Latest News

Monday, June 26, 2017

သရက်ဇုန်စီမံကိန်း အကောင်အထည်ဖော်မှုရှိမရှိ ကော်မတီ စစ်ဆေး

သရက်ဇုန်စီမံကိန်း အကောင်အထည်ဖော်မှုရှိမရှိ ကော်မတီ စစ်ဆေး

အရင်အစိုးရလက်ထက်က ဝန်ကြီးအချို့နဲ့ စီးပွားရေးလုပ်ငန်းရှင်အချို့ ရယူထားတဲ့ နေပြည်တော် အထူးသရက်ဇုန်မှာ စီမံကိန်း အမှန်တကယ်လုပ်ကိုင်ခြင်း ရှိ၊ မရှိကို နေပြည်တော်ကောင်စီနယ်မြေ၊ လယ်မြေယာမြေနဲ့ အခြားမြေများသိမ်းဆည်း ခံရမှုများပြန်လည်စိစစ်ရေးကော်မတီက ဒီကနေ့ စတင်ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။

ကော်မတီအဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် ၁ဝ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့်ဦးက တောင်သူတွေရဲ့ တိုင်ကြားမှုကြောင့် စစ်ဆေးတာလို့ ပြောပါတယ်။

အရင် သစ်တောဝန်ကြီးဟောင်း ဦးဝင်းထွန်း၊ ဒုတိယဝန်ကြီးဟောင်း ဦးအေးမြင့်မောင်တို့ အပါအဝင် လူပုဂ္ဂိုလ် ငါးဦးလုပ်ကိုင်နေတဲ့ သရက်ဇုန်တွေဖြစ်ပါတယ်။

အမှန်တကယ်လုပ်ကိုင်တာမရှိရင် မြေတွေပြန်ပေးဖို့နဲ့ သိမ်းယူစဉ်က လျော်ကြေးပေးတာ နည်းတာတွေရှိသလို လျော်ကြေးလုံးဝမပေးတာတွေရှိကြောင်း တောင်သူ ၉ဝ ကျော်ရဲ့ တိုင်ကြားချက်မှာ ပါရှိတယ်လို့ သိရပါတယ်။

ကွင်းဆင်းစစ်ဆေးချက်အရ ၂ဝ၁၅ နှစ်ဦးမှာ လုပ်ပိုင်ခွင့်ချထားပေးတယ်ဆိုပေမယ့် အမှန်တကယ် ၂ဝ၁၁ ခုနှစ်ခန့်က လုပ်ပိုင်ခွင့်ပေးခဲ့တာဖြစ်နိုင်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက သူ့အမြင်ကို ပြောပါတယ်။

လယ်ယာမြေဥပဒေအရ လေးနှစ်အတွင်း မလုပ်ဆောင်ရင် စီမံကိန်းမြေတွေကို ပြန်လည်သိမ်းဆည်းရမှာ ဖြစ်ပါတယ်။

နေပြည်တော်ကောင်စီနယ်မြေမှာ သစ်တောမြေတွေကို စွန့်လွှတ်ထားတဲ့ မြေဧက ၄၉ဝဝ နီးပါးကို သရက်ပင်တွေ စိုက်ပျိုးဖို့ သရက်ဇုန်အဖြစ် ချထားပေးခဲ့ပြီး အစိုးရဟောင်းလက်ထက်က ဝန်ကြီးတချို့နဲ့ လုပ်ငန်းရှင်တွေက ခွဲဝေယူရာမှာ ပါဝင်တယ်လို့ သိရပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်ကလည်း စီမံကိန်းမလုပ်ဆောင်တဲ့ လယ်ယာမြေတွေကို ပြန်လည်စိစစ်ဖို့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မကြာသေးခင်က ညွှန်ကြားထားပါတယ်။

Photo: Win Ko Ko Latt/RFA

No comments:

Post a Comment