Latest News

Friday, July 7, 2017

(သက်ကြီးရွယ်အိုနှင့် ရေဓါတ်နည်းခြင်း) (脱 水 症 状)


<မိသားစုတွင်း တိုတိုထွာထွာ ကျမ်းမာရေး စီးရီး>>

(သက်ကြီးရွယ်အိုနှင့် ရေဓါတ်နည်းခြင်း)
(脱 水 症 状)

“ဦးသုခ ရေသောက်ပြီးပြီလား”
“အေး”
“ဟောတော့၊ သောက်ပြီးပြီသာ ပြောတယ်။
ကျွန်မထည့်ထားတဲ့ မတ်ခွက်ထဲက ရေကလည်း ရော့တောင်မရော့ပါလား။ ရှင်ကလေ…
တော်တော်ရေသောက် နည်းတယ်၊ ဒါ့ကြောင့် ၀မ်း ခဏခဏ ချုပ်တာပေါ့”
“မင်းကလည်းကွာ။ ဆေးရုံပေါ်အထိ လိုက်ပြီး ဆရာကြီး လုပ်နေပြန်ပါပြီ”
“ဖေဖေနဲ့ မေမေ၊ ဘာတွေဖြစ်နေကြတာတုံး”
“မင်းမေမေပေါ့ကွ။ ဖေဖေ့ကို ရေသောက်နည်းလို့ဆိုပြီး မိုးလင်းထဲက ပူညံပူညံလုပ်နေလို့”
“အော်…ဒါကတော့ မေမေက စိုးရိမ်လို့ပြောတာပါဖေဖေရယ်။ အထူးသဖြင့် အခုလို
ပူအိုက်တဲ့အခါတွေမှာ အသက်ကြီးရွယ်အိုတွေက ပိုသတိထားသင့်ပါတယ် ဖေဖေ”
“အေး.. ငါ့သားလာမှ အတော်ပဲ။ ပြောပြစမ်းပါဦးကွယ် မင်းဖေဖေကို။ ငါကပြောရင်
ဆရာကြီး လုပ်တယ် ထင်နေဦးမယ်”
“ဟားဟားဟား။ မေမေကတော့ ပြောရော့မယ်။ သားလည်း အတူတူပါပဲ။
သားကိုယ်တိုင်ကလည်း တတ်လို့ပြောတာ မဟုတ်ပါဘူး။ စာအုပ်ကြီးတွေ ဖွင့်ပြောတာပါ”
“အေးပါကွာ။ စာအုပ်ကြီးထဲက ရေးထားတာပဲပြောပြော။
မင်းကြားဘူးတာတွေကို ပြန်ပဲပြောပြော။ တို့မသိတာလေးတွေ သိရတော့ တန်ဘိုးမဆုတ်ပါဘူး။
တတ်ရောင်ကား ကုတာတွေကတော့ တစ်မျိုးပေါ့။ သားက ဆရာဝန်ကြီးတွေ
ရှင်းပြတဲ့အခါမှာ အခြေခံ ဗဟုသုတ ရှိဖို့လောက်ပဲပြောတာဆိုတော့
ပြောသာပြောသားရေ”
“ဟုတ်ကဲ့ပါဖေဖေ။ အခုလည်း အတော်ပဲ။ ဟိုတစ်နေ့က ဖေဖေ့ဖို့
ဂဘူကို့စ်သွားဝယ်တုံးက ဆေးဘူးထဲမှာ ပါလာတဲ့ ကြောငြာဖြတ်ပိုင်းလေးကို
ဖတ်ပြပါ့မယ်။
ကျွန်ပ်တို့၏ ကိုယ်ခန္တာတွင် ရေဓါတ်သည် ထက်ဝက်ကျော်မျှ ပါဝင်နေပါသည်။
အဘယ့်ကြောင့်ဆိုသော် ကိုယ်တွင်းရှိ ရေဓါတ်သည် ခန္တာကိုယ် အပူချိန်ကို
ထိမ်းသိမ်းခြင်း၊ ခန္တာကိုယ်အတွက် လိုအပ်သော အဟာရဓါတ်များ၊
