်အခဲ ရှိခဲ့လို့ စာနဲ့ ရေးသား ဆက်သွယ်ခဲ့ရာကနေ အခု လေလံပွဲ တင်ခဲ့တဲ့ လက်ရေးမူတွေ ကျန်ရစ်ခဲ့တာပါ။
ဘီဘီစီမြန်မာပိုင်း

No comments:

Post a Comment