Latest News

Saturday, July 15, 2017

အစိုးရကို ဝေဖန်ပါ၊ဒါပေမဲ့ဦးနှောက်ရှိဖို့တော့ လိုတယ်

အစိုးရကို ဝေဖန်ပါ၊ဒါပေမဲ့ဦးနှောက်ရှိဖို့တော့ လိုတယ်


ကျွန်မတို့ရဲ့လူမှုအသိုင်းအ၀ိုင်းမှာ အစိုးရနဲ့ပတ်သက်ပြီး ပြောဆိုဝေဖန်နေတာတွေကို မကြာခဏကြားရတာတွေရှိတယ်။

 အဲဒါတွေထဲမှာ အများဆုံးကြားရတာကတော့“အန်အယ်ဒီ အစိုးရ လက်ထပ်ကြမှ စီးပွားရေးပိုကျသွားပြီ”ဆိုတဲ့စီးပွားရေးနဲ့ပတ်သက်ပြီး ပြောဆိုတတာတွေနဲ့““တပ်က သတင်းထောက် ၃ ဦးကို ဖမ်းသတဲ့၊ ဒီအစိုးရ လက်ထပ်မှာ သတင်းထောက်တွေ ကို တပ်မတော်က ဖမ်းတာ၊ တရားစွဲတာတွေ တော်တော်များလာတယ် ဘယ်လောက်တောင် ရှိပြီလဲ“ ဆိုတာတွေလည်း ကြားရပါတယ်။

အဲဒီအပြောတွေက ဒီကနေ့မြန်မာ့နိုင်ငံရေးကို ပုံဖော်နေတာ တွေ့ရပါတယ်။
ကျွန်မကိုလည်း စာနယ်ဇင်းသမားအချို့က အစိုးရကို မဝေဖန်ဘူးလား လို့မေးကြတာလည်း ရှိတယ်။ကျွန်မကတော့ အန်အယ်ဒီအစိုးရကို ဝေဖန်ပြောဆိုဖို့ အချိန်စောနေသေးတယ်လို့ပဲ ယူဆမိတယ်။

ဘာကြောင့်လဲ ဆိုတော့ အန်အယ်ဒီအစိုးရအနေနဲ့တာဝန်ယူတဲ့သက်တမ်းဟာ ၂ နှစ်တောင်မပြည့်သေးဘူး။ အဲဒီ နှစ်နှစ်သားတောင်မရှိသေးတဲ့အစိုးရ တစ်ရပ်ရဲ့အရည်အသွေးကိုလည်း ကျွန်မ ကောင်းကောင်းမသိ၊ မမြင်၊ မတွေ့ရသေးဘူး။ ဒါကြောင့်သေချာမသိသေးဘဲနဲက ရမ်းသမ်းပြီး မဝေဖန်ချင်ပါဘူး။

ဒါပေမဲ့ လက်ရှိ ကျွန်မရဲ့ထင်မြင်ယူဆချက်တော့ရှိပါတယ်။အဲဒါကို
ဥပမာ အနေနဲ့ပြောရရင် အိမ်ပျက်ကြီးတစ်လုံးကို ပြန်ပြင်ဖို့ ဆို၇င်တောင်မှတစ်နှစ်လောက်နဲ့ကောင်းကောင်းပြန်ပြင် ဆောက်ဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ယူဆမိတယ်။ပျက်သွားခဲ့တဲ့တိုင်းပြည်ကြီး၊ ပျက်ဆီးသွားခဲ့တဲ့လူတွေရဲ့အကျင့်စရိုက်တွေကို ပြန်ပြင်ဖို့ ဆိုရင် ဒီတစ်နှစ် နှစ်နှစ်ဆိုတဲ့ကာလနဲ့ ဘယ်လိုမှ မရနိုင်ဘူးလေ။