အောက်ဆီဂျင်များကို သယ်ဆောင်ပေးခြင်း၊ ခန္တာကိုယ်အတွက် မလိုအပ်သော
စွန့်ပစ်ပစ္စည်းကို သယ်ဆောင်ထုပ်ပစ်ခြင်း များပြုလုပ်ပါသည်။
သို့သော် ၇၀မှ ၈၀ရာခိုင်နှုံး ပါဝင်နေပေသော မွေးကင်းစ ကလေးငယ်များ၊
၆၀ရာခိုင်နှုံး ခန့်ရှိသော သာမာန်လူလတ်တန်းများနှင့် နှိုင်းယှဉ်သော်
၅၀%ခန့်သာရှိသော သက်ကြီးရွယ်အိုများအတွက် ရေခန်းခြောက်မှူ့သည်
အလွန်ဖြစ်ပွားလွယ်သော အရာဖြစ်ပေသည်။
ထို့ကြောင့် အသက်ကြီးရွယ်အိုများ ကိုယ်တိုင်နှင့် မိသားစုများက အထူး
အသိထားသင့်ပေသည် တဲ့”
“ကဲ ကျွန်မ မပြောဘူးလား”
“အေးပါကွာ။ မင်းကလည်း သားရောက်လာတာနဲ့ ငါ့ကို ဖိထောင်းနေပြန်ပြီ”
“ဒီလိုလဲ မဟုတ်ပါဘူးဖေဖေရယ်။ ဒီကိစ္စမှာ နှစ်ယောက်စလုံး မမှားပါဘူး”
“ဟ သားစကားက ဘယ်လိုကြီးလဲကွ”
“ဒီလိုဖေဖေ။ သက်ရွယ်ကြီးမြင့်သူတွေက အာခေါင်ခြောက်၊ ရေငတ်တာတွေကို
သာမာန်သူတွေလောက် မခံစားရဘူးတဲ့။ မခံစားရဘူးဆိုတာထက်၊ သတိမမူမိဘူးလို့
ပြောရမှာပေါ့ ”
“အသက်ကြီးလို့ ထုံထိုင်းလာတယ်ဆိုပါတော့ကွာ။
ဒါ့ကြောင့်လည်း ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ပြောတာပေါ့။
အိုမင်းမစွမ်းဆိုတာ…. အိုရင် မင်းမစွမ်းတော့ဘူးတဲ့။
အဲ့တာကိုမှ ကိုယ့်ကိုယ်ကို မင်းစွမ်းနေသေးတယ်လို့ ထင်ရင် ဒုက္ခတွေရောက်လိမ့်မယ်တဲ့”
“ဒီလိုတော့ မပြောပါနဲ့ ဖေဖေရယ်။ ဖေဖေတို့လို သက်ကြီးရွယ်အိုတွေမှာက
လူငယ်တွေမှာ မရှိနိုင်တဲ့၊ ငွေရှိတိုင်းဝယ်လို့မရတဲ့၊ အတွေ့အကြုံတွေ
အများကြီးရှိတယ်လေ။ သူ့အတိုင်းအတာနဲ့ သူ၊ နည်းနည်းပါးပါးတော့
အားနည်းချက်ကလေးတွေ ဟိုကပေါ်၊ ဒီကပေါ်ဆိုတာတော့ ရှိတာပေါ့။ အဲ့တာကြောင့်
မေမေတို့လို အိမ်သားတွေက သတိပေးသင့်တယ်လို့ ဆိုထားပါတယ်။ ဒါ့ကြောင့်
ရေမဆာဘူးလို့ပြောတဲ့ ဖေဖေရော၊ ရေသောက်နော်လို့ သတိပေးနေတဲ့ မေမေလည်း
မမှားဘူးလို့ သားက ပြောတာပေါ့။ ပြီးတော့ ရေတိုင်ကီလို ဖြစ်နေတဲ့
