Latest News

Monday, July 10, 2017

ကျွန်မတို့ မိန်းမတွေ

ကျွန်မတို့ မိန်းမတွေ


(ဓါတ်ပုံ မင်းမျိုးကြီး)

အမျိုးသမီးတွေကြုံရတဲ့ အခက်အခဲနဲ့အကျပ်အတည်းတွေက အမျိုးသားတွေ တွေ့ရတဲ့ အကျပ်အတည်းထက်ပိုပြီး ကြီးမားလေ့ရှိတယ် လို့ပြောရင် အမျိုးသားအများစုကတော့ လက်ခံလိမ့်မယ် မထင်ပါဘူး။

ဒါကို ကျွန်မတို့ မိန်းမတွေပဲ သိတယ်။ အိမ်မှာပဲ နေရတဲ့အိမ်ရှင်မပဲ ဖြစ်ဖြစ်၊ အိမ်ရှင်မ အဖြစ်ရော လုပ်ငန်းခွင်မှာရော နှစ်နေရာလုံးမှာ ကပြရတဲ့အိမ်ရှင်မပဲ ဖြစ်ဖြစ်၊ နောက်ဆုံး လုပ်ငန်း တစ်ခုမှာ ဘုရင်မလို နေရာယူပြီး စီမံခန့်ခွဲနေရတဲ့ အိမ်ရှင်မပဲ ဖြစ်ဖြစ် အခက်အခဲတွေ့ပြီ ဆိုတာနဲ့ အဲဒီအခက်အခဲဟာ ကိုယ်တစ်ယောက်တည်းရဲ့ပြဿာနာ မဟုတ်တော့ဘူး။

ကိုယ့်ရဲ့ခင်ပွန်း၊ ကိုယ့်ရဲ့ သားသမီး၊ ကိုယ့်ရဲ့မိဘ ၊ကိုယ့်မောင်နှမ သားချင်း အပြင် ကိုယ့်ရဲ့ လုပ်ငန်းတွေနဲ့ပါ ပတ်သက်လာလေ့ရှိတယ်။

ဥပမာ အိမ်ရှင်မတစ်ဦးက သူ့ခင်ပွန်းဆီကနေ ရနေတဲ့လစဉ် အသုံးစရိတ် မလုံလောက်လို့နေ့တိုင်း ဈေးသွားတိုင်း ဦးနှောက်စားရတဲ့ပြဿနာကို ကြည့်ရင် အသေးအဖွဲလေးပါ လို့အမျိုးသားတွေက မြင်တတ်တယ်။

ဒါပေမဲ့ နေ့တို်ငး ဘဲဥချည်းရည်ဟင်းပဲစားနေရတဲ့အခါ သားသမီးတွေ ဆီက အသံထွက်လာတယ်။ ယောက္ခမရဲ့ ညည်းညူသံ ကြားရတတ်တယ်။ ပြီးတော့ခင်ပွန်းဖြစ်သူရဲ့ မင်း…ဘဲဥပဲ ချက်တတ်သလား၊ ငါပေးတဲ့ပိုက်ဆံနဲ့ဒါပဲရသလား ဆိုတာမျိုး မယုံသင်္ကာသလို ပြောဆိုခြင်း ခံရတော့တယ်။

အဲလို အပြောမခံနိုင်တဲ့အခါမှာ အိမ်ရှင်မက အိမ်သားတွေကို ဟင်းကောင်းကျွေးချင်လို့ပိုက်ဆံချေးပြီး ကျွေးတယ်။  မီးဖိုချောင်စရိတ်အတွက်  သူ့ခမျာ ပိုက်ဆံချေးတယ်။ တစ်အိမ်လုံးက ၀မ်းသားအားရနဲ့ စားကြသောက်ကြတယ်။ ပြန်ဆပ်ဖို့ကတော့ ခင်ပွန်းဖြစ်သူက မသိ၊ သူယူတာ မဟုတ်တဲ့ အကြွေးဟာ သူ့မိန်းမနဲ့ပဲ ဆိုတယ်လို့ယူဆတာကိုး။

