Latest News

Tuesday, July 18, 2017

သမိုင်းထဲက ဗိုလ်ချုပ်ရဲ့ကလေးဘဝ

သမိုင်းထဲက ဗိုလ်ချုပ်ရဲ့ကလေးဘဝ

ကျွန်တော်တို့ကိုယ်တိုင် နိုင်ငံလွတ်လပ်ရေးပြန်ရပြီး တစ်နှစ်ခွဲကျော်ရှိမှ မွေးဖွားခဲ့တာဖြစ်တော့ ကလေးဘ၀အရွယ် ငယ်ငယ်မှာ လွတ်လပ်ရေးဆိုတာ ဘာမှန်းမသိခဲ့ပါဘူး။

မသိနားမလည်ခဲ့သေးပေမယ့် နိုင်ငံ့လွတ်လပ်ရေးကို အဲဒီအရွယ်ကပဲစပြီး ကနေ့ထက်တိုင် ခံစားနေကြရပါတယ်။

ကျွန်တော် ပြောတာက နိုင်ငံလွတ်လပ်ရေးပြန်ရတယ်ပဲ ပြောတာပါ။ အချုပ်အခြာ အာဏာပိုင်နိုင်ငံဖြစ်ကြောင်းပဲ ပြောတာပါ။ ကာလဒေသပယောဂအလိုက် လူတွေမှာ အနှောင်အဖွဲ့တွေ၊ အကျပ်အတည်းတွေ၊ ဘေးဒုက္ခတွေနဲ့ မလွတ်မလပ် ဖြစ်ခြင်းတွေကိုလည်း ခံစားနေကြရသေးတယ်ဆိုတာ လက်ခံကြမယ်ထင်ပါတယ်။

ဒီလိုဆိုတော့ တိုင်းပြည်ကို ပြန်လည်လွတ်လပ်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်အောင် ရည်ရွယ်မျှော်မှန်းပြီး ဆန့်ကျင်တော်လှန် တိုက်ယူပေးသွားခဲ့ကြတဲ့ အာဇာနည်အပေါင်းရဲ့ မျက်နှာတွေကို အိုးမည်းသုတ်သလိုလည်း ရှိနေမှာလို့ တွေးမိပါတယ်။ တိုင်းပြည်လွတ်လပ်ရေး ပြန်ရခဲ့တာ ၆၉ နှစ် ကျော်ခဲ့ပြီ။ အာဇာနည်နေ့က နှစ် ၇၀ ပြည့်ခဲ့ပြီ။ စာနယ်ဇင်းများမှာ ဖတ်ရတဲ့ သတိရအောက်မေ့တမ်းတတဲ့စာများကလည်း လွမ်းလိုက်တာဗျာ။ လွမ်းလိုက်တာ။ တကယ်ကိုလည်း လွမ်းစရာ ဖြစ်ခဲ့ကြရတာကိုး။ အခုနှစ်မှာဆိုရင် အတွင်းဝန်များရုံးဟောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ၀န်ကြီးများ အစည်းအဝေး ထိုင်ခဲ့ကြတဲ့ အစည်းအဝေးခန်းမှာ ထိုစဉ်က အခင်းအကျင်းနဲ့ ထိန်းသိမ်းထားလာခဲ့တဲ့ ပစ္စည်း ၂၈ မျိုးကို ခင်းကျင်းပြသထားဦးမယ်ဆိုလို့ ပိုပြီးလွမ်းဆွတ်စရာကောင်းမှာ ဖြစ်ပါတယ်။ အတိတ်သမိုင်းဖြစ်ရပ် အစစ်အမှန်တွေဟာ ကာလတွေကြာလည်း လှစ်ဟဖော်ပြ ထင်ဟပ်နေတတ်မြဲပါပဲလို့ မြင်စရာဖြစ်ပါတယ်။

နိုင်ငံလွတ်လပ်ရေးပြန်ရပြီးခါမှ မွေးဖွားလာခဲ့ရလို့ အရွယ်ငယ်ငယ်မှာ လွတ်လပ်ရေးဆိုတာ ဘာမှန်းမသိခဲ့ရဘူး ဆိုပေမယ့် နောင်အခါမှာ လူကြီးမိဘ၊ ဆရာသမားတို့က သင်ပြပြောပြလာခဲ့တော့ ကိုယ့်နိုင်ငံရဲ့ လွတ်လပ်ရေး၊ ငါတို့ ခံစားနေတဲ့ လွတ်လပ်ရေးဆိုတာဟာ “သွေးစက်နဲ့ ကျမျက်ရည် ပြည့်နိုင်ငံ့အရေး” ဆိုသလို သက်စွန့်ကြိုးပမ်း ရယူခဲ့ကြရတာပါလားဆိုတာ နားလည်လက်ခံလာခဲ့ကြရပါတယ်။ ဒီလို သမိုင်းထဲက ပုဂ္ဂိုလ်တွေရဲ့ဘ၀ အတ္ထုပ္ပတ္တိတွေ၊ မိသားစုရုပ်ပုံလွှာတွေကို ကြားဖူးနားဝ ဖတ်ရှုသိရှိရပြန်တော့ ဗဟုသုတနဲ့ အသိခံစားချက်တွေကို အမျိုးမျိုး ရရှိရပါတယ်။