ကြွက်သားတွေဟာ အသက်အရွယ်ကြီးလာတော့ ငယ်ငယ်တုံးကလို၊
သန်သန်မာန်မာန်ရှိတုံးကလို ရေဓါတ်တွေကို
မထိမ်းသိမ်းနိုင်တာကြောင့်လို့လည်း ဆိုပါတယ်”
“အော်… လက်ဖ၀ါးနဲ့ လက်ဖမိုး။ ကြည့်တဲ့ဘက်က အမှန်ဆိုတာမျိုးပေါ့ကွယ်”
“ဟုတ်တယ်မေမေ။
ဒါ့ကြောင့်လည်း သုသေသနတွေ ထပ်ခါတစ်လဲလဲ လုပ်နေကြတဲ့ ဆေးပညာမှာတောင်မှ
တစ်ဦးနဲ့ တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ တစ်နိုင်ငံနဲ့ မတူကြတာတွေရှိပါတယ်။
ဒါကြောင့် သားတို့လို ဘာမှ ဂဃနဏ မသိသူတွေရဲ့ စာတွေကို၊ ဆေးမြီးတွေကိုတော့
ထင်တိုင်း မလုပ်ကြပဲ၊ ကိုယ့်အတွေ့အကြုံ အပေါ်မူတည်ပြီး ကိုယ်ကုသနေတဲ့
ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ပြီး လုပ်ဖို့ အမြဲမှာနေရတာပေါ့ မေမေရေ”
“ကောင်းတာပေါ့သားရယ်။ ကဲဆက်စမ်းပါဦးကွ”
“ဟုတ်ကဲ့ဖေဖေ။ အကြောင်းအရာ အသစ်ကို မဆက်ခင် ဘာ့ကြောင့်
မွေးကင်းစကလေးတွေနဲ့ သက်ကြီး ရွယ်အိုတွေကို ပိုသတိထားသင့်သလဲဆိုတာ
ဆက်ချင်သေးတယ်ဖေဖေ။
၁) ပြေးလွှားဆော့ကစားတဲ့ ကလေးအရွယ်တွေဟာ ဆော့လိုက်၊ ချွေးတွေထွက်လိုက်၊
ရေတွေပြန်သောက်လိုက်နဲ့ ရေဓါတ် အ၀င်အထွက်ပြောင်းလဲမှူတွေဟာ အင်မတန်မှ
ကြီးမားပါတယ်။
၂) ကိုယ်အလေးချိန်ကို လိုက်ပြီး အရေပြားတွေနဲ့ အသက်ရှူခြင်းကနေ
ရေဓါတ်တွေက ဆုံးရုံးသွားတယ်လို့ ပြောပါတယ်။ ပြီးတော့ ကီလို ၆၀လောက်ရှိတဲ့
လူကြီးတစ်ယောက်က ကိုယ်အလေးချိန်ရဲ့ ၁၅ဆလောက်ရှိတဲ့ ရေဓါတ် ၉၀၀ မီလီဂရမ်
ဆုံးရှုံးသွားတဲ့ အချိန်မှာ ကီလို ၃၀လောက်ရှိတဲ့ ကလေးငယ်ဟာ
သူ့အလေးချိန်ရဲ့ ၂၅ဆ လောက်ရှိတဲ့ ရေဓါတ်တွေ ၇၅၀ မီလီဂရမ်လောက် အရေပြားနဲ့
အသက်ရှူတာကြောင့် ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။
၃) ပြီးတော့ ချွေးထုပ်တဲ့ စနစ်၊ ကျောက်ကပ်ရဲ့ စွမ်းရည်က အရွယ်ရောက်သူ
လူကြီးတွေလောက် မပြည့်စုံ သေးတာကြောင့် လို့လည်း ပြောကြပါတယ်။
