Latest News

Friday, June 30, 2017

မိဘမဲ့ တစ်ဦး တည်ထောင်ခဲ့တဲ့ Rolex နာရီ ကုမ္ပဏီ နောက်ကြောင်း

မိဘမဲ့ တစ်ဦး တည်ထောင်ခဲ့တဲ့ Rolex နာရီ ကုမ္ပဏီ နောက်ကြောင်


နာရီ အမှတ်တံဆိပ် Rolex ဟာ မသိသူ မရှိလောက်တဲ့ ကမ္ဘာ့အကျော်ကြားဆုံး နာရီ Luxury Brand တွေထဲက တစ်ခုဆိုတာ အံ့သြစရာ မဟုတ်သလို ယုံမှားသံသယဝင်စရာလည်း မရှိပါဘူး။ ဒါပေမဲ့ အဲဒီ အမှတ်တံဆိပ် နာမည် ဘယ်လိုဖြစ်လာတယ်၊ ဘယ်လိုလူမျိုးက ဒီလိုအမှတ်တံဆိပ်ကို စတင်ခဲ့တယ် ဆိုတာနဲ့ ကုမ္ပဏီဟာ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ရှေ့ဆက်သွားနေလဲဆိုတဲ့ နောက်ကြောင်းကတော့ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Rolex နာရီကုမ္ပဏီ တည်ထောင်သူဟာ မိဘတွေတောင် စုံစုံလင်လင် မရှိခဲ့တဲ့ မိဘမဲ့တစ်ယောက်ဖြစ်သူ Hans Wilsdorf ဖြစ်နေလို့ပါ။ သူဟာ ၁၈၈၁ ခုနှစ်၊ မတ် ၂၈ ရက်မှာ မွေးဖွားခဲ့ပြီး အမှန်တကယ်တော့ ဂျာမနီနိုင်ငံသားတစ်ဦး ဖြစ်ပါတယ်။

ဂျာမနီနိုင်ငံ၊ Kulmbach မှာ မွေးဖွားခဲ့တဲ့ Hans Wilsdorf ဟာ ငယ်ရွယ်စဉ်ကတည်းက မိဘမဲ့တစ်ဦး ဖြစ်ခဲ့ရပြီး Swiss နာရီထုတ်လုပ်ရေး La Chaux-de-Fonds မှာ သာမန်လုပ်သားတစ်ဦးအနေနဲ့ အလုပ် ဝင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ သာမန်လုပ်သားဘဝကို ရောင့်ရဲတင်းတိမ်မနေဘဲ ကိုယ်ပိုင်လုပ်ငန်းတစ်ခု တည်ထောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အသက် ၂၄ နှစ်အရွယ် ၁၉ဝ၅ ခုနှစ်မှာတော့ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ကြီးဆီ ပြောင်းရွှေ့သွားခဲ့ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ အရည်အသွေးရှိတဲ့ နာရီကို သင့်တင့်တဲ့ဈေးနှုန်းအတိုင်းအတာနဲ့ စောင့်မျှော်သူတွေအဖို့ ၁၉ဝ၈ ခုနှစ်မှာပဲ Rolex အမှတ်တံဆိပ်ကို ဖန်တီးခဲ့ပါတယ်။ ဒါပေမဲ့ ပထမကမ္ဘာစစ်ကြီး ဖြစ်လာတော့ မြင့်မားတဲ့ အခွန်ငွေ ပေးဆောင်နေရတဲ့ ပြဿနာကို ရှောင်လွဲဖို့အတွက် အင်္ဂလန်ကနေ ဆွစ်ဇာလန်နိုင်ငံဆီ ပြောင်းရွှေ့ဖို့ ဖြစ်လာပြန်ပါတယ်။

ဒီလိုနဲ့ ၁၉၁၉ ခုနှစ်မှာတော့ Hans Wilsdorf ဟာ ကုမ္ပဏီကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ဆီ ရွှေ့ခဲ့ပြီး ဆက်လက်လည်ပတ်ခဲ့ပါတယ်။ Rolex ဆိုတဲ့ နာမည် ပေးဖြစ်ခဲ့ပုံကတော့ တခြား ဘာသာစကားတွေ တော်တော်များများနဲ့လည်း အသံထွက်ဖို့ လွယ်ကူတာက တစ်ကြောင်း၊ နောက်တစ်ခုကတော့ နာရီ ဒိုင်ခွက်မှာ ရေးသားဖော်ပြဖို့ စာလုံး တိုတာက တစ်ကြောင်း ဖြစ်တယ်လို့သိရပါတယ်။ Hans Wilsdorf ဟာ ဈေးနှုန်းသက်သာပြီး အရည်အသွေးမြင့်မားတဲ့ Tudor ဆိုတဲ့နာရီအမှတ်တံဆိပ် တစ်မျိုးကိုလည်း Rolex ကုမ္ပဏီရဲ့ လက်ခွဲအမှတ်တံဆိပ်အဖြစ် ၁၉၄၆ ခုနှစ်မှာ ထုတ်လုပ်ခဲ့ပြန်ပါတယ်။ ၁၉၄၄ ခုနှစ်မှာ ဇနီးသည် Florence Frances May Crotty သေဆုံးပြီးနောက်မှာတော့ Hans Wilsdorf ဟာ နာမည်နဲ့ ဖောင်ဒေးရှင်း တစ်ခု တည်ထောင်ပြီး ပိုင်ဆိုင်မှုရှယ်ယာအကုန်လုံးကို ထည့်ဝင်ခဲ့ပါတယ်။ သူ့နာမည်နဲ့ ဖောင်ဒေးရှင်းဟာ အခုချိန်အထိ ကျန်နေသေးပြီး သူကတော့ အသက် ၇၉ နှစ်အရွယ် ၁၉၆ဝ ပြည့်နှစ်၊ ဇူလိုင် ၆ ရက်မှာ ကွယ်လွယ်ခဲ့ပါတယ်။

Ref: Wikipedia

ကျော်လင်းအောင်
Credit - momolay

No comments:

Post a Comment