Latest News

Friday, June 9, 2017

ရထားလမ်း အဆင့်မြှင့်တင်ခြင်းအတွက် JICA ချေးငွေ ယန်း ၂၇၁ ဒသမ ၆၄ ဘီလီယံ သုံးစွဲမည်

ရထားလမ်း အဆင့်မြှင့်တင်ခြင်းအတွက် JICA ချေးငွေ ယန်း ၂၇၁ ဒသမ ၆၄ ဘီလီယံ သုံးစွဲမည်

ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းအတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA ချေးငွေယန်း ၂၇၁ ဒသမ ၆၄ ဘီလီယံ သုံးစွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရန်ကုန်-တောင်ငူ၊ တောင်ငူ- ရမည်းသင်း၊ တောင်ငူ-မန္တလေး လမ်းပိုင်းဟူ၍ အပိုင်းသုံးပိုင်းခွဲထားပြီး ပထမအဆင့်အနေနှင့် ရန်ကုန်-တောင်ငူ၊ တောင်ငူ-မန္တလေးလမ်းပိုင်းကို စတင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း မြန်မာ့ မီးရထား (အောက်မြန်မာပြည်) ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“JICA က ချေးငွေ ဂျပန်ယမ်း ၂၇၀ ကျော် ဘီလီယံ အသုံးပြုမှာဖြစ်သလို မြန်မာအစိုးရ အနေနဲ့လည်း ကျပ်ငွေ ၄၂၈ ဘီလီယံ အသုံးပြုမှာပါ”ဟု ၎င်းက ဆိုသည်။

ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းကို မြန်မာ့မီးရထားနှင့် JICA တို့ ပူးပေါင်းဆောင်ရွက်ပြီး တောင်ငူ-မန္တလေး ရထားလမ်းပိုင်းအတွက် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း (EIA) လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ သာစည်မြို့နှင့် အမရပူရ (မြစ်ငယ်) တို့တွင် ဇွန်လ ၅ ရက်မှ ၆ ရက်အထိ ဒေသခံများကို ချပြဆွေးနွေးခဲ့သည်။

လုပ်ဆောင်ချက်များအနေနှင့် ရထားလမ်း အဆင့်မြှင့်တင်ခြင်း၊ တံတားများပြုပြင်ခြင်း၊ စက်ခေါင်းမောင်းနှင်ခြင်းအတွက် နည်းပညာနှင့် အဆင့်မီ စက်ကိရိယာများ တပ်ဆင် အသုံးပြုစေခြင်းနှင့် ကုန်တင်ကုန်ချ ပြုလုပ်မည့် ခေတ်မီ စက် ယန္တရားတပ်ဆင်ခြင်းများ ဆောင်ရွက်မည်ဖြစ်သည်။

စီမံကိန်းကာလအနေနှင့် ၂၀၁၈ ခုနှစ်တွင် စတင် အကောင်အထည်ဖော်မည်ဖြစ်ပြီး ၂၀၂၃ ခုနှစ်အထိ ရေရှည်လုပ်ဆောင်ရမည့် စီမံကိန်းအဖြစ် သတ်မှတ်ထားကြောင်း၊ ရန်ကုန်-မန္တလေး ရထားလမ်းမှာ ၃၈၅ ဒသမ ၅ မိုင်ရှည်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

The Voice

No comments:

Post a Comment