တစ်ခါ သက်ကြီးရွယ်အိုတွေကြတော့ စောစောကပြောခဲ့သလို ရေတိုင်ကီလိုဖြစ်နေတဲ့
ကြွက်သားတွေက အားနည်း နေတာရယ်၊ အာခေါက်ခြောက်သွေ့တာကို လွယ်လွယ်နဲ့
သတိမထားမိတာရယ်တွေအပြင်၊ ဖေဖေတို့လိုပဲ  တစ်ဖြေးဖြေး ရေသောက်နည်းလာ
တာကြောင့် ပိုသတိထားသင့်တယ်လို့ ဆိုတာပေါ့။
သက်ကြီးရွယ်အိုတွေဟာ သာမာန်အချိန်တွေမှာတောင် ၅၀%လောက်ပဲရှိတော့၊
အကြောင်းကြောင်းကြောင့် နေမကောင်းတဲ့အခါ။ ကိုယ်ပူချိန်နဲ့ ရာသီဥတု
အပူတွေကြောင့်  ချွေးထွက်များတဲ့အခါ၊ ၀မ်းလျှော်တဲ့အခါ၊
အော့အံ့တတ်တဲ့အခါတွေမှာ ပိုသတိထားရပါတယ်။ သာမာန် ကီလို၅၀လောက်ရှိတဲ့
လူတစ်ယောက်ဟာ ဘာမှ ပင်ပင်ပန်းပန်း လှုပ်လှုပ်ရှားရှားမလုပ်ရင်တောင်မှ
အသက်ရှူတာနဲ့ အရေပြားကနေပြီး တစ်လီတာနီးပါးလောက် ရေဓါတ်တွေက
ဆုံးရှုံးနေတယ်လို့ ဆိုပါတယ်”
“အောင်မလေးလေး မနည်းပါလားကွယ်”
“ဆုံးရှံးသွားတဲ့ ရေဓါတ်ထဲမှာ ဆားဓါတ်တွေလည်း ပါသွားတာကို သတိပြုဖို့ လိုတယ်မေမေ။
ဒါကြောင့် သံပုရာရည်လို သကြားလည်း သိပ်မထဲ့ထားတဲ့ အချိုရည်ကလေးတွေကို
သောက်တာလည်း ကောင်းတယ်လို့ ထင်ပါတယ်”
“ဒါ့ထက်သားရဲ့၊ မင်းပြောတဲ့ ရေဓါတ်နည်းတာကို ဘယ်လိုသိနိုင်မလဲကွ”
“ရေဓါတ်နည်းလာတဲ့အခါ၊ အစားအသောက်တွေပျက်လာတတ်တယ်။
တစ်ချို့ဆို တစ်နေ့လုံးဘာမှ မစားမသောက်ချင်တဲ့ အခါတွေလည်း ရှိတတ်ပါတယ်။
ရေဓါတ်နည်းလို့ အစားအသောက်ပျက်၊ အစားအသောက်ပျက်တော့ အစားအစားထဲက
အရည်ဓါတ်တွေကို သိပ်မရပြန်နဲ့… မုန့်လုံးကို စက္ကူကပ်တွေ ဖြစ်ကုန်တာပေါ့။
ဒါ့ကြောင့် အစားအသောက်ပျက်မပျက်ကို စောင့်ကြည့်တာလည်း ရေဓါတ်နည်းနေ၊
မနေကို မှန်းလို့ရတဲ့ အရာတစ်ခုပါ”
“အေးကောင်းတယ်။ နောက်ဘာရှိသေးသလဲကွ”
“၀မ်းပျက်ဝမ်းလျှောတဲ့အခါ၊ နေထိုင်မကောင်းလို့
အော့အန်တတ်တဲ့အခါတွေမှာလည်း ရေဓါတ်လျှော့နည်း သွားနိုင်တာကိုလည်း
သတိထားရပါမယ်။
ပြီးတော့ ရေဓါတ်နည်းလာတဲ့ အခါ ခန္တာကိုယ်က ကမ္ဘာမီးလောင်
