Latest News

Thursday, July 13, 2017

လေးလပတ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော် ရရှိ

လေးလပတ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော် ရရှိ

ဇူလိုင် ၁၃

လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လယ်အထိ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်အနေဖြင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော်အား စိစစ်ခွင့်ပြုထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ဇူလိုင်လ ၁၁ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင် အစည်းအဝေးအမှတ် (၁၀/၂၀၁၇)မှ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်း (၂၇)ခု၊ ရင်းနှီးမြုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၉၁၆ ဒသမ ၅၉၃)သန်းအား ခွင့်ပြုခဲ့ပြီးနောက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် မျှော်မှန်းထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၆ ဘီလီယံ၏ ၅၀ ရာခိုင်နှုန်းနီးပါးအား ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ လုပ်ငန်း (၂၇)ခုမှာ စက်မှုကဏ္ဍမှ လုပ်ငန်း (၁၄)ခု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ (၂)ခု၊ မွေးမြူရေးနှင့် ရေလုပ်ငန်း (၁)ခု၊ အခြား ၀န်ဆောင်မှုကဏ္ဍ လုပ်ငန်း (၇)ခု၊ အိမ်ယာအဆောက်အအုံ တည်ဆောက်မှု ဖွံ့ဖြိုးမှု ကဏ္ဍ (၂)ခု နှင့် စိုက်ပျိုးရေး ကဏ္ဍလုပ်ငန်း (၁)ခု ဖြစ်ပြီး ယင်းလုပ်ငန်းများမှ အလုပ်အကိုင်အခွင့်အလမ်း (၇၁၅၅)ခုကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားမှုးချုပ် ဦးဆန်းမြင့်က " ဇူလိုင်လလယ်အထိ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏက ခွင့်ပြုလိုက်တာဆိုရင် ၃၁၁၇ ဒသမ ၂၉ သန်းပေါ့။ စုစုပေါင်းခွင့်ပြုတဲ့ လုပ်ငန်း ၉၃ ကို ပြန်ခွဲလိုက်ရင် ရင်းနှီးမြုပ်နှံမှုဥပဒေအဟောင်းနဲ့ ခွင့်ပြုထားတာ လုပ်ငန်း ၅၄ ခု၊ အခု အသစ်မှာ ခွင့်ပြုခဲ့တာက ၁၃ ခု၊ အတည်ပြုမိန့်က ၂၆ ခု ပါ" ဟု ဆိုသည်။

ဇူလိုင်လ  ၁၂ ရက်က ရန်ကုန်မြို့၊ သစ္စာလမ်းရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဆန်းမြင့်က ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏကို ဧပြီလ ၁ ရက်မှ ဇူလိုင်လလယ်အထိ ခွင့်ပြုခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၉၃)ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၂၇၆၈ဒသမ၅၂၅)သန်း၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအ၀င် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၂၉၈၉ဒသမ၈၁၃)သန်း စီးဝင်ခဲ့သည်။

ယင်းအပြင် လက်ရှိဘဏ္ဍာနှစ်အတွင်း အထူးစီးပွားရေးဇုန်ဥပဒေအရ သီလ၀ါအထူးစီးပွားရေးဇုန်တွင် ခွင့်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၁၂၇ ဒသမ ၄၈၀)သန်းခွင့်ပြုခဲ့သဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၃၁၁၇ ဒသမ ၂၉၃)သန်း စီးဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Mizzima

No comments:

Post a Comment