ဒါပေမဲ့ အိမ်ကို လာပြီး ကြွေးတောင်းခံရတဲ့အခါ အိမ်ရှင်မရဲ့အပြစ်ကြောင့်သိက္ခာကျရတယ်ဆိုတဲ့အမြင်နဲ့ ခင်ပွန်းကစ၊ ယောက္ခမ အဆုံး၊ သားသမီးတွေပါ မကျန် အပြစ်တင်လေ့ရှိတယ်။

“ကြွေးယူတုန်းက ကလည်း ကျွန်မပဲ၊ ဆပ်ရတော့လည်း ကျွန်မပဲ၊ အဆဲခံရတော့လ ည်း ကျွန်မပဲ… ဒါပေမဲ့အဲဒီချေးထားတဲ့ပိုက်ဆံနဲ့ဟင်းဝယ်ပြီး ချက်တော့စားတဲ့သူက ကျွန်မတစ်ယောက်တည်း မဟုတ်ပါဘူး အစ်မရယ်“ လို့ပြောပြခဲ့ဖူးတယ်။

အိမ်ရှင်မတစ်ယောက်ရဲ့အသံက ကျွန်မနားထဲကနေ မထွက်တော့ဘူး။ဒီအဖြစ်ကို ကြည့်တဲ့အခါ အိမ်သုံးစရိတ်မ လှောက်ငှတာကို စီမံခန့်ခွဲရတဲ့  မိန်းမတစ်ယောက်ရဲ့ အခက်အခဲကျပ်တည်းမှုဟာ သူတစ်ယောက်တည်းရဲ့ပြဿနာကနေ မိသားစု ပြဿနာပါ ဖြစ်လာတယ်။ အဲဒီလို အဖြစ်အပျက်တွေက ဒီနေ့ကျွန်မတို့ပတ်ဝန်းကျင်မှာ အများကြီးပါပဲ။ ဒီလိုကြုံလာတိုင်း အိမ်ထောင် ဦးစီးထက် အိမ်ရှင်မကိုပဲ အပြစ်တင်ကြတာများတယ်။ အိမ်တွင်း စီမံခန့်ခွဲမှု ညံ့လို့တဲ့။

အဲလိုပါပဲ အပြင်ထွက်ပြီး အလုပ်လုပ်နေရတဲ့ အမျိုးသမီးတွေမှာလည်း ကြုံရတဲ့ပြဿနာဟာ မိသားစု ပြဿနာအဖြစ် အသွင်အပြောင်းသွားတတ်တာပါပဲ။ အမေ ဖြစ်သူက အလုပ်လုပ်နေလို့ဝင်ငွေလည်း နည်းနည်းပါးပါး ပိုလာတာ မှန်ပါရဲ့၊ ဒါပေမဲ့  မင်းရှာတဲ့ငွေနဲ့မင်းပဲ သုံးနေတာ ဆိုတာမျိုး တွေလည်း ဖြစ်လာလေ့ရှိတယ်။

အပြင်ထွက်ရတဲ့ အမျိုးသမီးတစ်ယောက်အတွက် အ၀တ်အစားဆင်ယင်မှုကလည်း အဓိက ကျလေ့ရှိတယ်။ ဒါကို အမျိုးသားတွေနားမလည်ပါဘူး။ ကျွန်မတို့အမျိုးသမီးတွေသာ
သိတယ်။

တစ်ခါတုန်းက အမျိုးသမီးတစ်ဦးနဲ့  လှည်းတန်းထိပ်နားက ဈေးမှာ ဆုံတယ်။ အသက် ၃၀ကျော်လောက်ပါပဲ၊ထမင်းချိုင့်လေးနဲ့ခပ်နွမ်းနွမ်းအ၀တ်အစားလေးဝတ်ထားပေမဲ့ရုပ်ရည်လေးက သန့်တော့သတိပြုမိပြီး သူ့အခြေအနေကို အကဲခတ်မိပါတယ်။
အလုပ်ကအပြန်ဈေးဝယ်ပုံရတယ်။ အ၀တ်တစ်ထည်ကို အခါခါ ကိုင်ကြည့်လိုက် ပြန်ချလိုက် လုပ်နေတာ၊ ဈေးသည်မပြောပါနဲ့ ခဏတစ်ဖြုတ်မြင်လို့ ကြည့်မိတဲ့ကျွန်မတောင်မှ သူမရဲ့ တွေဝေ တွန့်ဆုတ်မှုကို သတိပြုမိတယ်။