သားကောင်ချနင်းဆိုတာတွေ လုပ်သတဲ့”
“ဘယ်လို လုပ်သလဲကွ၊ မင်းကတော့ စိတ်ဝင်စားအောင် တော်တော်ပြော”
“ဒီလိုဖေဖေရဲ့။
ရေဓါတ်နည်းတဲ့အခါ ရေဓါတ်ပါတဲ့ သွေးတွေဟာ အသက်အန္တာရယ်နဲ့ အရေးကြီးတဲ့
ကလီစာတွေကို ကာကွယ်ဖို့ အရေးကြီးတဲ့ နေရာတွေမှာ သွားစုသတဲ့။
သိပ်အရေးမကြီးတဲ့ ခြေလက်တွေကို မသွားတော့ဘူးတဲ့။
အသက်လောက်တော့ ဘယ်အရာမှ အရေးမကြီးတော့ မင်းတို့တစ်တွေလောက်တော့
ဘာဖြစ်ဖြစ်ဆိုတဲ့ သဘောပေါ့။ ဒီတော့ ခြေလက်တွေဟာ သွေးမလျှောက်တော့လို့
ခြေဖျားလက်ဖျားတွေအေးစက်နေတတ်သတဲ့။
ပြီးတော့ လျှာဖျားတွေကလည်း ခြောက်သွေ့နေတတ်သတဲ့”
“ကောင်းတယ်သားရဲ့။ အဲ့သလို သတိထားသင့်တာတွေ သိရလို့ပေါ့။ ဒါပေမဲ့
ကိုယ့်ဘာသာကိုယ် စစ်ဆေးကြည့်လို့ ရတာတွေကော ရှိသေးသလားသား”
“ရှိတာပေါ့ မေမေရဲ့။ လွယ်သမှ လွယ်လွယ်ကလေးနဲ့ စမ်းလို့ရပါတယ်။
ဥပမာ အဖျားကြီး ဖျားတာ မဟုတ်တာတောင်မှ၊ တောက်လျှောက်
ကိုယ်ပူချိန်တွေတက်နေတဲ့အခါ၊ ဂျိုင်းကြားက ခြောက်သွေ့နေတဲ့အခါ၊
လက်ထိပ်ကလေးတွေကို ခတ်ကြာကြာလေး နှိပ်ထားပြီး၊ ပြန်လွှတ်လိုက်တဲ့အခါ၊
၂စက္ကန့်လောက်အတွင်း ပြန်ပြီး သွေးရောင် မလွှမ်းလာတဲ့ခါနဲ့ ရေဓါတ်နည်းလို့
အရေပြားတွေဟာ တင်းအားမရှိ ရောရွဲလာလို့ လက်ချောင်းကလေးတွေနဲ့
ဆိတ်ဆွဲလိုက်ပြီး ပြန်လွှတ်လိုက်တဲ့အခါမှာ တော်တော်နဲ့
နဂိုအတိုင်းတော်တော်နဲ့ ပြန်မရောက်ရင် ရေဓါတ်တွေနည်းနေပြီလို့ ပြောနိုင်၊
သိနိုင်ပါတယ်”
“ဒါဆိုတော့ လွယ်သားပဲ သားရဲ့”
“လွယ်တော့လွယ်ပါတယ်။
ဒါပေမဲ့ နားလည်တတ်ကျွမ်းတဲ့ကျမ်းမာရေးဝန်ထမ်းတွေကတော့
အဲ့သလိုလုပ်ကြည့်လို့ ရပေမဲ့ ကိုယ့်သဘောနဲ့ ကိုယ်တော့
မဆုံးဖြတ်စေလိုပါဘူး။
မသင်္ကာဖြစ်ရင် အမြန်ဆုံး ဆေးရုံဆေးခန်းကို သွားသင့်တယ်လို့ ဆိုပါတယ်။
ဒါမှလည်း ဆူးနဲ့ထိုးရမှာ ပေါက်ဆိန်နဲ့ မပေါက်ပဲ ပြီးတော့မှာပေါ့”
“အေး ဟုတ်တယ်သားရေ။
ဗဟုသုတ အနေနဲ့ သိထားသင့်ပေမဲ့၊ တစ်ကယ်တန်း ထိထိရောက်ရောက် ကုသမှုကိုတော့
နှစ်ပေါင်းများစွာ သင်ကြားပြီး၊ အတွေ့အကြုံပေါင်းများစွာ ရှိတဲ့ဆရာတွေကို
အားကိုးရမှာပေါ့နော်”
“ဒါ့ပေါ့ကွ ဆင်ကန်းတောတိုးလုပ်ရင် ခက်ပေတော့မပေါ့”
“ဟုတ်ပါတယ်ဖေဖေ။ ပြီးတော့ ရေဓါတ်ကလေး နည်းတာပဲ ရေသောက်လိုက်ရင်
ပြီးသွားမှာပါလို့ မတွေးစေချင်ပါဘူး။ ရေဓါတ်နဲ့ အတူတူ သွေးထဲက
ဓါတ်တစ်မျိုးဟာ (လွယ်လွယ်နဲ့ ပြောရရင်တော့ ဆားဓါတ်ပေါ့လေ)
ရေဓါတ်နည်းပါးသွားတာနဲ့ အတူတူ လျော့သွားတဲ့အခါ၊ အံချင်စိတ်၊ ဘာမှ
မလုပ်ချင်တဲ့စိတ်တွေအပြင်၊ ကြွက်သားတွေပါ တုန်ုဆွဲတတ်ပါတယ်။
အချိန်အကြာကြီး အားကစား လုပ်နေသူတွေမှာ အဖြစ်များတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် သာမာန်အချိန် ဘာမှ မဖြစ်ခင်မှာ  ရေသောက်ပြီး ရေဓါတ်ကို
မြင့်ပေးရုံနဲ့ ရပေမဲ့ ရေဓါတ်နည်းပြီးမှဆိုရင် ရေတင်မက၊ ဓါတ်ဆားလေးတွေပါ
ပါလာမှဖြစ်တော့မယ်”
“အေး…ကိုယ်လုပ်ခဲ့တဲ့ အပစ်ဒဏ်အတွက် အတိုးပါပေးရတဲ့ သဘောပေါ့ကွာ”
“ကံကောင်းလို့ ရေဓါတ်တစ်ခုတည်း ဆုတ်ယုတ်သွားတဲ့အခါမျိုးကတော့
ကိုယ်ပူချိန်တက်တာတို့၊ အာခေါင်တွေ သိပ်ခြောက်သွေ့လွန်းတာတို့၊
သတိလစ်ချင်သလိုတွေ ဖြစ်တတ်ပါတယ်။ ကိုယ်ဘာသာ ရေမသောက်နိုင်တဲ့ ကလေးငယ်တွေ၊
သက်ကြီးရွယ်အိုတွေ အတွက်၊ မိသားစုက တိုက်ကြွေးသင့်တယ်လို့ ဆိုပါတယ်။
တစ်လက်စတည်း မှတ်မိဖို့ မလိုပေမဲ့ ကြားဘူးနားဝရှိအောင် ပြောချင်ပါသေးတယ်”
“ဘာတုံးသားရဲ့”
“ရေဓါတ်နည်းတဲ့ အပေါ်မူတည်ပြီး ဖြစ်တတ်တာလေးတွေပါ မေမေ။
၁%လောက်နည်းရင် ချွေးတွေထွက်၊ အာခေါင်တွေ ခြောက်သတဲ့။ သာမာန်သူတွေကတော့
အာခေါင်ခြောက်ရင် ရေသောက်လိုက်တာမို့ ဒီထက်တော့ ပို မဖြစ်တတ်ပါဘူး။
၂%လောက်ဖြစ်လာတော့ မိုက်ကနဲဖြစ်တာတော့၊ အံခြင်လာတာတို့၊ ငေါင်တောင်တောင်
ဖြစ်တာတို့၊ စားသောက်ချင်စိတ်မရှိတာတို့၊ ဆီးသွားနည်းတာတို့၊
သွေးပြစ်လာတာတွေဖြစ်လာသတဲ့။
