Latest News

Tuesday, June 27, 2017

ဒီဗွီဘီနှင့်ဧရာဝတီသတင်းထောက်ဖမ်းဆီးခံရမှုအပေါ်ပြောဆိုချက်များ

ဒီဗွီဘီနှင့်ဧရာဝတီသတင်းထောက်ဖမ်းဆီးခံရမှုအပေါ်ပြောဆိုချက်များ
 
ကိုပြည့်ဖြိုးအောင်ရဲ့ မိခင် ဒေါ်ခင်ဌေး
“ကျမကတော့ သူရှိနေတဲ့နေရာလေးသိရရင်တော်ပါပြီ။ ယောကျာ်းလေးဆိုတော့လေ။ သူကတော့ လှမ်းပြောပါတယ်။ အမေစိတ်မပူနဲ့ဆိုပြီး ပြောတယ်။ သူက စိတ်မပူနဲ့လို့ပြောပေမယ့် ကိုယ်က စိတ်ပူရတာပေါ့။ ဒါသားလေးကို။ အဆက်အသွယ်ပဲ ရစေချင်တာပေါ့။
သူ ၃ နာရီခွဲ ၄ နာရီလောက်က သူလှမ်းဆက်တယ်။ ဆက်တော့ မေမေ သားတို့ စစ်တပ်ထဲ ရောက်နေတယ်တဲ့။ ထိန်းသိမ်းထားတယ်လို့ မပြောဘူး။ စစ်တပ်ထဲရောက်နေတယ်။ ဒါပေမယ့် အမေစိတ်မပူနဲ့တဲ့။ ကျမကလည်း စစ်တတ်ထဲရောက်နေတယ်ဆိုလို့ သူတို့ ဒီလိုအဖမ်းခံရ လိမ့်မယ်လို့ မထင်ဘူးလေ။ မထင်တော့ အေ မပူပါဘူးသားရယ် သားကောင်းကောင်းမွန်မွန် ဘုရားတရားမြဲလို့ သူ့ကိုလှမ်းပြောလိုက်တယ်။ ပြောပြီးတော့ပဲ နေလိုက်တယ်။ နေတော့ ၄ နာရီခွဲလောက်ကျတော့ နယ်က ယောက္ခမတွေ၊ ယောင်းမတွေက ဖုန်းလှမ်းဆက်တယ်။ ကလေးသတင်းဘာကြားလဲဆိုတော့ ဟဲ့နယ်မှာတော့ သူစစ်တပ်ထဲရောက်နေတယ် ပြောတယ် လို့။ မဟုတ်ဘူးတဲ့ သတင်းထဲမှာ ကြေညာသွားတယ်တဲ့ သူတို့ကို ထိန်းသိမ်းထားတယ်လို့ ပြောတယ်။ အဲဒီခါကျမှ ကိုယ်လည်းဟိုကဖုန်းဆက်၊ ဒီက ဖုန်းဆက် ဖုန်းလှမ်းဆက်ကျတော့မှ သူတို့ကိုဖမ်းထားတယ်ဆိုတာ သိတယ်။”

“သူတို့ကို ရဲစခန်းကိုပို့မယ်လို့တော့ ပြောတယ်။ အခုမပို့သေးဘူး ဘုရားကုန်းပေါ်မှာပဲ ရှိသေးတယ်။ အဲဒါနောက်ဆုံးပဲ။ နောက်ပိုင်းဘာမှ မကြားရတော့ဘူး။ သူ့ကိုအမြန်ဆုံးပဲ ပြန်လာချင်တာပေါ့နော်။ ပြန်မလာ နိုင်ရင်တောင်မှ ရှိတဲ့နေရာလေးသိရင် ကျေနပ်ပါတယ်။ အခုက ဘယ်နေရာရှိမှန်းကို မသိသေးဘူး။”

နမ့်ဆန်မြို့နယ်မှူး ရဲမှူးဇော်မင်း
“ကျနော်လည်းမသိဘူး။ တပ်ကုန်းဘက်က ကျနော်တို့နဲ့ လှမ်းတယ်ခင်ဗျ။ နန့်ဆန်မှာ ရှိလား မရှိလားတော့ တပ်ကုန်းပေါ်မှာကတော့ မသိဘူးဗျ။ ကျနော်တို့ မနေ့က စွဲတယ်ဆိုတာတော့ ကြားတယ်။ ကျနော်တို့ ရဲစခန်းကိုတော့ ရောက်မလာပါဘူးခင်ဗျ။”

တီအန်အယ်အေ TNLA ပြန်ကြားရေးတာဝန်ခံ မိုင်အိုက်ကျော်
“၁၁ နာရီလောက်မှာ အခမ်းအနားကနေ လမ်းခွဲတာပါ။ လိုက်ပို့ပေးတာ မရှိဘူး။ သူတို့ စီးလာတဲ့ကားနဲ့ပဲ ပြန်ထွက်သွားတာပါ။  ကျနော်နဲ့ အတွင်းရေးမှူးနဲ့ အင်တာဗျူးလုပ်တယ်။ စတုတ္ထမဏ္ဍိုင်ကို တပ်မတော်က ထိန်းချုပ်တဲ့ သဘောလို့မြင်တယ်။ ဒါကတခြားအကြောင်းအရာ မပါဘူး။ မူးယစ်ဆေးဝါး ဖျက်ဆီးတဲ့ ပွဲပါ။ ဒေသခံတွေကို မေးမြန်းချက်အရ နမ့်ဆန် မဟာမြတ်မုနိဘုရားမှာ ထိန်းချုပ်ထားတယ်လို့ သိရတယ်။”
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ကလည်း “ (PSLF/TNLA) ၏ မူးယစ်ဆေးဝါးမီးရှို့တိုက်ဖျက်ရေးအခမ်းအနားသို့ လာရောက်သတင်းယူတာာ ဒီဗွီဘီ မီဒီယာ၊ ဧရာဝတီမီယာမှ သတင်းထောက်များသည် သတင်းယူပြီးနောက် အပြန်ခရီးတွင် လိုက်ပို့သော တက္ကစီကားသမားများနှင့်အတူ မြန်မာတပ်မတော်၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံရပြီး ယခုချိန် ပြန်လွတ်မြောက်လာခြင်း မရှိသေးပါ။ ဤကဲ့သို့ သတင်းထောက်များကို ဖမ်းဆီးထိန်းသိမ်းခြင့်ဖြင့် သတင်းမီဒီယာလွတ်လပ်ခွင့်ကို ကန့်သတ်ချုပ်ချယ်သည့် မြန်မာစစ်တပ်၏ လုပ်ရပ်အား PSLF/TNLA မှ ကန့်ကွက်ရှုတ်ချလိုက်ပါကြောင်းနှင့် ၄င်းတို့ အမြန်ဆုံးချွင်းချက်မရှိ လွတ်မြောက်ရန် နိုင်ငံတကာအဖွဲ့အစည်းများ၊ မီဒီယာအေဂျင်စီများ၊ လူ့အခွင့်အရေး အဖွဲ့အစည်းများ၊ ပြည်သူလူ ထုများမှ ၀ိုင်းဝန်းကြိုးပမ်းပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ”

မိုင်နိုင်နိုင်ဦး
“ကျနော်ထင်တယ်။ Nationalwide ဖြစ်တဲ့ ဒီဗွီဘီ သတင်းသမားတွေတောင် အဖမ်းခံရတယ် ဆိုတော့ regional သတင်းသမားတွေကိုတော့ ဂရုမစိုက်လောက်ဘူး။ ဆိုတော့ ကျနော်တို့ တအားကြီး လုံခြုံမှုမရှိတော့ဘူး။ လုံးမမရှိတော့ဘူး။ နေတာထိုင်တာ၊ သွားတာလာတာက အစ သတင်းရေးတာက အဆုံး မြို့ထဲမှာနေတာက အစ လုံခြုံမှု မရှိတော့ဘူးလို့ ကျနော်ခံစားရတယ်။ ဆိုတဲ့အခါကျတော့ ကိုယ့်ဒေသမှာဖြစ်တဲ့အခါကျတော့ ကျနော်တို့မှာလည်း တာဝန်ရှိတယ်။ ၃ ယောက် အဖမ်းခံရတာကအပြင် ၂၄ ရက်နေ့မှာ တိုက်ပွဲဖြစ်တယ်။ မန်လန်းရွာမှာ ရွာသား ၃၀၀ ကျော်အပိတ်ခံရတယ်။ ဘယ်သူမှ သွားကယ်လို့မရဘူး။ သီပေါက တက်လာတဲ့ လူမှု ကယ်ဆယ်ရေးအဖွဲ့တွေလည်း လမ်းမှာ ပိတ်ဆို့ခံရတယ်။ သူတို့လမ်းကြောင်း ပိတ်ခံရတယ်လို့ ကြားတယ်။ ဘယ်သူမှ တက်လာလို့မရဘူး။ ဘယ်သူမှ ဘယ်မှသွားလို့မရတဲ့အခါကျတော့ တော်တော်လေးကို ဆိုးတယ်။ ကျနော့်အနေနဲ့ ဒုက္ခရောက်နေတဲ့သူ ဒီကြားမှာ အိမ်ပြန် မရောက်သေးတဲ့ ကလေးတွေရှိသေးတယ်။ သတင်းသမားတွေရှိသေးတယ်။ အဲဒါတော့ မပြောတော့ပါဘူး။ သူတို့ အတွက်လည်း လုံခြုံအောင်၊ အဖမ်းခံရတဲ့လူတွေလည်း အမြန်ဆုံး လွတ်နိုင်အောင် အပိတ်ခံရတဲ့ ရွာသူရွာသားတွေ အမြန်ဆုံး လွတ်လွတ်လပ်လပ်နေနိုင်အောင် ကျနော့်အနေနဲ့ activity တခုဖြစ်ချင်တယ်။ အခုပဲ။ တခုခုပေါ့ဗျာ။ တမိနစ်ငြိမ်သက်တာလား၊ တခုခုပေါ့ ကျနော့်အနေနဲ့ propose လုပ်တယ်။”

ဦးစိုးမြင့် (မဇ္ဈိမ)
“EAO နဲ့ချိတ်ဆက်ပြီးတော့ ကျနော်တို့ဘာလုပ်သင့်လဲဆိုတော့ ကျနော်တို့ သတင်းသမားတွေက ပဋိပက္ခရှိတဲ့ဒေသတွေ EAO နဲ့ ချိတ်ဆက်ပြီးတော့ သတင်းယူခွင့်ကို သတင်းမီဒီယာကနေ ဒီကနေ လုပ်သင့်တယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်ပိုင်းတွေမှာ ကျနော်တို့ အုပ်စုလိုက် အစကတော့ ပြန်ကြားရေးဝန်ကြီးဌာနက လုပ်တယ်။ အစက မောင်းတောမှာ လုပ်တယ်။ ဒါပေမယ့် အဲဒါက အစိုးရကလုပ်တယ်။ မဟုတ်ဘူး EAO နဲ့ချိတ်ပြီးတော့ သတင်းမီဒီယာအုပ်စုထဲကပဲ အဲဒီဒေသတွေကို သတင်းတွေယူဖို့ လုပ်သင့်တယ်။ လုပ်ခွင့်လည်း ရှိတယ်။ ဘာဖြစ်လို့ဆိုတော့ သူက ဘာကိုပိတ်တာလဲဆိုတော့ သတင်းယူခွင့်ပိတ်တဲ့ဟာကို ပြန်ပြီးတော့ သတင်းယူခွင့်ကိုပဲ ပြန်လုပ်သင့်တယ်လို့ ကျနော်ထင်တယ်။”

နန်းဖောဂေ (ကေအိုင်စီ-ကရင်သတင်းဌာန)
“ကျမတို့ ဒီချိန်မှာတော့ ကွန့်ဖရန့်အားကိုယူပြီးတော့ ကျမတို့မီဒီယာတွေရဲ့ လုံခြုံမှုအတွက်ပေါ့နော် သတင်းသမားတွေရဲ့လုံခြုံမှုအတွက် အကာကွယ်ပြုနိုင်မယ့်အားကို ကျမတို့ တစုံတရာတော့ ပြသဖို့ လိုတယ်။ ဆိုတော့ ဒါ ပြန်ချုပ်ကြည့်မယ်ဆိုရင်တော့ ၁ တချက်က ကျမတို့ အိတ်ဖွင့်ပေး တာ သဘောမျိုးကို တိတိကျကျလုပ်လို့ လိုတယ်ပေါ့နော်။ ဒီကွန့်ဖရန့်အားနဲ့ပေါ့။ ၂ တချက်က စစ်တပ်ကိုလည်း ကျမတို့က တစုံတရာ ဒါမျိုးလေးတွေကို ချိတ်ဆက်ပြီးလုပ်နိုင်အောင်လည်း အခုနက အဖမ်းဆီးခံရတဲ့လူတွေ မမြင်ကွယ်ရာမှာ ဘာဖြစ်နေမှန်းလဲမသိ ဟာကို လူမြင်ကွင်းမှာ၊ တရားရုံးမှာ မြင်သာထင်သာတဲ့ အပိုင်းမျိုးအထိ ကျမတို့ သိုင်းသိုင်းဝန်းဝန်း တောင်းဆိုချင်တယ် ပေါ့နော်။ တဆက်ထဲမှာပဲ ဆက်စပ်ပြီးတော့ တိုင်းရင်းသားမီဒီယာတွေ၊ တိုင်းရင်းသား သတင်းထောက်တွေ ပြည်နယ်နဲ့တိုင်းမှာအခြေစိုက်တဲ့ သတင်းသမားတွေ အတွက်ကို လုံခြုံမှု၊ ကာကွယ်မှု ပေးဖို့အတွက်ကို ကျမတို့ဆက်လက်တောင်ဆိုသင့်တာပေါ့လေ။ ”

ဦးအောင်မျိုးမင်း (ညီမျှခြင်းမြန်မာ ဒါရိုက်တာ)
“ကျနော်တို့ နေ့စဉ်သတင်းစာတွေ ထုတ်ဝေနိုင်တယ်။ အပတ်စဉ်ဂျာနယ်တွေထုတ်ဝေ လာနိုင်တယ်။ ပိုမိုပြီးတော့ကောင်းတဲ့အချက်ကတော့ ဆင်ဆာမရှိတော့ဘူးဆိုတာ ကမ္ဘာမှာ တော်တော်ကြီးကို လက်ခံကြပါတယ်။ မြန်မာနိုင်ငံကို ဖိနှိပ်မှုများတဲ့နိုင်ငံအဆင့်ကနေ ဖိနှိပ်မှု နည်းတဲ့အဆင့်ကို တိုးမြင့်လာကြတယ်။ အရှေ့တောင်အာရှမှာဆိုလို့ရှိရင် သတင်းမီဒီယာနဲ့ ပတ်သက်ရင် လွတ်လပ်ခွင့်လမ်းကြောင်းကို ဦးဆောင်တဲ့နိုင်ငံအဖြစ် အသိအမှတ်ပြု လာတာရှိ ပါတယ်။ ဒါပေမယ့် ၆၆(ဃ) လို ဥပဒေတွေကို အလွဲသုံးစားလုပ်ပြီးတော့ သတင်း မီဒီယာသမားတွေ၊ ရေးသားတဲ့သူတွေ၊ အယ်ဒီတာတွေကို ဖမ်းဆီးမှုရှိလာတဲ့အချိန်က အခုန အရင်က ပြန်လည်ပြီးတိုးတက်လာတဲ့ သတင်းမီဒီယာအဆင့်ကို ပြန်ပြီး ကျသွားစေပါတယ်။ အရှေ့တောင်အာရှမှာ အရင်တုန်းကလိုပဲ ဖိနှိပ်မှုတွေပြန်ဖြစ်နေပြီဆိုတဲ့ အယူအဆလေးတွေ၊ သတ်ချက်တွေ၊ ဝေဖန်မှုတွေဖြစ်တာ တိုင်းပြည်အတွက်မကောင်းပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလမ်းကြောင်းကို ချီတက်နေတဲ့ နိုင်ငံအဖြစ် ပတ်ဝန်းကျင်က လက်ခံတဲ့နေရာမှာ ဒီလိုလုပ်ဆောင်မှုကြောင့် အောင်မြင်မှုတွေမရရှိဘဲနဲ့ ထောက်ပြစရာ၊ တွေဝေစရာ အပစ်ပြောစရာတွေဖြစ်လာခြင်းက ကျနော်တို့ တိုင်းပြည်သွားမယ့် လမ်းကြောင်းကိုလည်း အများကြီးထိခိုက်စေပါတယ်ဗျာ။”

“သတင်းမီဒီယာသမားတွေက သတင်းမီဒီယာရဲ့တာဝန်ကို တာဝန်သိသိ၊သစ္စာရှိရှိနဲပ ထမ်းဆောင်နေသမျှ ကာလပတ်လုံး အရေးယူမှုမရှိသင့်ပါဘူး။ မှန်ဆိုလို့ရှိရင် သတင်းမီဒီယာရဲ့ သတင်းရရှိဖို့အတွက် ပိုမိုပြီးတော့ ကာကွယ်ပေးရမှာဖြစ်ပါတယ်။ အန္တရာယ်ကြားမှာ လုပ်ဆောင်တဲ့ သတင်းသမားတွေရဲ့ တာဝန်ကိုလေးစားသောအားဖြင့် သတင်းမီဒီယာရဲ့ သတင်းပေးမှုအပိုင်းကို လေးစားသောအားဖြင့် အခုနလိုမျိုး ဖမ်းဆီးမယ်ဆိုရင် အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။ မြန်မာနိုင်ငံက သတင်းလွတ်လပ်ခွင့်ကို အားပေးသော နိုင်ငံအဖြစ်ပဲ မြင်စေချင်ပြီးတော့ သတင်းသမားတွေ ဖိနှိပ်တဲ့နိုင်ငံ အဖြစ် မဖြစ်စေချင်တာ ကျနော့်ရဲ့ရင်ထဲက ဆန္ဒဖြစ်တယ်။”

မျိုးဆက်လှိုင်း GW ထုတ်ပြန်ချက်မှာ
“မြန်မာနိုင်ငံ သတင်းမီဒီယာဥပဒေပုဒ် ၇(က)အရ သတင်းထောက်များအနေနဖင့် စစ်ဖြစ်ပွားရာဒေသများ၊ ပဋိပက္ခဖြစ်ပွားရာများသို့ လွတ်လပ်စွာသွားရောက်သတင်း ယူခွင့်ရှိသည်ဟု အတိအလင်းဖော်ပြထားပြီး၊ ၂၀၁၆ ခုတွင် ချမှတ်ခဲ့သည့် ကုလသမဂ္ဂဆုံးဖြတ်ချက်အမှတ် ၁၇၃၇ မှာလည်း ပဋိပက္ခဖြစ်ရာ နေရာများအတွင်း သတင်းထောက်မျာကို အရပ်သားပြည်သူများ နှင့်တန်းတူ ကာကွယ်စောင့်ရှောင်ပေးရမည်ဟုပါရှိထားရာ အဆိုပါသတင်းထောက်များအား ဖမ်းဆီးခြင်းသည် ပြည်တွင်းမှ သတင်းမီဒီယာဥပဒေများနှင့် ဆန့်ကျင်ကွဲလွဲနေကြောင်း တွေ့ရသည်။

ထိုးကြောင့် မြန်မာ့တပ်မတော်နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များမှ သတင်းမီဒီယာသမားများအား ယခုကဲ့သို့ ဖမ်းဆီးအရေးယူခြင်းကို ကန့်ကွက်ကြောင်းကြေညာပီး ဖမ်းဆိးခံသတင်းသမားများ အား အမြန်ဆုံး ပြန်လွှတ်ပေးရန် လေးနက်စွာတိုက်တွန်းလိုက်သည်။”

ဒီဗွီဘီနှင့် ဧရာဝတီသတင်းထောက်များ ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီးတော့လည်း မြန်မာနိုင်ငံ သတင်း စာဆရာများအသင်းက အခုလို သတင်းထုတ်ပြန်ထားပါတယ်။

“သတင်းမီဒီယာ ဥပဒေအခန်း ၃ ‘သတင်းမီဒီယာသမားများ၏ရပိုင်ခွင့်’ နည်းဥပဒေအရ မည်သည့် သတင်းသမားမဆို စစ်မက်ဖြစ်ပွားရာဒေသ၊ အရေးအခင်း၊ အဓိကရုဏ်း၊ အများပြည်သူ ဆန္ဒပြရာ နေရာဒေသတို့၌ သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းက သတ်မှတ်ထားသော စည်းကမ်းများနှင့် အညီ သတင်းယူစဉ်တွင် – (က) လုံခြုံရေးဆိုင်ရာအဖွဲ့အစည်း တရပ်ရပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်း၊ သတင်းမှတ်တမ်းစသည့် သတင်းရယူခြင်းနှင့်ဆိုင်သော ကိရိယာများကို သိမ်းယူခံရခြင်းနှင့် ဖျက်ဆီးခံရခြင်းတို့မှ ကင်းလွတ်စေရမည်ဟု ပြဆိုထားပါသည်။
ထို့ကြောင့် တပ်မတော်က စစ်ဆေးမြေးမြန်ရန် ဖမ်းဆီးထားသော ဒီဗွီဘီသတင်းဌာနမှ သတင်းထောက်နှစ်ဦးနှင့် ဧရာဝတီသတင်းဌာနမှ သတင်းထောက်တဦးတို့ လွတ်မြောက်ရေး သက်ဆိုင်ရာမှ အမြန်ဆုံးကူညီဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ကြေညာ အပ်ပါသည်။ ”

သတင်းထောက်များဖမ်းဆီးခံရခြင်းနဲ့ပတ်သက်ပြီး အမေရိကန်သံရုံးရဲ့ကြေညာချက်
“ဧရာဝတီသတင်းဌာနမှ သတင်းထောက် ဦးသိန်းဇော်နှင့် ဒီဗွီဘီသတင်းဌာနမှ သတင်းထောက် ဦးအေးနိုင်နှင့် ဦးပြည့်ဘုန်းနိုင်တို့ကို တပ်မတော်က ဖမ်းဆီးခြင်းနှင့်ပတ်သက်၍၊ အထူးသဖြင့် အခြားသောသတင်းထောက်များ မကြာသေးမီက ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ မိမိတို့ စိုးရိမ်မကင်း ဖြစ်မိပါသည်။ မြန်မာနိုင်ငံ၏အောင်မြင်မှုအတွက် သတင်းလွတ်လပ်ခွင့်က မုချ လိုအပ်သော အရာတစ်ခုဖြစ်သည့်အတွက် သတင်းထောက်များကလည်း၎င်းတို့၏ တာဝန်များကို ထမ်းရွက်နိုင်ရန် လိုအပ်ပါသည်။”

DVB

No comments:

Post a Comment