Latest News

Saturday, July 1, 2017

ရွှေ့ပြောင်းလုပ်သားတွေ ထွက်ပြေးအပြီး ထိုင်းရဲ့အလုပ်သမားဥပဒေကို ပြန်ရုတ်သိမ်း

ရွှေ့ပြောင်းလုပ်သားတွေ ထွက်ပြေးအပြီး ထိုင်းရဲ့အလုပ်သမားဥပဒေကို ပြန်ရုတ်သိမ်း

ဇူလိုင် ၁ – အမိန့်သစ်အရ အဖမ်းခံရမှာ၊ ဒဏ်တပ်ခံရမှာစိုးတဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးနေတဲ့ ရွှေ့ပြောင်းလုပ်သား ထောင်ပေါင်းများစွာကြောင့် ထိုင်းစစ်အစိုးရဟာ အလုပ်သမားဥပဒေသစ်ကို ပြဌာန်းဖို့ ရက် ရွှေ့ဆိုင်းလိုက်ပါတယ်။

ထိုင်းစစ်အစိုးရဟာ ရွှေ့ပြောင်းလုပ်သားတွေကို မှတ်ပုံတင်ဖို့နဲ့ တရားမ၀င်လူကုန်ကူးမှုကို ဖြိုခွင်းဖို့အတွက် လှုပ်ရှားမှု အမျိုးမျိုး လုပ်နေပေမယ့် ဒီလုပ်ရှားမှုတွေဟာ တစ်ပွဲထိုးနည်းလမ်းတွေဖြစ်ပြီး သက်တမ်းမရှည်ပါဘူး။
အဲဒါကြောင့် ရွှေ့ပြောင်းလုပ်သားအများစုဟာ စာရွက်စာတမ်းမရှိသလို လူကုန်ကူးသူတွေ၊ မသမာတဲ့ အလုပ်ရှင် တွေရဲ့ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုကို ခံနေရဆဲဖြစ်ပါတယ်။

သောကြာနေ့က စစ်အစိုးရဟာ ဇွန် ၂၃ မှာ စတင်အာဏာသက်ရောက်တဲ့ ပြည်ပအလုပ်သမားဥပဒေတစ်ခုရဲ့ အစိတ်အပိုင်းတွေကို ရက်ပေါင်း ၁၂၀ ကြာ ဆိုင်းငံ့ထားမယ်လို့ဆိုပါတယ်။ ဒီဥပဒေတွေကြောင့် ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ သူတို့ရဲ့အလုပ်ရှင်တွေကြား ကြောက်လန့်မှုတွေ ဖြစ်လာတဲ့အတွက် ဖြစ်ပါတယ်။

“(ဒီအတောအတွင်း) လူကုန်ကူးမှုဥပဒေတွေကို ချိုးဖောက်သူတွေကလွဲရင် တရားမ၀င်လုပ်သားတွေကို ဖမ်းဆီးတာ၊ နှိမ်နင်းတာ လုပ်မှာမဟုတ်ပါဘူး” လို့ ဒုဝန်ကြီး ၀ီဆူနု ခရီနမ်က သတင်းထောက်တွေကို ပြောပါတယ်။
အလုပ်သမားထောင်ပေါင်းများစွာဟာ အလုပ်ပါမစ်မရှိရင် ဒေါ်လာ ၃၀၀၀ အထိဒဏ်ရိုက်မယ့် ဥပဒေသစ်ကို ကြောက်ရွံ့ပြီး အိမ်နီးချင်းမြန်မာနဲ့ ကမ္ဘောဒီးယားကို ပြန်ပြေးနေကြတဲ့အတွက် အခုလိုဖြေလျှော့ခဲ့တာ ဖြစ်ပါတယ်။
ဥပဒေသစ်အရ အလုပ်ရှင်တွေဟာလည်း စာရွက်စာတမ်းမဲ့ အလုပ်သမားတစ်ဦးကို ငှားရမ်းရင် ဘတ် ၈၀၀၀၀၀ (ဒေါ်လာ ၂၄၀၀၀) အထိ ဒဏ်ရိုက်ခံရနိုင်ပါတယ်။

မြန်မာလုပ်သားတွေအများဆုံးရှိတဲ့ ဆမက်ဆခွန်မှာ ပြီးခဲ့တဲ့အပတ်အတွင်း အိမ်ကို နေ့စဉ် လုပ်သား ၅၀၀ ခန့် ပြန်နေကြတယ်လို့ ရွှေ့ပြောင်းလုပ်သားအခွင့်အရေးကွန်ရက်(MWRN) မှ ဆူသာဆင်နီး ကေလက်လိုင်က ပြောပါတယ်။

“ဒီအလုပ်သမားတွေမှာ စာရွက်စာတမ်းမရှိလို့ ဒဏ်ကြီးကြီးမားမားအတပ်ခံရမှာစိုးလို့ မြန်မာနိုင်ငံကို ပြန်ရမယ်” လို့ သူက အေအက်ဖ်ပီကို ပြောပါတယ်။

ရွှေ့ပြောင်းသူတွေ အဲဒီလိုအစုလိုက်အပြုံလိုက် ပြန်တာကြောင့် လူကုန်ကူးသူတွေ အကျိုးအမြတ်ဖြစ်ထွန်းပေါ် လူကုန်ကူးသူတွေ၊ နယ်စပ်စောင့်တပ်တွေဟာ ဘေးကင်းစိတ်ချရတဲ့လမ်းကို ရှာဖွေသူ စာရွက်စာတမ်းမဲ့ လုပ်သားတွေဆီက ငွေညှစ်လေ့ရှိကြကြောင်းလည်း အခွင့်အရေးလှုပ်ရှားသူအဖွဲ့က သတိပေးပါတယ်။

ကြာသပတေးနေ့ကစပြီး ထိုင်းကနေ မြန်မာနိုင်ငံထဲ ပြန်လာသူ ရွှေ့ပြောင်းအလုပ်သမား ၆၀၀၀ ခန့်ရှိကြောင်း ကရင်ပြည်နယ်မှာရှိတဲ့ ရဲချုပ်တစ်ဦးက ဆိုပါတယ်။
သည်အတောအတွင်း ကမ္ဘောဒီးယားနယ်စပ်မှာ အိမ်ပြန်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားအရေအတွက်ဟာလည်း ဥပဒေစတင်ပြီးနောက်ပိုင်း နေ့စဉ်မြင့်တက်လာကြာင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးအရာရှိ ဘန်ဂျပိုး ဘော့ဆာဝက်က ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ကစပြီး ပွိုင်ပက်စစ်ဆေးရေးဂိတ်ကနေ အလုပ်သမား ၂၀၀၀ နီးပါး ပြန်လာတယ်လို့ သူက အေအက်ဖ်ပီကို ပြောပါတယ်။

စုပြည့်စုံ/Kumudra

No comments:

Post a Comment