စင်ကာပူမှာ တရားမ၀င် မြန်မာအိမ်အကူ လေးသောင်းခန့်ရှိ
ပြည်ပနိုင်ငံတွေကို မြန်မာအိမ်အကူလုပ်သား စေလွှတ်ခွင့်မရှိပေမယ့် စင်ကာပူတစ်နိုင်ငံတည်းမှာပဲ တရားမ၀င်သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာအိမ်အကူ လေးသောင်းခန့်ရှိနေကြောင်း မြန်မာ ပြည်ပ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ အဖွဲ့ချုပ် (MOEAF) မှ သိရတယ်လို့ News Watch ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။
လေကြောင်းလိုင်းတစ်ခုနဲ့သာ သွားရောက်နိုင်တဲ့ စင်ကာပူနိုင်ငံသို့ မြန်မာအိမ်အကူလုပ်သားတွေ ရောက်ရှိနေခြင်းဟာ ဗီဇာထုတ်ပေးတဲ့ လ၀ကနဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်တာဝန်ရှိသူတွေရဲ့ လွဲမှားတဲ့ ဆောင်ရွက်မှုတွေကြောင့်သာဖြစ်ကြောင်း MOEAF အထွေထွေ အတွင်းရေးမှူး ဦးကျော်ထင်ကျော်က ပြောထားတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
''စင်ကာပူက အလုပ်သမားအဖွဲ့အစည်းတွေဆီကသိရတာ မြန်မာအိမ်အကူလေးသောင်းလောက် ဟိုမှာရှိနေ တယ်၊ စင်ကာပူက အောက်လမ်းက သွားလို့ရတာလည်း မဟုတ်ဘူး၊ ဒီကနေ အလည်ဗီဇာဆိုပြီးသွားတယ်၊ ဟိုမှာ အလုပ်လုပ်နေတယ်၊ အသက် ၁၅ နှစ်လောက်ကို ဗီဇာထုတ်ပေးတာ လ၀ကပဲ၊ ဒီလူတွေသွားတော့မယ်ဆို အလည်အပတ်ဗီဇာကိုင်လာတယ်၊ ဘာလုပ်ဖို့သွားမှာလဲ၊ ရှော့ပင်လား၊ ဒီပုံစံတွေက စင်ကာပူကို ရှော့ပင်ထွက်နိုင်လား၊ လေဆိပ်က လုံခြုံရေးတွေ၊ ၀န်ထမ်းတွေက မသိဘူးလား၊ သေချာမစစ်ဆေးဘူးလား၊ ဘာလို့ရောက်နေတာလဲ'' လို့ ဝေဖန်ပြောကြားထားတာ ဖြစ်ပါတယ်။
ဇွန်လ ၇ ရက်က မြန်မာပြည်ပ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများအဖွဲ့ချုပ် (MOEAF) က အမျိုးသားလွှတ်တော်၊ ပြည်တွင်းပြည်ပအလုပ်သမားရေးရာ ကော်မတီနဲ့တွေ့ဆုံစဉ်မှာ အဆိုပါကိစ္စကို လိုအပ်သလို ဆောင်ရွက်ပေးဖို့ တင်ပြခဲ့ပြီး ယခင်ကလည်း အလုပ်သမားဝန်ကြီးဌာနသို့ တင်ပြမှုတွေရှိကြောင်း ဦးကျော်ထင်ကျော်က ပြောကြားထားတာ ဖြစ်ပါတယ်။
Source: News Watch, နောင်နောင်
Photos : The Straits Times
Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment