Latest News

Thursday, July 20, 2017

သာစည်မြို့နယ်တွင် သေနတ်ဖမ်းဆီးရမိပြီး ဆက်စပ်တရားခံနှင့် ကွင်းဆက်တရားခံများ ဆက်လက်စုံစမ်း ဖော်ထုတ်လျက်ရှိ

သာစည်မြို့နယ်တွင် သေနတ်ဖမ်းဆီးရမိပြီး ဆက်စပ်တရားခံနှင့် ကွင်းဆက်တရားခံများ ဆက်လက်စုံစမ်း ဖော်ထုတ်လျက်ရှိ

နေပြည်တော် ဇူလိုင် ၂၀

မန္တလေးတိုင်းဒေသကြီး သာစည် မြို့နယ် ကျွဲတပ်ဆုံတိုးဂိတ်တွင် ဇူလိုင် ၁၉ ရက် ည ၁၀ နာရီခန့်က တရား မဝင်သယ်ဆောင်လာသည့် မောင်းပြန် သေနတ် ၂၂ လက် သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့တို့သည် သတင်းအရ ကျွဲတပ်ဆုံ တိုးဂိတ်အနီး စောင့်ဆိုင်း နေစဉ် လွိုင်ကော်မှ မန္တလေးဘက်သို့ ယာဉ်မောင်း နေစိုးထွေးမင်း (ခ) ကိုစိုင်း မောင်းနှင်ပြီး ဇနီးဖြစ်သူ
မမြတ်ဆုနှင်း လိုက်ပါစီးနင်းလာသော ယာဉ်အမှတ် 2D/---- အား ရပ်တန့် ရှာဖွေစစ်ဆေးရာ ယာဉ်ပေါ်တွင် အဖြူရောင် ဆာလာအိတ်အတွင်း မွေ့ရာဖြင့်ပတ်ထားသည့် HK-33 မောင်းပြန်ရိုင်ဖယ်အလက် ၂၀ (ကျည်အိမ်ပါ)နှင့် AK-47  မောင်းပြန်ရိုင်ဖယ် နှစ်လက် (ကျည်အိမ်မပါ)တို့ကို သိမ်းဆည်း ရမိခဲ့သည်။

နေစိုးထွေးမင်းနှင့် ဇနီးဖြစ်သူတို့ အား စစ်ဆေးချက်အရ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အင်းလေး တည်းခိုခန်းတွင် တည်းခိုနေသော ကျုံလျန်ဆန်း (ခ)မောရာ ကလေးမြို့ တာဟန်းရပ်ကွက်နေသူထံ ပို့ဆောင်ခ ငွေကျပ် ၁၅ သိန်းဖြင့် ပို့ဆောင် ပေးရန် သယ်ဆောင်လာခြင်း ဖြစ်ကြောင်းသိရပြီး အင်းလေး တည်းခိုခန်းတွင် တည်းခိုနေသော ကျုံလျန်ဆန်း (ခ)မောရာအား ယနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်။
ဆက်လက်၍ လွိုင်ကော်မြို့ရှိ နေစိုးထွေးမင်း၏ နေအိမ်အား ဆက်လက်ရှာဖွေရာ ဒီတိုနေတာ တစ်ထုပ် လျှင် ၅၀၀ ခုပါ ၂၆ ထုပ်၊ ယမ်းစိမ်းတစ်ထုပ်လျှင် ၉၀ ကျပ်သား ပါ အထုပ် ၆၀ နှင့် ငွေကျပ်သိန်း ၁၄၀ တို့အား သိမ်းဆည်းရမိခဲ့ ပြီး ကွင်းဆက်တရားခံများအား ဆက်လက်စုံစမ်း ဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။

သိမ်းဆည်းရမိသည့် လက်နက် များသည် ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင် သယ်ဆောင်လာခြင်းဖြစ်ပြီး ယခု ဖမ်းဆီးရမိသည့် အကြိမ်သည် တတိယအကြိမ်ဖြစ်ကာ ယခုနှစ် ဖေဖော်ဝါရီလတွင် တစ်ကြိမ်၊ ဧပြီလ တွင်တစ်ကြိမ် သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။

MOI

No comments:

Post a Comment