ဒီကနေ့ မူလတန်းစာသင်ကျောင်းတွေက ကလေးတွေဆိုရင် နှစ်ပေါင်း ၆၀၊ ၇၀ ဆိုတဲ့ကာလကို သူတို့ နားလည်နိုင်ဦးမှာ မဟုတ်ပေမယ့် အာဇာနည်နေ့ဆိုတာကိုတော့ သူတို့တွေ ကြားဖူး၊ သိဖူးနေကြပါပြီ။ စာနယ်ဇင်း ကျေးဇူး၊ ရုပ်မြင်သံကြားနဲ့ သတင်းထုတ်လွှင့်မှု ကျေးဇူးပေါ့။ လူကြီးမိဘတွေနဲ့ ကျောင်းက ဆရာ၊ ဆရာမတွေက သူတို့ရဲ့ နားနဲ့ ဦးနှောက်အသိက လက်ခံနိုင်လောက်တဲ့ စကားလုံးလေးတွေနဲ့ ပြောပြောပြသွားရင် တဖြည်းဖြည်းနဲ့ သူတို့လေးတွေ အာဇာနည်ဆိုတာ ဘာလဲလို့ အသိဗဟုသုတ ရသွားလောက်စရာ ရှိပါတယ်။

တကယ့်ဖြစ်ရပ် အကြောင်းရာကိုပဲ ပုံပြင်လို နားထောင်ချင်ဖွယ်ဖြစ်အောင် ပြောပြကြရင် သူတို့တွေ စိတ်ဝင်စားကြသလို စွဲမြဲမှတ်သားကြမယ်လို့ မြင်ပါတယ်။ ဆိုကြပါစို့။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ငယ်ရွယ်စဉ်ကလေးဘ၀။

ကျောင်းစာအုပ်ထဲမှာပါတဲ့ ကဗျာတွေကိုတော့ သူတို့ ကြားဖူး၊ ရွတ်ဖူးတတ်ကြပါတယ်။

နတ်မောက်မြို့က ရှေ့နေဖြစ်တဲ့ ဖခင် ဦးဖာ၊ မိခင် ဒေါ်စုတို့က သားသမီးမွေးချင်း ကိုးယောက် မွေးဖွားတော့ ဗိုလ်ချုပ်က သားထွေးကလေးဖြစ်တာ။ ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက် (စနေနေ့) လင်းအားကြီး အချိန်မှာ သူ့ကို မွေးဖွားသန့်စင်ခဲ့တာ။ စနေသားဖြစ်တဲ့အတွက် ဇာတာထဲမှာ ‘မောင်ထိန်လင်း’ လို့ မှည့်တယ်။ ဒါပေမဲ့ မောင်ထိန်လင်းလို့ မှည့်ပေမယ့် မခေါ်ခဲ့ကြလှဘူး။ သူ့ကို မွေးတော့ သူရဲ့အစ်ကို (ဦး)အောင်သန်းဟာလည်း သုံးနှစ်ခွဲကျော် အရွယ်ပဲ ရှိသေးတယ်။ လူကြီးတွေက ဗိုလ်ချုပ်တစ်နှစ်ကျော် အရွယ်ရောက်တဲ့အခါ နာမည်ပေးဖို့ ပြောဆိုစဉ်းစားကြတုန်း သူ့ရဲ့အစ်ကိုက “ကျုပ် အောင်သန်းဆို သူ အောင်ဆန်းပေါ့ဗျာ” လို့ ၀င်ပြောလိုက်သတဲ့။ အဲဒါကို အားလုံးက လက်ခံသွားပြီး အဲဒီနာမည်ပဲ တွင်လာခဲ့တာ။

နာမည်နဲ့လိုက်အောင်ကို မောင်အောင်ဆန်းလေးက ‘ဆန်း’ တဲ့သူ ဖြစ်တယ်။ အမေးအမြန်းလည်း ထူတယ်။ လူတွေဟာ ရာသီဥတုတွေကို မိုးတွင်း၊ ဆောင်းတွင်းလို့ခေါ်ပေမယ့် နွေရာသီကိုတော့ ဘာဖြစ်လို့ ‘နွေတွင်း’ လို့ မခေါ်သလဲဆိုပြီး မေးတယ်။ လူကြီးတွေလည်း ပြန်မဖြေနိုင်ဘဲ ရယ်နေကြတော့သတဲ့။

အဲဒီလိုပဲ ညီအစ်ကိုတွေလို့ ပြောတဲ့အခါ ညီအစ်ကိုတစ်ဝမ်းကွဲရှိပြီး ဘာကြောင့် လင်မယားတစ်ဝမ်းကွဲ မရှိတာလဲလို့ မေးပြန်တော့ လူကြီးတွေလည်း ပြန်မဖြေနိုင်ဘဲ ရယ်နေကြရပြန်တယ်။ သူဟာ သိချင်တယ်။ စဉ်းစားကြည့်တယ်ဆိုတာကို ပြတာပေါ့။

သူက အငယ်ဆုံးသားဆိုတော့ မိဘနဲ့ အစ်ကို၊ အစ်မတွေက အလိုလိုက်ကြတယ်။ ဒီတော့လည်း သူလိုချင်တာရှိရင် မရမနေ တောင်းဆိုတတ်တယ်။ အဲဒီလို အလိုလိုက်ခံရပေမယ့် မောင်အောင်ဆန်းလေးဟာ မတရားလုပ်ချင်တဲ့ စိတ်၊ မတရားအခွင့်အရေး လိုချင်တဲ့စိတ် မရှိဘူးတဲ့။ သူ့ရဲ့အစ်ကို (ဦး) အောင်သန်းက သူ့ညီလေးဟာ စားချင်ရင် စားချင်တယ်။ လိုချင်ရင် လိုချင်တယ်။ ကြောက်တယ်ဆိုရင်လည်း ကြောက်တယ်လို့သာ ရိုးရိုးသားသား ပြောတတ်တယ်လို့ ဆိုပါတယ်။
သူတို့ငယ်ငယ် သူတို့မြို့ အခုလို ၀ါတွင်းကာလ အလှူခံထွက်တော့ အိုးစည်ဒိုးပတ်တွေပါပြီး ဖိုးသူတော် အရုပ်ကြီးကတာလည်း ပါတယ်။ အဲဒီအရုပ်ကြီးကို အောင်ဆန်းလေးက အလွန်ကြောက်တယ်တဲ့။ အဲဒါ သူ့ဖခင်က ကြောက်ရကောင်းလားလို့ ပြောတော့ မောင်အောင်ဆန်းကလေးက “အရုပ်ဖင်ခေါင်းထဲ သွင်းထားရင် ဘယ့်နှယ်လုပ်မလဲဗျာ” လို့ ပြန်ပြောတယ်တဲ့။ အဲဒီလိုပဲ မယ်ရွှေမယ်လို့ အမည်ရှိတဲ့ အမေကြီးဟာ အသက်အရွယ်ကြီးလို့ ခေါင်းတုန်တုန်၊ လည်တုန်တုန် ဖြစ်နေတာကိုလည်း သူကြောက်ပါတယ်လို့ ၀န်ခံတယ်။

သူတို့ရဲ့ အိမ်နားမှာ လက်ဖက်ရည်ဆိုင် (ဟိုတုန်းက ကာကာဆိုင်လို့ခေါ်) ရှိတယ်။ သူက အဲဒီဆိုင်ကိုသွားပြီး ဘီဒီဆေးလိပ် (သေးသေးချွန်ချွန်ကလေး လိပ်ထားတဲ့ အများအားဖြင့် အိန္ဒိယယောက်ျားတွေ သောက်လေ့ရှိတဲ့) ဆေးလိပ်ကို ၀ယ်သတဲ့။ ပြီးတော့ သူကချိုးကြည့်တယ်။ သူ အဲဒီလိုလုပ်တာကို အမေ ဒေါ်စုက သိသွားတော့ ဆိုင်ကိုသွားပြီး ကလေးကို ဆေးလိပ်ရောင်းရသလားလို့ ပြောသတဲ့။ ဒီတော့ ဆိုင်ရှင်ကလည်း ကလေးဘက်လှည့်ပြီး ကျီစယ်ခြောက်လှန့်တဲ့ သဘောပေါ့။ နောက်တစ်ခါလာရင် ဘန်းဘူးပေးမယ်လို့ ပြောတယ်။ အဲဒါကို အောင်ဆန်းလေးက သူ့အမေကို ဘန်းဘူးဆိုတာ ဘာလဲမေး၊ အမေကလည်း ဘန်းဘူးဆိုတာ ရိုက်မယ် ပြောတာလို့ဆိုတော့ မောင်အောင်ဆန်းလေးဟာ အဲဒီနေ့ကစပြီး ကာကာဆိုင်ကို မသွားတော့ဘူးတဲ့။

သူက အဲဒီလိုသာ ကြောက်ပေမယ့် အိမ်မှာ သူနေမကောင်းဖြစ်လို့ ဆေးတိုက်ရင် ပိုက်ဆံပေးမှ သောက်မယ်လို့ လုပ်တယ်။ ဟိုဆိုင်ကို သူမသွားရဲတော့ ၀ယ်ခိုင်းချင်တာရှိရင် သူ့အစ်ကိုကို ပိုက်ဆံပေးပြီး ၀ယ်ခိုင်းတယ်။ အစ်ကို ၀ယ်ချင်တာရှိလည်း သူ့ရဲ့ပိုက်ဆံနဲ့ပဲ ၀ယ်ပေါ့။ ၀ယ်ခွင့်ပေးတယ်။ ဒါပေမဲ့ ညီအစ်ကိုနှစ်ယောက် မသင့်မြတ်လို့ ရန်ဖြစ်တော့ သူက သူ့ပိုက်ဆံ ပြန်တောင်းရောတဲ့။ “နင်က အစက ဘာလို့ပေးသလဲ” ဆိုပြီး အမေ ဒေါ်စုကဆိုတော့ “အို သူက ညီအစ်ကိုချင်းပဲကွာ ဘာညာဆိုပြီး ပြောတာကိုး” လို့ ပြန်ပြောပါသတဲ့။

ဒါပေမဲ့ သူဟာ သူတစ်ပါးကို သနားတတ်တယ်။ သူ့အမေက ကြွေးယူထားတဲ့လူကို ကြွေးပြန်ဆပ်တော့လို့ ပြောနေတာ သူကြားတဲ့အခါ “အမရာ ရှိမှပေးနိုင်မှာပေါ့” လို့ ၀င်ပြောခဲ့တယ်။ သုံးနှစ်လောက်ကျမှ စကားပြောတတ်ပြီး စကားနည်းတယ် ဆိုနိုင်ပေမယ့် သူက ပြောချင်ရင်တော့ အဲဒီလို ပြောတတ်ပါသတဲ့။ တစ်ခါတော့လည်း သူ့မိခင်က စပါးလာဝယ်တဲ့လူကို ဈေးနည်းနည်းတင်ပြီး ပြောနေတာ သူကြားတော့ သူက ဈေးမှန်ကိုသိတဲ့အကြောင်း အမေကိုပြောတဲ့အပြင် လိမ်ပြောတာ မကောင်းဘူးလို့လည်း သူက ဆိုလိုက်သေးတယ်တဲ့။ ကဲဗျာ။

သူ ဘုန်းကြီးကျောင်းသားဘ၀မှာ တစ်နေ့တော့ အလုပ်မရှိတဲ့အတွက် ဘုန်းတော်ကြီးက ကျောင်းသားတွေကို အိပ်ကြလို့ မိန့်တယ်။ ပြီးတော့ ဘုန်းတော်ကြီးကပဲ မင်းတို့ အိပ်ချင်ကြတယ် မဟုတ်လားလို့ မေးတဲ့အခါ ကျောင်းသားတွေက ဘုန်းကြီးရဲ့အလိုကျ အိပ်ချင်ပါတယ် ဘုရားလို့ ပြန်ဖြေကြတယ်။ အောင်ဆန်းက ဘာမှပြောပုံမရတော့ ဘုန်းတော်ကြီးက အောင်ဆန်းရောလို့ မေးတဲ့အခါ သူက သူ့စိတ်ထဲရှိတဲ့အတိုင်းပဲ “မအိပ်ချင်ပါ ဘုရား” လို့ ပြန်လျှောက်လိုက်သတဲ့။
သူ့အစ်ကိုတွေ ကိုရင်ဝတ်တော့ သူလည်း ၀တ်ချင်ပြန်ရော။ ဒါနဲ့ ပူဆာတဲ့အခါ အမေက မင်းစာတတ်မှ ၀တ်ရမှာပေါ့လို့ ပြောတဲ့အတွက် ဒီလိုဆို ကျောင်းနေတော့မယ်လို့ ပူဆာတော့တာပဲတဲ့။

သူဟာ ကျောင်းနေတော့လည်း အတန်းထဲ အမြဲ ပထမရတယ်။ အားရင် သူ စာဖတ်တယ်။ ကျောက်သင်ပုန်းပေါ် လက်ရေးကျင့်တယ်။ ကျောင်းကို စောစောလာခဲ့ဖို့မှာရင် အိမ်မှာ ထမင်းတောင် စောင့်မစားတော့ဘူး။ ကျောင်းစောစောရောက်အောင်သာ သွားတော့တယ်။ ကျောင်းမှာ မြက်နုတ်၊ ရေခပ် စတဲ့ ကျောင်းအလုပ်တွေကို ပြီးအောင်စီးအောင် လုပ်လေ့ရှိတယ်။ အားလပ်ရင် အရုပ်ကားပန်းချီလည်း ဆွဲတယ်။ ပါးစပ်ဆိုင်းကလေး တီးလုပ်တတ်တယ်။ လက်ကလေးက စားပွဲကိုပုတ်လို့။ တစ်ခါတလေ ဘောလုံးကစားတတ်တယ်။ မိန်းကလေးတွေကို စလား နောက်လားတော့ မလုပ်တတ်ဘူးတဲ့။

တစ်ခါတော့ သူ့အစ်မကြီး ရက်ကန်းစင်က ယောပိုးလုံချည်စကို ဓားနဲ့ထိုးပြီး ကစားလိုက်မိတယ်။ အမေဖြစ်သူက ထင်လို့မေးတဲ့အခါ “အောင်ဆန်း မင်းလုပ်တာလား”။ ဒီအခါ “ဟုတ်တယ်” ဆိုပြီး တစ်ခွန်းတည်းပဲ ဖြေပြီးဝန်ခံသတဲ့။ ရိုးသားလို့ ကိုယ်လုပ်တာကို ကိုယ်တာဝန်ယူတာပေါ့။

မောင်အောင်ဆန်းလေးဟာ ခုနစ်တန်းမှာ စကောလားရှစ်ဆု ရတယ်။ အသက် ၁၇ နှစ်မှာ ၁၀ တန်းကို (က) အဆင့်နဲ့ အောင်မြင်တယ်။ မြန်မာစာပါဠိဘာသာ ဂုဏ်ထူးရတယ်။ အဲဒီကာလက တစ်ပြည်လုံးမှာ သုံးလေးဆုသာ ချီးမြှင့်တဲ့ “ဦးရွှေခိုဆု” ဆိုတာ ချီးမြှင့်ခံရပါတယ်။

ဒီလို အတ္ထုပ္ပတ္တိရုပ်ပုံလွှာ အကြောင်းအရာဟာ ကလေးများ စိတ်ဝင်စားမှတ်သွားကြမှာ အမှန်ပါပဲ။ ပြောပြီးတဲ့အခါ တပည့်ကလေးတို့ ဘယ်လိုခံစား သဘောထားမိသလဲ စဉ်းစားကြည့်ကြပါဦးလို့ ဆိုနိုင်ပါသေးရဲ့။

နောင်တစ်ချိန်မှာတော့ ဒီပုဂ္ဂိုလ်ကြီးဟာ တို့နိုင်ငံကို လွတ်လပ်ရေးရအောင် ယူပေးခဲ့ပြီး အမျိုးသားခေါင်ဆောင်ကြီး အာဇာနည်ဖြစ်ရတဲ့သူပါပဲဆိုတာ တဖြည်းဖြည်းတော့ သူတို့ကလေးတွေ အတိတ်သမိုင်းကို သိသွားနိုင်ကြပါလိမ့်မယ်။ ဗိုလ်ချုပ်ရဲ့ကလေးဘ၀ဟာ အလွန်ရိုးသားဖြူစင်တယ်ဆိုတဲ့ အသိရသွားနိုင်ကြပါလိမ့်မယ်။

ဒီကနေ့မှာတော့ လူလတ်ပိုင်း မိဘတွေနဲ့ ဆရာ၊ ဆရာမတို့ အတိတ်သမိုင်း သိမှတ်ခံယူပြီး ဆင့်ပွားကြဖို့ တာဝန်ရှိပါလိမ့်မယ်။

စာကိုး

■ လွန်းမြိုင်-ကလေးတို့ချစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း

■ သိန်းအေး-အောင်ဆန်းဇာနည်

■ ၄-၂-၂၀၁၅ The Daily Eleven အချပ်ပို

ရဲထွတ်နီ

Eleven Media Group

No comments:

Post a Comment