အရေးကြီးတာလေးတွေ ကျော်ပြောရရင်တော့ ၆%လောက်မှာ ခြေလက်တွေတုန်လာပြီး၊
၈%လောက်ရောက်တော့ အသက်ရှူတွေကျပ်ပြီး၊ ကြောင်တောင်တောင်နဲ့ ပြောချင်တာတွေ
ပြောလာသတဲ့။
၁၅%ကျော်လာရင် အရေပြားတွေ ခြောက်သွေ့လာပြီး၊ ဆီးသွားရင် နာကျဉ်တာတို့
လျှာတွေ ထုံကျဉ်တာတို့ ဖြစ်လာနိုင်ပါတယ်”
“ရေကလေး မသောက်မိတာ တစ်ခုလေးအတွက်နဲ့  ဦးဏှောက်၊ အစာချေ ၀မ်းတွင်း
ကလီစာတွေ၊ ကြွက်သားတွေကို ဒုက္ခပေးလိုက်ကြတာနော်”
“အေး ဒါ့ကြောင့် ရေအသက် တစ်မနက်လို့ ဆိုကြတာပေါ့ကွာ။ ရေဓါတ်တင်မက
ဆားဓါတ်ပါ ကုန်ဆုံးသွားတာကိုးကွဲ့”
“ဟုတ်ပါတယ်ဖေဖေ။
ပြီးတော့ တတ်နိုင်ရင် ရေအငတ်ခံပြီး တစ်ဝကြီးသောက်တာထက်၊ နည်းနည်း
နည်းနည်းစီ မျှသောက် ပေးတာက အကောင်းဆုံးပါ။
ဒီကြားထဲ အတွေးမှားနေတဲ့သူတွေ ရှိသေးတယ်။
တစ်ချို့ ရေငတ်လို့ဆိုပြီး ဘီယာသောက်ကြသတဲ့၊ အဲ့သည့်ဘီယာ၊
အယ်လိုကော်ဟောကို ချေဖျက်ဖို့ ရေကိုသုံးရတာကြောင့် ဘီယာ၁၀ဘူးသောက်ရင်
ဆီးက ၁၁ဘူးစာလောက် ထွက်သွားတာကို သတိပြုရမယ်။ ဘာ့ကြောင့်လည်း
ဆိုတာကိုတော့ အလျှင်းသင့်တဲ့အခါ ပြောပါ့မယ်။
အခုပြောချင်တာကတော့ ငွေရှိလို့ ဂေါက်ရိုက်သူများ၊ ရေငတ်လို့ဆိုပြီး
ဘီယာသောက်တာထက်၊ သံပုရာရည် တစ်ခွက်က ပိုအကျိုးရှိစေတယ်ဆိုတာ လေးပါ”
“အရက်ဘီယာ မသောက်တတ်တဲ့ တို့လို အမျိုးသမီးတွေက ကံကောင်းတာဖို့ နော်”
“ဒါ့ပေါ့မေမေရဲ့။
အထူးသဖြင့် ဘိုင်းကောင်းကျောက်ပိ မြန်မာကလေးမလေးတွေက ပိုတောင် ကံကောင်းတာပေါ့။
ဒါပေမဲ့ တန်ဆေးလွန်ဘေး။ တစ်လွဲဆံပင်ကောင်း မဖြစ်ဖို့အတွက်၊ ဘီယာတော့ရှောင်ပါရဲ့။
သံပုရာရည်က ကျမ်းမာရေးအတွက် ကောင်းတယ်ဆိုပြီး၊
ဒိန်ချဉ်စားရင် ကျမ်းမာတယ်ဆိုပြီး သကြားတွေ၊ ထန်းလျှက်တွေ၊ ပျားရည်တွေ
အထည့်လွန်ပြီး တစ်ခြားရောဂါတွေ မဖြစ်ရလေအောင်၊ အစာလည်းဆေး၊
ဆေးလည်းအစာဆိုတာလေးကို သတိမူကြစေလိုပါတယ်”
“အေးအေး သာဓုပါကွယ်၊ သာဓု၊ သာဓု”


သုခ(သား)

No comments:

Post a Comment