ပြီးတော့လက်ရှိ တာဝန်ယူနေရတဲ့ အစိုးရက အရင်အမွေဆိုးတွေကို လက်ခံလိုက်ရတဲ့အစိုးရလည်း ဖြစ်တယ်။ အရင်ကြုံခဲ့ရတဲ့အဆိုးတွေ၊ အပျက်တွေ၊ အကြွေးတွေ၊ ပေးရန်ရှိတွေ ဆိုတဲ့ကိစ္စရပ်တွေနဲ့ အရှုပ်ကြီးကြီး ပြဿနာကြီးကြီးတွေကို တာဝန်ယူပြီး ဖြေရှင်းနေရတဲ့ အစိုးရတစ်ရပ်လည်း ဖြစ်တယ်။ဒါကြောင့် ဒီကနေ့မှာ့ ပိုပြီးစီးပွားရေးတွေ ပိုကျသွားတယ်ဆိုတာကို ကျွန်မ ယူဆမိတယ်။

 စဉ်းစားကြည့်ရင် အိမ်တစ်အိမ်မှာ ငွေမရှိလို့ ဆိုပြီး ကိုယ့်မှာ ရှိတာတွေကို ရောင်းစားပြီး ပိုက်ဆံဖြစ်အောင် လုပ်ကြတယ်။ ရှိတာ ရောင်းစားတာကို စီးပွားရေးလုပ်တယ်လို့ကျွန်မ မယူဆမိဘူး။ ရှိတာရောင်းစားခဲ့တယ်၊ကြိုပြီး ရောင်းခဲ့တာတွေလည်း ရှိတဲ့အတွက် ဒီကနေ့ ကြွေးဆပ်ဖို့ဆိုတာ ရှိလာခဲ့တယ်။

ဒါကိုစီးပွားရေးကျလို့ ဒီအစိုးရကို မကြိုက်ဘူးလို့ဝေဖန်ရင်လည်း ပြဿနာမရှိပါဘူး။ အစိုးရကို ဝေဖန်နေတဲ့ သူတွေကိုလည်း မကန့်ကွက်ပါဘူး။ ဝေဖန်ပါ။  ဒါကလည်း လူ့အခွင့်အရေးပဲကိုး။ ခုလို လူ့အခွင့်အရေးကို ခံစားနိုင်ဖို့ ဒီအစိုးရကို ရွေးခဲ့ကြတာ မဟုတ်လား။


အဲဒီလိုပဲ အစိုးရအပေါ်မှာ ဝေဖန်သလို၊ အပြစ်တင်သလိုပဲ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတွေမှာလည်း စေတနာမှန်မှန်နဲ့ပါဝင်ဖို့လည်း တိုက်တွန်းချင်ပါတယ်။

 ကျွန်မအနေနဲ့မြင်တွေ့နေရတာတွေက အစိုးရကိုတော့ဝေဖန်တိုက်ခိုက်တယ်၊ ဒါပေမဲ့ တိုင်းပြည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာတော့ပါဝင်ခြင်းမရှိတဲ့အပြင် အပြစ်ပြောတာ၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ မအောင်မြင်အောင် နှောက်ယှက်ကြတာတွေကိုပဲ တွေ့နေရလို့ပါ။ဘာဖြစ်လို့များ အပြစ်ပဲ တင်ပြီး၊ အလုပ်မလုပ်ကြတဲ့အပြင် အနှောက်အယှက်ပေးတာလဲ ဆိုတာကို စဉ်းစားကြည့်မိပါတယ်။

 လူအများစုအနေနဲ့တစ်ဦးချင်းဆီရဲ့ဝင်ငွေတိုးလာဖို့၊ ပိုင်ဆိုင်မှုတွေ များလာဖို့၊ အတ္တတွေ အရောင်တင်နိုင်ဖို့ဆိုတာကို ပိုပြီး အာရိုံစိုက်လာတဲ့အတွက် အစိုးရအပေါ်မှာ မကျေမနပ်ချက်တွေ ပိုများလာတာလို့ကျွန်မကတော့ယူဆမိတယ်။

ဘာကြောင့်လဲ ဆိုတော့အရင်တုန်းကလို လာဘ်ပေးလာဘ်ယူတွေ လုပ်လို့မရတဲ့နေရာတွေမှာ အဆင်မပြေမှုတွေရှိလာတယ်။ ပိတ်ဆို့မှုတွေရှိလာတယ်။အရင်တုန်းကလို ပါဝါ အာဏာ သုံးပြီး လွှမ်းမိုးလို့မရတော့တဲ့အခါ မခံချင်စိတ်တွေနဲ့ မကျေနပ်စိတ်တွေရှိလာတယ်။ သေနပ်သံတွေပိုပြီး ကျယ်လောင်လာတယ်။ မည်းမည်းမြင်ရာကို ရန်သူထင်ပြီး ရမ်းသမ်းမှုတွေ ပိုများလာတယ်။


အဲဒီလို အခြေအနေမှာ  ကျွန်မတို့တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဘယ်လို ပေတံနဲ့တိုင်းမလဲ၊ ဒီအစိုးရရဲ့အရည်အသွေးကိုရော ကျွန်မတို့က ဘယ်လို မြင်နိုင် သိနိုင်မှာလဲ။

ဒါကြောင့် ကျွန်မတို့တွေရဲ့ ဆင်းရဲမွဲတေမှုတွေကျဆင်းပြီး အဘက်ဘက်ကို ပြန်လည် ထူထောင်နိုင်ဖို့ ဆိုရင် သေနပ်သံတွေ ချုပ်ငြိမ်းမှ(ငြိမ်းချမ်းရေးရမှ)၊တိုင်းပြည်ဖွံ့ဖြိုးဖို့ ဆိုရင် မလိုတမာစိတ်နဲ့ ခြေထိုးတာတွေရပ်တန့်မှ၊လူသားတစ်ဦးချင်းဆီရဲ့စွမ်းရည်တွေ တိုးတက်လာဖို့ ဆိုရင်  အစိုးရရဲ့ဖွံ့ဖြိုးရေးစီမံကိန်းတွေ၊ ကောင်းမွန်တဲ့လုပ်ဆောင်ချက်တွေမှာ တစ်ဦးချင်းဆီကစ တစ်ဖွဲ့ချင်းဆီအထိ ပူးပေါင်းပါဝင်မှ ရနိုင်မှာပါ။

 ကျွန်မတို့ တိုင်းပြည်ရဲ့အကြွေးနွံ့ထဲကနေ ဆင်းရဲမွဲတေမှုကနေ ကုန်းထနိုင်ဖို့၊ လူတစ်ဦးတစ်ယောက်ခြင်းဆီရဲ့စွမ်းရည်ပြည့်ဝဖို့၊ စိတ်နေစိတ်ထားတွေနဲ့ အကျင့်စရိုက်တွေ ကောင်းမွန်ဖို့ဆိုရင် အစိုးရတစ်ရပ်၊ အဖွဲ့အစည်းတစ်ခုတည်းနဲ့ ပြောင်းလဲလို့ မရနိုင်ပါဘူး။

 ဒီကနေ့မှာ တစ်ဦးချင်းရော၊ တစ်ဖွဲ့ချင်းရော အနေနဲ့ပါ မရှိမဖြစ် ပါဝင်လုပ်ဆောင်ပေးဖို့လိုအပ်နေတာပါ။

 ဒါကြောင့် ကျွန်မအနေနဲ့ကတော့အစိုးရကို ဝေဖန်ပြောဆိုနေကြတဲ့အပေါ်မှာ ဘာကိုမှ comment မပေးလိုပါဘူး၊ဒါပေမဲ့ ဦးနှောက်နဲ့တော့စဉ်းစားစေချင်ပါတယ်။

ကျေးဇူးတင်ပါတယ်ရှင်။ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။

မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment