Latest News
Sunday, July 9, 2017
သံတုတ်နှင့်ရိုက်ပြီး ဓားဖြင့်ထောက်၍ ဆိုင်ကယ်နှင့်ရွှေထည် ပစ္စည်းများ လုယက်မှုဖြစ်ပွား
မော်လမြိုင် ဇူလိုင် ၉
မွန်ပြည်နယ် မော်လမြိုင်မြို့ တောင်ဝိုင်းရပ်၌ ယောက်ကော် ဘုန်းကြီးကျောင်းရှေ့တွင် ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီက မထက်ထက်မွန် (၁၉ နှစ်) မော်လမြိုင်တက္ကသိုလ် ရုက္ခဗေဒ၊ ဒုတိယနှစ်ကျောင်းသူ အမှတ်-၅၉၈၊ အောက်လမ်းမကြီး ဘိုကုန်းရပ်ကွက် မော်လမြိုင်မြို့နေ သူသည် မော်လမြိုင်မြို့ ကွင်းရပ် ရပ်ကွက် အထက်လမ်းမကြီး အမှတ်- ၁ဝ၉ နေ ရည်းစာဖြစ်သူ အောင်နိုင်ဦး (၁၈နှစ်)နှင့် အတူ ဆိုင်ကယ်ရပ်၍ စကားပြောနေကြ စဉ် သံတုတ်နှင့်ဓားကိုင်ဆောင် ထားသည့် (စိစစ်ဆဲ)လူ နှစ်ဦးတို့ ရောက်ရှိလာပြီး အောင်နိုင်ဦးအား သံတုတ်နှင့်ရိုက်ပြီးဓားဖြင့်ထောက် ၍ခြိမ်းခြောက်ကာ ယောက် ကော် ဘုန်းကြီးကျောင်းအနီး ခြံအတွင်း သို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
 ယင်းနောက်အောင်နိုင်ဦးနှင့် မထက် ထက်မွန်တို့ နှစ်ဦးတွင်ပါလာသည့် ဆိုင်ကယ်၊ ဖုန်းနှင့် ရွှေထည် ပစ္စည်းများ စုစုပေါင်းတန်ဖိုးငွေ ကျပ် ၄၉၄၉ဝဝဝ ကို လုယက် ယူဆောင်သွားခဲ့ကြောင်း သိရပါသည်။
 ဖြစ်စဉ်နှင့်ပတ် သက်၍ လုယက်သူ (အမည်၊ အသက်၊ ဘအမည်၊ နေရပ်-စိစစ် ဆဲ)လူနှစ်ဦးအပေါ် မော်လမြိုင်မြို့ မုပွန်နယ်မြေ ရဲစခန်းမှ (ပ)၃၂၉/ ၂ဝ၁၇၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ-၃၉၄ အရအမှုဖွင့်လှစ်၍ တရားခံဖမ်း ဆီးရမိရေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
The Union Daily
https://www.facebook.com/uniondaily.net
No comments:
Post a Comment