ခဏကြာတော့ဈေးသည်က စိတ်မရှည်တော့ဘူး ထင်ပါရဲ့၊ အစ်မရေ ၀ယ်ရင်လည်း ၀ယ်ပါ၊ မ၀ယ်ရင်လည်း ယူမကြည့်ပါနဲ့တော့လို့ဆိုတယ်။ အဲလို ဆိုတော့အမျိုးသမီးကလည်း စိတ်ထဲ မခံနိုင်ဘူး ထင်ပါရဲ့။ အိတ်ထဲက ငါးထောင်တန်လေးတစ်ရွက်ထုတ်ပြီး ၀ယ်လိုက်တာ တွေ့ရတယ်။ ဒါပေမဲ့သူ့ပုံစံက ကိုယ်လိုချင်တဲ့ အ၀တ်လေးရလို့ဝမ်းသာအားရ ဖြစ်သွားတာမျိုး မရှိဘူး။  စိတ်မသက်မသာနဲ့လှည့်ထွက်သွားတယ်။

ကျွန်မ စိတ်ထဲမှာ ခံစားလိုက်မိတယ်။ အော်..ဈေးဖိုးထဲကနေ စွန့်ပြီး ၀ယ်လိုက်ပုံရတယ်။ အိမ်ရှင်မတစ်ဦးဟာ လကုန်တဲ့အထိ သုံးရမဲ့ပိုက်ဆံ လို့ပဲ မှတ်ထားလိုက်ရင် အဲဒီထဲက ကိုယ့်အတွက် လိုအပ်တဲ့ တစ်ခုခုဝယ်လိုက်ရတဲ့အခါ ခံစားရတဲ့ စိတ်၊ ကိုယ့်ကိုယ်ကိုပဲ တကိုယ်ကောင်းဆန်သလိုလိုနဲ့ခွင့်မလွှတ်နိုင်တဲ့ စိတ်ကို ခံစားရတာပါပဲ။

အမျိုးသမီးအများစုမှာတော့အရာရာတိုင်းမှာ မိသားစုဆိုတဲ့ အတွေးက ကပ်လျက်ရှိတယ်။

ဒီကနေ့ထိ ကျွန်မတို့ပတ်ဝန်းကျင်က အမျိုးသမီးတွေကို လေ့လာကြည့်တော့ ကိုယ့်မိသားစုကို ဦးစားပေးတဲ့သူ၊ မိသားစုအတွက်ကိုယ့်ကိုယ်ကိုတောင် မေ့နေတဲ့သူ၊ မိသားစုအတွက်ကိုယ်သာ အနစ်နာခံပေးတဲ့ သူတွေက များတာ တွေ့ရတယ်။ အိမ်ထောင်ရေးဖောက်ပြန်တဲ့၊ အိမ်အပေါ်မှာ တစ်ကိုယ်ကောင်းဆန်တဲ့ အမျိုးသမီးဆိုတာ အယောက်တစ်ရာမှ  ၁ ဦးတောင် မရှိပါဘူး။ တစ်ထောင်မှာ နှစ်ဆယ်လောက်ပဲရှိနိုင်တယ်လို့ ကျွန်မ ယူဆပါတယ်။

အဲလို အမျိုးသမီးတွေရဲ့စိတ်ပိုင်းဆိုင်ရာ ထိခိုက်ချိန်တွေကိုလည်း ကျွန်မအနေနဲ့ သတိပြုမိခဲ့တယ်။ သူတို့ဟာ သူတို့ရဲ့မိသားစုအပေါ် ဦးစားပေးတဲ့စိတ်၊ အနစ်နာခံရတဲ့စိတ် ကို ဘယ်တော့မှ နောင်တ မရမိကြဘူး။ အမြဲတမ်း ကိုယ့်ရဲ့ ပေးဆပ်မှုနဲ့အနစ်နာခံမှုအတွက် ကျေနပ်နေကြတဲ့သူတွေ ချည်းပါပဲ။

ဒါပေမဲ့ သူတို့အသည်းကို ဆတ်ဆတ်နာကျည်းအောင် ဖြစ်ရစေတဲ့ဖြစ်ရပ်တွေလည်း ရှိပါတယ်။ သူတို့တန်ဖိုးထားတဲ့ ခင်ပွန်း ဖြစ်စေ၊ သားဖြစ်စေ၊ သမီးဖြစ်စေ ၊ မောင်နှမ သားချင်းထဲက ဖြစ်စေ  သူတို့အပေါ်မှာ နားလည်မပေးနိုင်သလို ဆက်ဆံခြင်း ခံရတဲ့ အခါ သူတို့ဟာ အသည်းကွဲကြပါတယ်။ နားကြည်းပြီးတော့ ဆိတ်ဆိတ်ငြိမ်သွားပြီး အထီးကျန်အောင် နေနေတော့တာပါပဲ။

သူတို့ရဲ့ ကိုယ့်အပေါ်မှာ နားလည်မှုမရှိပါဘူးလို့ အထင်ရောက်စေတဲ့ အပြုအမူတွေကတော့သူတို့အလေးထားပြီး စကားပြောနေချိန်မှာ သူတို့စကားကို နားထောင်မပေးတာ၊ သူတို့အားကိုးတစ်ကြီးနဲ့တိုင်တည်ချိန်မှာ သူတို့ကို ပစ်ပစ်ခါခါပြောပြီး လျစ်လျူရှု့တာ။  သူတို့ကို အခြားတစ်ဦးဦးနဲ့နှိုင်းယှဉ်ခံရတာ ၊ ပြဿနာ ကြုံတဲ့အခါ သူ့ဘက်ကနေ မရပ်တည်ဘဲနဲ့ အပြစ်ပြောဆိုပြီး နှိပ်ကွက်လိုက်တာ မျိုးတွေက သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာကို အကြီးအကျယ် ထိခိုက်စေတော့တာပါပဲ။

အချို့အမျိုးသမီးတွေကတော့ဒါမျိုး ကြုံတဲ့အခါ ဗြောင်ပေါက်ကွဲတတ်ကြတယ်။ အချို့ကတော့ ဒါမျိုးကြုံရပေမဲ့  ဘာမှ မဖြစ်သလို ဟန်ဆောင်နေတယ်။ သူ့စိတ်မကောင်းဖြစ်တာ၊ ၀မ်းနည်းတာ တွေကို တတ်နိုင်သမျှ ဖုံးကွယ်ပြီး ၊ သူ့ကိုယ်သူ ဘာမှမဖြစ်လေဟန် အပူရုပ်ကို ဟန်လုပ်ပြီး ဖုံးကွယ်နေတတ်ပါတယ်။

ဒါကို ကိုယ့်ရဲ့ခင်ပွန်းဖြစ်ဖြစ်၊ မိသားစုဝင်တစ်ခုခုက ဘာမှ မဖြစ်ဘူး ထင်ပြီး သူ့အပေါ် အလေးမထားလို ဆက်လ က် ဆက်ဆံနေခဲ့တာ သူ့အပေါ်ကို အစွမ်းကုန် ရက်စက်လိုက်တာပါပဲ။

အဲလို မဟုတ်ဘဲနဲ့သူတန်ဖိုးထားတဲ့သူဦးစားပေးခဲ့တဲ့ မိသားစုက သူ့အပေါ်ကို နားလည်စာနာပေးလိုက်ရင်တော့ သူမဟာ အရာရာတိုင်းအတွက် ခွင့်လွှတ်ပြီး ဒီထက်ပိုကောင်းတဲ့ မေတ္တာစိတ်နဲ့  သူ့မိသားစုကို ဆက်ဆံအလုပ်အကျွေးပြုဦးမှာပဲ။

ဘာဖြစ်လို့လည်း ဆိုတော့ မေတ္တာစိတ်ဟာ ကျွန်မတို့မိန်းမတွေရဲ့စိတ်နှလုံးမှာ ကိန်းအောင်းနေတာကို ထုတ်မှ မပစ်နိုင်ကြတာ။ ဒါကြောင့်မိသားစုအတွက် မိန်းမတစ်ယောက်ရဲ့  နှလုံးသားနဲ့ မေတ္တာစိတ်ဟာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို ကျွန်မတို့မိန်မတွေပဲ သိကြပါတယ်လေ။

ကျေးဇူးတင်ပါတယ်။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment